မုန့်ဖုတ်ဆိုဒါရဲ့ ဘက်စုံအသုံးဝင်ပုံများ
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက မုန့်ဖုတ်ဆိုဒါကို မုန့်ဖုတ်တဲ့အခါ မုန့်သားပွအောင် အသုံးပြုကြပါတယ်။ ဒါ့အပြင် မုန့်ဖုတ်ဆိုဒါကို မုန့်ဖုတ်တဲ့နေရာမှာပဲ သုံးတယ်လို့ လူအများစုက သိထားကြပါတယ်။ ဒါပေမယ့် မုန့်ဖုတ်ဆိုဒါဟာ ဒီလို တစ်နေရာတည်းမှာပဲ အသုံးပြုလို့ရတဲ့ ပစ္စည်း မဟုတ်ပါဘူး။ မုန့်ဖုတ်ဆိုဒါကို ဘက်စုံအသုံးပြုလို့ရပြီး အိမ်တွင်းလက်စွဲပစ္စည်းတစ်ခုလို့တောင် ပြောလို့ရပါတယ်။ သူ့ကို ဘယ်လိုနေရာတွေမှာ အသုံးပြုလို့ရလဲဆိုတာ ကြည့်လိုက်ရအောင်။
မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်းတစ်ဇွန်းကို ရေတစ်ခွက်နဲ့ ရောပြီး သမအောင် မွှေပါ။ မွှေပြီး ရလာတဲ့ရေကို ပလုပ်ကျင်းပေးပါ။ ဒါဆိုရင်တော့ ခံတွင်းနံ့ဆိုးတာတွေ ယူပစ်သလို ပျောက်သွားမှာပါ။
ချိုင်းချွေးနံ့ ထွက်တာကို ပျောက်ချင်ရင် မုန့်ဖုတ်ဆိုဒါကို ပေါင်ဒါမုန့်အနေနဲ့ အသုံးပြုပြီး ချိုင်းမှာ လိမ်းပေးနိုင်ပါတယ်။ ချွေးနံ့တွေ ၊ အနံ့ဆိုးတွေ ပျောက်သွားတာကို သတိထားမိမှာပါ။
ပိုးမွှားတွေ အကိုက်ခံရလို့ ယားယံနေတယ်ဆိုရင် မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းကို ရေနဲ့ ရောပြီး ယားတဲ့နေရာမှာ လိမ်းပေးပါ။ ၅ မိနစ် ၊ ၁၀ မိနစ်ခန့် ထားပြီး ရေချိုးလိုက်ရင် အယားသက်သာသွားပါလိမ့်မယ်။
ကမ်းခြေသွားလို့ပဲဖြစ်ဖြစ် ၊ ခရီးသွားလို့ပဲဖြစ်ဖြစ် နေလောင်တဲ့အခါ မုန့်ဖုတ်ဆိုဒါကို သုံးပြီး ကုသလို့ ရပါတယ်။ မုန့်ဖုတ်ဆိုဒါဟာ အေးတဲ့သဘာဝ ရှိတာကြောင့် နေလောင်ဒဏ်ကြောင့် ဖြစ်တဲ့ အသားစပ်ဖျင်းဖျင်း ဖြစ်မှုကို ပြေလျော့စေပါတယ်။ ရေအေး နဲ့ မုန့်ဖုတ်ဆိုဒါနဲ့ ရောထားတဲ့ ဇလုံထဲကို မျက်နှာသုတ်ပုဝါထည့်ပြီး နေလောင်တဲ့နေရာကို မျက်နှာသုတ်ပုဝါနဲ့ ဖိပေးပါ။
အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားချင်ရင်လည်း မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ တစ်ပတ် တစ်ခါခန့် အရေပြားမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးခြင်းဖြင့် ဆဲလ်သစ်တွေ ဖြစ်ပေါ်ဖို့ လှုံ့ဆော်ပေးပါတယ်။ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်း နဲ့ ရေ သို့မဟုတ် နွားနို့ကို ရောစပ်ပြီး အရေပြားမှာ ပွတ်တိုက်ပေးပါ။ မျက်နှာက သိသိသာသာ ကြည်လင်လာတာကို တွေ့ရမှာပါ။
တစ်နေကုန် လှုပ်ရှားသွားလာတဲ့အခါ သင့်ရဲ့ ခြေဖဝါးဟာ အညောင်းအညာမိတာတွေ ရှိတတ်ပါတယ်။ ဒါဆိုရင် ရေနွေး နဲ့ မုန့်ဖုတ်ဆိုဒါကို ရောပြီး မိနစ် ၃၀ ခန့် ခြေထောက်ကို စိမ်ပေးပါ။ ခြေဖဝါး သန့်သွားတဲ့အပြင် အနံ့ထွက်တာတွေပါ ပျောက်သွားတာကို တွေ့ရမှာပါ။ ခြေထောက်ကို စိမ်ပြီးရင် လိုးရှင်းတစ်ခုခု လိမ်းပေးဖို့တော့ လိုပါတယ်။
ဝက်ခြံပေါက်တတ်တဲ့သူတွေ မုန့်ဖုတ်ဆိုဒါကို Mask အနေနဲ့ အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ နဲ့ ရေနွေးကို ရောပြီး အနှစ်ဖြစ်အောင် လုပ်ပါ။ ရလာတဲ့အနှစ်ကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၀ မိနစ်ခန့် ထားပါ။ ပြီးရင် ရေဆေးချရုံပါပဲ။
ရေချိုးခန်း နဲ့ အိမ်သာတွေ ညစ်ပတ်နေရင် ဆပ်ပြာရည်သီးသန့် ဝယ်စရာ မလိုပါဘူး။ မုန့်ဖုတ်ဆိုဒါကို ညစ်ပတ်နေတဲ့နေရာမှာ အနည်းငယ် ဖြူးပြီး Brush နဲ့ ပွတ်တိုက်ပေးပါ။ သင့်ရဲ့ ရေချိုးခန်း နဲ့ အိမ်သာက သန့်ရှင်းသွားတာကို တွေ့မြင်ရမှာပါ။
မုန့်ဖုတ်ဆိုဒါကို မီးသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အိမ်မှာ ဟင်းချက်နေရင်း အသေးစား မီးလောင်တာတွေ ရှိဖူးမှာပါ။ ဒီလို ဖြစ်ရင် မုန့်ဖုတ်ဆိုဒါကို မီးလောင်တဲ့နေရာမှာ ဖြန်းလိုက်ရင် မီးငြိမ်းသွားပါလိမ့်မယ်။ မီးလောင်မှု အကြီးကြီး ဖြစ်တာထက် ဆိုဒါမှုန့်တွေ ပြန့်ကျဲသွားတာကို သန့်ရှင်းရေး လုပ်ရတာက ပိုကောင်းပါတယ်။
အဝတ်အစားမှာ အစွန်းအထင်းတွေ ပေရင် မုန့်ဖုတ်ဆိုဒါ တစ်ဇွန်း နဲ့ ဆပ်ပြာမှုန့်ကို ရောပြီး အဝတ်ကို လျှော်လိုက်ပါ။ အစွန်းအထင်းမှန်သမျှ အဝေးကို ပြေးကုန်ပါလိမ့်မယ်။
လတ်လတ်ဆတ်ဆတ် ဝယ်လာတဲ့ ဟင်းသီးဟင်းရွက် နဲ့ အသီးအနှံတွေမှာ ဘက်တီးရီးယားတွေ ရှိတတ်ပါတယ်။ ဒီဘက်တီးရီးယားကို မုန့်ဖုတ်ဆိုဒါနဲ့ ဖယ်ရှားနိုင်ပါတယ်။ ဇလုံတစ်လုံမှာ ရေထည့်ပြီး ဟင်းသီးဟင်းရွက် ၊ အသီးအနှံတွေကို ဆေးကြောပါ။ မုန့်ဖုတ်ဆိုဒါ နှစ်ဇွန်းကို ဇလုံထဲ ထည့်ပြီး ထပ်မံ ဆေးကြောလိုက်ရင်တော့ ဘက်တီးရီးယားတွေ မရှိတော့ပါဘူး။
yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com
Subscribe to:
Post Comments (Atom)

No comments:
Write comments