လူရယ်လို့ ဖြစ်လာလျှင် အဖွဲ့အစည်း၊
အသိုင်းအဝိုင်းနှင့် ဝန်းကျင်တစ်ခုရှိတတ်သည်။ ဝန်းကျင်မရှိလျှင်တောင်
မိမိတစ်ကိုယ်တည်း၌ လက်နှစ်ဖက်၊ မျက်လုံးနှစ်လုံး၊ နှာခေါင်းနှစ်ပေါက်
ရှိနေသည်။ ထိုအရာများပင်လျှင် မိမိခန္ဓာကိုယ်တွင် တူညီပါရဲ့လား ကြည့်တတ်၊
မြင်တတ်ရန်လိုသည်။
ထို့အတူခေါင်းဆောင်တစ်ဦးဖြစ်လာလျှင်
နှစ်ဖက်ကြည့်တတ်ရန်လိုသည်။ မိမိတစ်ဖက်တည်း ကိုသာ ကြည့်တတ်၊ မြင်တတ်၍မရပေ။
ခေါင်းဆောင်ကောင်း၍ နောက်လိုက်ကောင်းသလို
နောက်လိုက်ကောင်းမရှိပြန်လျှင်လည်း ခေါင်းဆောင်ကောင်းမည်မဟုတ်ပေ။
တစ်ဦးနှင့် တစ်ဦး အမှီသဟဲဖြစ်နေသည်။
ကမ္ဘာ့သန်းကြွယ်သူဌေးကြီး
ဝါရင်းဘတ်ဖက်တွင် ကုမ္ပဏီပေါင်းများစွာရှိပြီး ဝန်ထမ်းများလည်း
သိန်းချီရှိသည်။ သို့သော် ထိုဝန်ထမ်းတို့အပေါ်၌
လုပ်ပိုင်ခွင့်အပြည့်အဝပေးထားသည်။ ၎င်းဝန်ထမ်းတို့ စိတ်ကူးဥာဏ်ရှိသလောက်
ဈေးကွက်ကို ထိုးဖောက်စေသည်။
တစ်ခါ ပြည်နယ်ကုမ္ပဏီတစ်ခုက မန်နေဂျာက
ဝါရင်းဘတ်ဖက်ကို အခြားကုမ္ပဏီနှင့် ဈေးကွက်ယှဉ်လုရာမှာ မိမိတို့ ကုမ္ပဏီက
ဘယ်လို စီမံချက်ဖြင့် လုပ်ဆောင်မည်ဟု တင်ပြလာ သည်ကို
“ခင်ဗျားကုမ္ပဏီလေ….ခင်ဗျားစိတ်ကူးနဲ့ခင်ဗျားပဲ” ဟု ပြောဆိုပြီး
ဆောင်ရွက်ခိုင်းတာကို ကျွန်တော်ဖတ်ဖူးသည်။
ထိုသို့ ပြောလိုက်ခြင်းသည်
မိမိပိုင်ဆိုင်သော လုပ်ငန်းကို မျက်နှာလွဲခဲပစ်လုပ်ခြင်း မဟုတ်ပေ။ ဝန်ထမ်း၏
စိတ်အတွင်းတွင် “ငါ့ကုမ္ပဏီ….။ ငါလုပ်မှ ဖြစ်မယ်…။” ဆိုသည့်
ဦးဆောင်ဦးရွက်ပြုပြီး တာဝန်ခံမှုအပြည့်ဖြင့် တိုးတက်ချင်လာအောင်
နှိုးဆွပေးလိုက်ခြင်းဖြစ်သည်။ “ဒီလိုလုပ်ပါ…. ဟိုလို လုပ်ပါ” ဟု
ဝင်ရောက်ပြောဆိုနေလျှင် အမိန့်ပေးစီးပွားရေးသာ ဖြစ်သွားပြီး
ဈေးကွက်စီးပွားရေးဖက် ဦးတည်နိုင်မည်မဟုတ်သလို ထိုးဖောက်လာမည်လည်း
မဟုတ်ပေ။
သူ့နေရာနှင့်သူ
လူဆိုသည်မှာ ကိုယ့်နေရာ
ကိုယ်သိကြသည်။ မိမိစွမ်းဆောင်ရည်ဘယ်လောက်ရှိသည်ကို
မိမိသာလျှင်အသိဆုံးဖြစ်သည်။ တစ်ခါက HR မန်နေဂျာတစ်ယောက် စိတ်ပျက်လက်ပျက်
စကားဆို သည်။ MD က HR Rule များကို နားမလည်း၍လား။ ဘာကြောင့်မှန်း မသိဘဲ
သူ့တင်ပြချက်များကို ပယ်ချသည်ဟုဆိုသည်။ ဝန်ထမ်းတစ်ယောက်ကို ပေးသင့်သည့်
အခွင့်အရေး မပေးဘဲ ကုမ္ပဏီအသာရမှုတစ်ခုအတွက်သာ ကြည့်ထားသည်ဟု ဆိုလာသည်။
ထိုသို့လုပ်ချင်လျှင် အဘယ်ကြောင့် HR မန်နေဂျာခန့်ထားသနည်း။ HR ဆိုသော
သဘောသဘာဝသည် ဝန်ထမ်းတို့၏ လုပ်ဆောင်ချက်ကို မှတ်တမ်းကြည့်ပြီး လစာတိုးသင့် /
မတိုးသင့်၊ အပိုဆုကြေးပေးသင့် / မပေးသင့်၊ အလုပ်ထုတ်သင့် /
မထုတ်သင့်တို့ကို စောင့်ကြည့်ပြီး MD ထံသို့ အစီရင်ခံစာတင်ရသည်သာဖြစ်သည်။
MD က HR အလုပ်ကို ဝင်ရောက်စွက်ဖက်နေလျှင် အဆိုပါလုပ်ရပ်သည်
သူ့နေရာသူမနေသောလုပ်ရပ်ဖြစ်နေပြီး လုပ်ပိုင်ခွင့်ကို
လွှမ်းမိုးခြယ်လှယ်ခြင်း ဖြစ်သည်။ ပြောစရာရှိသည်။ အထက်လူကြီးမို့
ဝင်ရောက်ရသည်ဟု ပြော၍ ရသည်။ လုပ်၍ မရ မဟုတ်၊ ရသည်။ သို့သော် အနေအထားသိရမည်။
အစီရင်ခံစာဖတ်၍ ဘယ်လိုကြောင့် ဖြစ်သည်။ ဘာကြောင့်ဖြစ်သည်ဆိုသော ကဏ္ဍများတွင်
စွက်ဖက်ခွင့်ရှိသော်လည်း ယုံကြည်၍ အပ်နှံထားသော ကဏ္ဍရပ်တစ်ခုတွင်
ဝင်ရောက်စွက်ဖက်ခြင်းသည် သူ့နေရာ သူမသိသလို ကလေးဆန်သော
လုပ်ရပ်လည်းဖြစ်ပေသည်။
အလုပ်လုပ်ပေးချင်သော ဝန်ထမ်း
တစ်ခါက
ကုမ္ပဏီတစ်ခု၏ ဝန်ထမ်းစကားဝိုင်းတွင် ၂၀၁၆ ခုနှစ် ကုမ္ပဏီဝင်ငွေ
ရည်မှန်းချက်နှင့် ပတ်သက်ပြီး မည်မျှရအောင်လုပ်ဆောင်မည်နည်းဟု MD က
ဝန်ထမ်းတို့ကို မေးသည်။ ဝန်ထမ်းတို့ နှုတ်ဆိတ်နေသည်။ ဤအချက်သည်
ကုမ္ပဏီအလားအလာသိပ်မကောင်းဟု ခန့်မှန်း၍ရသည်။
မြန်မာနိုင်ငံတွင်
ဦးတေဇ၊ ဦးအောင်ကိုဝင်းတို့ကို ခရိုနီဟု ပြည်သူများစွပ်စွဲကြသည်။ သို့သော်
၎င်းတို့ ကုမ္ပဏီများတွင် လုပ်ကိုင်နေသော ဝန်ထမ်းတို့သည် ဦးတေဇ မကောင်းပါ။
ဦးအောင်ကိုဝင်း မကောင်းပါဟု ပြောသံကို ကျွန်တော် မကြားမိချေ။
အဘယ်ကြောင့်နည်း။ ဝန်ထမ်းကို အလုပ်လုပ်ချင်စိတ်ပေါ်လာအောင်ထားသည်။
အလုပ်နှင့် ကိုယ်ကျိုးယှဉ်တွဲလာလျှင် အလုပ်ကို ဦးစားပေးအောင်
ဆွဲဆောင်ထားသည်။ ဒေါက်တာနေဇင်လတ် ၏ စာတစ်ပုဒ်ဖတ်ဖူးသည်။ ရိုးသားသော
ဝန်ထမ်းကို မြဲစေဖို့ သူ့အတွက့်ပြည့်စုံအောင်ထားပေးသည်။
စားဝတ်နေရေး
ပြည့်စုံနေသော ဝန်ထမ်းသည် သူဌေးထံမှ ပစ္စည်း မခိုးသလို။
ငွေကြေးအလွဲသုံးစားပြုမည်ကိုလည်း မစိုးရိမ်ရပေ။ မြန်မာနိုင်ငံတွင်
မည်သည့်ဝန်ထမ်းက မည်သည့် သူဌေးဆီမှ ငွေဘယ်လောက်လိမ်သွားပါသည်ဆိုသော
သတင်းများသည် ဝန်ထမ်းအလွန်ဟု ဆိုကောင်းဆိုပေလိမ့်မည်။ သို့သော်
အဆိုပါသူဌေး၏ ဘက်မမျှမှုများကိုလည်း သိထားရန်လိုသည်။
ဝန်ထမ်းတစ်ဦးထံမှရသော တစ်နာရီလုပ်အားခသည် သူဌေးတစ်ဦးအနေဖြင့်
ပေးလိုက်ရသော ငွေတစ်သောင်းထက် တန်ဖိုးရှိနေသည်။ လုပ်အားနှင့် လုပ်အားခသည်
ချိန်ထိုး၍ မရသော အရာများဖြစ်ပေသည်။ ထို့ကြောင့် အလုပ်လုပ်ပေးချင်သော
ဝန်ထမ်းကို မွေးမလား။ အလုပ်ဖြစ်ရုံ ဝန်ထမ်းကို မွေးမလားဆိုသည်မှာ ၂၁ ရာစု၏
စီးပွားရေးလောကတွင်းက စိန်ခေါ်မှုများဖြစ်နေသည်။
တစ်ဖက်ပိတ် ခေါင်းဆောင်
အထက်၌ ကျွန်တော်ဆိုခဲ့သည် ကုမ္ပဏီ ဘတ်ဂျက် မျှော်မှန်းချက်နှင့်ပတ်သက်ပြီး
ဝန်ထမ်းများ နှုတ်ဆိတ်နေခြင်သည် အဆိုပါ MD ၏
တစ်ဖက်ပိတ်ဝါဒများကြောင့်ဖြစ်ဟန်တူသည်။ ခေါင်းဆောင် တစ်ဦး ဖြစ်လာလျှင်
မိမိအကျိုးစီးပွားတစ်ဖက်တည်းကို ကြည့်၍ မရချေ။
ဝန်ထမ်းနှင့် မိမိကြားက
အကျိုး စီးပွားကို ကြည့်တတ်ရန်လိုသည်။ ထိုသို့ မဟုတ်ဘဲ ဝန်ထမ်း တို့၏
အခွင့်အရေးကို လစ်လျူရှု့ထားလျှင် ကုမ္ပဏီ၏ အခြေအနေကောင်းများ ပဲ့သွားတတ်
သည်။ အချို့သော ကုမ္ပဏီများ စီးပွားရေး အလှုပ်အခတ်ကြားများတွင်
တိမ်မြုပ်သွားရခြင်းမှာ နောက်လိုက်တို့ ဖျက်ဆီးလိုက်၍
ပျက်စီးသွားခြင်းများပါသည်။
မိမိဆီမှာ ရရှိထားသော ဝန်ထမ်းသည်
မိမိအတွက် မတော်လျှင်တောင် ကောင်းနေပါက လက် လွတ်၍ မရပေ။ ငကန်းသေလျှင်
ငစွေပေါ်လိမ့်မည်ဟု စိတ်ထားရှိလျှင်တော့ ခေါင်းဆောင်ကောင်း မပီသသလို
နောက်လိုက်ကောင်းရရန်လည်း မသေချာတော့ပေ။
၂၀၁၆ ဆိုသော ခုနှစ်အတွင်းက
စီးပွားရေးအဖြစ်အပျက်များကို စီးပွားရေးလုပ်ငန်းရှင်များ
မျှော်လင့်ထားကြသည်။ အချို့သောပြည်တွင်းလုပ်ငန်းရှင်များကလည်း
မျှော်လင့်ခြင်းနှင့် အတူ ပြင်ဆင်ထားကြသည်။
မိမိတို့၏ ဝန်ထမ်းများ
ထွက်ခွာမသွားရေးနှင့် တွန်းတိုက်လာနိုင်သော စီးပွားရေး ရွေ့လျောမှု များကို
ကာကွယ်ရန်ဖြစ်သည်။ သည်လိုအခြေအနေတွင် တစ်ဖက်ပိတ်ဝါဒဖြင့် ခရီးဆက်မည့်
ကုမ္ပဏီ များ၏ ရေရှည်ခရီးသည် ကြမ်းတမ်းလာနိုင်ပေသည်။
ထို့ကြောင့်
တစ်ဖက်ပိတ်ဝါဒဖြင့် ခရီးဆက်နေသော ကုမ္ပဏီများ၊ တစ်ဖက်ပိတ် ခေါင်းဆောင်
များသည် လူးလွန့်လာတော့မည့် မြန်မာနိုင်ငံ၏ စီးပွားရေး၊
နိုင်ငံရေးနယ်ပယ်များတွင် ခရီးကြမ်းများ ရှိလာနိုင်ပါကြောင်း။
ဘုန်းစင်ကြယ်
16.12.2015
Subscribe to:
Post Comments (Atom)

No comments:
Write comments