အိပ်ချင်မူးမူးထဲ စိတ်ကူးမှုန်မှုန် လေး။ စိတ်မှုန်မှုန်လေးမှ တကယ့်မှုန်မှုန်လေး။ ဟိုးအဝေးကို လွင့်ပြေးသွားသ လိုပဲ။ဒါပေမဲ့လွင့်ပြေးမသွား သလိုပဲ။အိပ်မက်တွေ ဝင်လာပုံက ခြေဖွလွန်းတယ်။ ပြီးတော့ အိပ်မက်က နံပါတ်တွေနဲ့။ အခုပြောမှာ အိပ်မက်နံပါတ် (တစ်)။ အိပ်မက်(တစ်)ထဲမှာ.. သူမ။ သူမက မျက်နှာပေါ်မှာ အကြင်နာမျက်နှာလေး လုပ်ထားတယ်။ မျက်နှာမအားအောင်ကို အချိန်ပြည့်လုပ် ထားတာ။ ဒါပေမဲ့ သူမစိတ်နုဖတ်လွန်း..။ သစ်ရွက် ကြွေရင်.. သူမ ငိုချင်သတဲ့။ ပန်းတွေ ပွင့်တဲ့အသံကိုလည်း သူမ နားမခံနိုင်ဘူးတဲ့။ ကျွန်တော်ကတော့ သူမအနီးကို ဘယ်ပန်းမှ အပွင့်မခံဘူး။
ဒါပေမဲ့ တစ်ရက်မှာတော့ ကျွန်တော်က သူမကို မောင်ဒေါင်းရဲ့ “တစ်တောလုံး ကြွေ” ဖတ်ခိုင်းလိုက်မိတယ်။ အဲဒီကတည်းက သူမ အိပ်မက်ထဲက ထွက်ပြေးသွားလိုက်တယ်။ ပြန်မလာတော့။ ကျွန်တော်သည် အိပ်မက်ထဲတွေ့ခဲ့သူကို အပြင်မှာ စောင့်လောက်ေ အာင် မရူး။ အိပ်မက်ထဲမှာပဲ သူမ ကိုထိုင်စောင့်မိ။ ဒီကြားမှာ အိပ်မက်နံပါတ်တွေ တော်တော်များခဲ့ပြီ။ သူမ အိပ်မက် မကြုံဘူးလား။ အိပ် မက်တွေ ကျော်လှပြီ။ အခုတော့ အိပ်မက်မပြောနဲ့ “စိတ်ကူး” ထဲတောင် သူမ ဝင်မလာ။ ကျွန်တော့်အမှားပင်။ သစ် ရွက်ကြွေ ရင်..ငိုတတ်သူမှ ကျွန်တော်က “တစ်တောလုံြးေ<ွက” ဖတ်ခိုင်းလိုက်မိတယ်။
ပြောရဦးမယ်။ ထင်းခွေမကြုံ ရေခပ်ကြုံဆိုသလို တစ်ရက်မှာ သူမ အဖို့ စိတ်ကူးမကြုံ အိပ်မက်ကြုံခဲ့တယ်။ အိပ်မက်ကြုံနဲ့ ပါလာပေမယ့် ကျွန်တော်က သူမ အိပ်မက်ကို အစဉ်မလာမရှိဘဲ အိပ်မက် နံပါတ်(နှစ်)အဖြစ် ကျွန်တော်သတ်မှတ်ပေးလိုက်ပါတယ်။ အိပ်မက်(နှစ်) အစပိုင်းရှိသေး။ ဟော..ကျွန်တော့်ကို သူမအထင် သေးပြီ..လို့ ယူဆပြီး ကျွန်တော် စိတ်မကောင်းဖြစ်သွားတယ်။ သူမ တော့သူမ။ ဒါပေမဲ့ အိပ်မက်(တစ်) ထဲက မျက်နှာမဟုတ်တော့။ အကြင် နာမျက်နှာလေးကို သူမမျက်နှာက “မေ့” သွားပြီနဲ့ တူရဲ့။ ခု သူ့မျက်နှာက ပန်းပွင့်ပွင့်သံမပြောနဲ့။ သစ်ရွက်ကြွေရင် မျက်ရည်ကျသူက သစ်ပင်ကျိုးတောင် မမှုတော့ဘူးဆိုတဲ့ မျက်နှာ။ သူမဟာ ညှို့မျက်နှာ တစ် ဝက်နဲ့ ရမ္မက်မလေးကိုဖြစ်လို့ပါ။
သူမ နှုတ်ခမ်းက သကြားလုံး၊
ချိုမယ်ဆိုတာ ကျွန်တော်သိပါတယ်။
ကျွန်တော့်ကို သိုင်းဖက်မယ့်
သူမရဲ့ အရိုင်းလက်တွေ
သံချေးတက်တော့မယ်ဆိုတာလည်း ကျွန်တော်သိပါတယ်။
ဒါကြောင့် အိပ်မက် အမှတ်(နှစ်) ကို ကျွန်တော့်ဘက်ကပဲ စတင်ဖျက်သိမ်းလိုက်ပါတယ်။ ကမ္ဘာမြေပေါ်မှာ ရိုးသားမှုအတွက် နေရာသိပ် မကျန်တော့ဘူးလား။ နောက်ဆုံးတော့ သူမသည် ကျွန်တော့်ကို ရန်ငြိုးထားခဲ့လေပြီ။ သူမဟာ အိပ်မက်အမှတ်(သုံး) သံ ထည်တွေနဲ့ တည်ဆောက်လိုက် တော့တယ်။ သံနဲ့လုပ်တဲ့အိပ်မက်ဆို တော့ အိပ်မက်စဖွင့်ကတည်းက အပေါစား ပြဇာတ်တစ်ပုဒ်ကို မီးခိုး လုံးကြီး တစ်လုံးဝုန်းခနဲထပြီး သူမ အိပ်မက်စဝင်လာတယ်။
” သယ်..အပလီတွင် ခေါင်ကျူးတဲ့
ဘီလူးမင်းနှမ ဝင်္ကိယတဲ့ဟေ့ “
ကျွန်တော့်ခန္ဓာကိုယ်ထဲက သွေးတွေအကုန် “ဖျား” ကုန်ပြီဗျာ။ သွေးတိုင်း အေးစက်သွားပြီလားမသိ။ ကျွန်တော် ကျောက်ရုပ်။ သူမက ဆက်ပြီး…”တစ်ဖန်ချင့်လှိုင်း၊ ဥာဏ်တော်နှင့် နှိုင်းခဲ့လျှင် တိုင်းယက္ခပန်စ၊ မောင်ကြီးဘုရားနှင်းဆီ အပလီအခရာပိုဆန်းသမျှ တက္ကသိုလ်” ဒုက္ခပါပဲ။ ဘီလူးမ သူ့ကိုယ်သူ ဖွဲ့နွဲ့နေတာများ။ ကျွန်တော်ဘယ် နားသွားနေရမှန်းမသိ။ သူမပြောတဲ့ ဆန်းသမျှ တက္ကသိုလ် ကလည်း၊ တကယ်ပဲ ဆန်းသမျှ တက္ကသိုလ်ပါပဲ။ သူ့တက္ကသိုလ် ဆန်းပုံကလည်း… ” ဆန်းသမျှ တက္ကသိုလ်ယဉ်ဆိုမနောဓာတ်၊ ဒူးကိုပင် ဖြတ်ဝံ့ငဲ့ လပ်စေတော့ ကာလသား၊ ကျွန်မနှင့် ညားရလျှင် ငါးဆုပ်သစ်မှ၊ သက်ရှိကောင်လို ထောင် ၍ထရမည်၊ထားကြရော့ သတိ ဓာတ်ကြော ကိုမသိ၍၊ပေါင်းမိ လျှင်ကျွန်ဖြစ်တစ်မြို့ လုံးစုံးစုံးနစ်ရမည်” ဒီနေရာအရောက် ကျွန် တော် ကြက်သီးဖြန်းဖြန်းထပြီး “ဆိုင်းဆရာရေ ဒီကောင်မ ပြန်ဖို့၊ ယဉ်ရစ်တံပွေလိုက်ပါဦး” လို့ အော်လိုက်မိ။ ဒါပေမဲ့ အိပ်မက်အပြင်က လူတွေအဖို့ ကျွန်တော့် အသံမှ ယဉ်ရစ်တံတွေ ဘာတွေ ဘာမှမပွေ။ ဝူးဝူးဝါးဝါးအသံ ကြီးသာထွက်သွားတယ်။ ကျွန်တော်လည်း ဝါးပက်လက် ကုလားထိုင်လေးပေါ် အိပ်ပျော်နေရာက ရုတ်တရက် လန့်နိုးသွား။ ကျွန်တော် ရင်ဘတ်ပေါ်မှာ ဦးကြင်ဥရဲ့ ဒေဝကုမ္ဘန်ပြဇာတ် စာအုပ်..။ ။
ကိုငြိမ်း(မန္တလေး)
Credit; Popular မှကူးယူဖော်ပြသည်။
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ
ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame
Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း
ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍
အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media
ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Write comments