မြန်မာ့ရုပ်ရှင်လောကတွင် ရုပ်ရှင်လုပ်ငန်းနှင့် ပတ်သက်၍ စွမ်းစွမ်းတမံကြိုးစားအား ထုတ်လုပ်ကိုင်ခဲ့သူတို့ကို ရုပ်ရှင်ခေတ်ဦးပိုင်းမှ လွတ်လပ်ရေးရပြီး နောက်ပိုင်း (၁၉၅၂ခုမှ ၁၉၅၆ခုနှစ်)အထိ ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ခြင်းများ ရှိခဲ့သည်။ ရွှေတံဆိပ်ဆုရရှိခဲ့သူများတွင် အစောပိုင်းခေတ်က ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ်ဦးအုန်းမောင် သည် အမျိုးသားရုပ်ရှင်လုပ်ငန်းကြီးတွင် ပထမဦးဆုံးဆုရရှိသူဖြစ်သည်။ ၁၉၂ဝပြည့်နှစ် ဇွန်လ၂ရက်နေ့တွင် ကွယ်လွန်ခဲ့သော ဘိလပ်ပြန်ဦးထွန်းရှိန်၏ ဈာပနကို ဇွန်လ ၅ရက်နေ့တွင် အမှတ်၂၂၁ဆူးလေ ဘု ရားလမ်းရှိ ဝိုင်အမ်ဘီအေအသင်းတိုက် Young Men’s Buddhist Association မှ ကြံတောသုသာန်သို့ ပို့ဆောင်ခဲ့ရာ ၄င်းဈာပန အ ခမ်း အနားသို့ လူပေါင်းတစ်သိန်းကျော် တက်ရောက်ခဲ့သည်ကို လန်ဒန်အတ် ဦးအုန်းမောင်က မျိုးချစ်စိတ်ဓာတ် ရှိပြီး ဝံသာနုခေါင်းဆောင် အဖြစ် ထင်ရှားခဲ့သော ဘိလပ်ပြန်ကိုယ်စားလှယ်ကြီး ဦးထွန်းရှိန်၏ ဈာပနကို ပထမဆုံးသတင်းမှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးပြီး ၁၈-၉-၁၉၂ဝခုနှစ် တွင် စီနီမာဒီပဲရစ် Cinema de Paris ရုံတွင် နိုင်ငံခြားဇာတ်ကား တစ်ကားနှင့် ပူးတွဲပြသခဲ့သည်။
အမျိုးသားရုပ်ရှင်လုပ်ငန်းကြီးပေါ်ထွန်းရန် စတင်၍ လမ်းပြလုပ် ဆောင်နိုင်ခဲ့သော ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ်ဦးအုန်းမောင်ကို ၁၉၂ဝ ခုနှစ်အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၁ရက်နေ့အထိ ပြည် မြို့တွင် ကျင်းပသော ဂျီစီဘီအေ အသင်းကြီး General Council of Burmese Association ၏ ညီလာခံမှ ရွှေတံဆိပ်တစ်ခု ဂုဏ်ပြုချီးမြှင့်ခဲ့သလို၊ စီနီမာဒီပဲရစ်ရုပ်ရှင် ရုံပိုင်ကုလားသူဌေးမစ္စတာမိုဟာမက် အစ္စမေးလ်အချား (Mr.Mohamed ishamel Arccha) ကလည်း ရွှေတံဆိပ်ဆုထပ်မံချီးမြှင့်ခဲ့သည်။
မြန်မာ့ရုပ်ရှင်လောက အစော ပိုင်းခေတ်က စတန့်မင်းသားအဖြစ် ပထမဆုံး နာမည်အတိအလင်းခံယူခဲ့ သူ စာရေးဆရာကြီး ပီမိုးနင်း၏ သား ဗစ်တာမိုးနင်းခေါ် ဘမောင်က ကျော်စိုးအမည်နှင့် ၁၉၃ဝခုနှစ်တွင် ဗြိတိသျှဘားမားရုပ်ရှင်မှ ဒါရိုက်တာ ဆရာရွှေရိုက်ကူးသော “တစ်ကိုယ်တော်” ဇာတ်ကားတွင် ပရိသတ်ရင် သိမ့်တုန်ရအောင် မော်တော်ဆိုင်ကယ်ပေါ်မှ ရှေ့ဂျွမ်း နောက်ဂျွမ်းနှင့် သက်စွန့်ဆံဖျားသ ရုပ်ဆောင်နိုင်၍ နေရှင်နယ်စပို့တင်းကလပ် National Sporting Club) မှ စတန့်မင်းသား ကျော်စိုးကို ရွှေတံဆိပ် ဆုချီးမြှင့်ခဲ့ သည်။ မြန် မာအဆွေအေ ဝမ်းဖလင်မှ မောင်တင်မောင်၏ ပထမဆုံး ဒါရိုက်တာလက်ရာ၊ ချစ်ရွှေ၊ မြင့်မြင့်၊ ဖူး၊ မြိုင်ရာဇာ ဖိုးစောတို့ပါဝင်ကာ ၂-၆-၃၄တွင် ပလာဇာရုံတွင် ပြသသော မြဂနိုင်ဇာတ်ကားသည် တိုင်းပြည်နှင့်အဝန်း ချီးမွမ်းသြဘာ ထောမနာပြုခြင်းခံရသဖြင့် တ၊က၊ သ ဥက္ကဋ္ဌကိုဗဟိန်းက ယင်းဇာတ်ကားကြီး၏ အောင်မြင်မှုကို ဂုဏ်ပြုသည့်အနေဖြင့် ဒါရိုက်တာ မောင်တင်မောင် ကို ရွှေတံဆိပ် ဆုချီးမြှင့် ခဲ့သည်။ တစ်ဖန်အေဝမ်းမှပင် ဒါရိုက်တာ မောင်တင်မောင်က မောင်တင်မောင်၊ ခင်နှင်းရီ၊ ဦးဘရှင်၊ သာဂေါင်၊ ဒေါ်ဂျမ်းစိန်၊ ရွဲ့ကြီးတို့နှင့် ၅-၃-၃၈တွင် ဘုရင့်ရုံ၌ ပြသော “ချစ်စနိုး” အသံထွက် ရုပ်ရှင်ဇာတ်ကားအတွက် မောင်တင်မောင်ကို ဒုတိယအကြိမ် တက္ကသိုလ်မှ ရွှေ တံဆိပ်ထပ် မံချီးမြှင့်သည်။ ဒဂုန်မဂ္ဂဇင်းတွင် ၁၉၃၅ခုနှစ်က ရွှေဒုံးဘီအောင်ရေးသားသော အချစ်ဒေါသဝတ္ထုကို ဗြိတိသျှဘားမား ရုပ်ရှင်မှ ဒါရိုက်တာဦးချန်ထွန်းက ခင်မောင်ရင်၊ ခင်ခင်ရီ၊ ခင်ခင်ကြည်တို့နှင့် “မမေ့နိုင်” ဇာတ်ကားကို ရိုက်ကူးတင်ဆက်ရာ ယင်းဇာတ်ကားမှ ခင်ခင်ရီ၏ သဘာဝသရုပ်ဆောင်ကောင်းမှုကို ဂုဏ်ပြုသည့်အနေဖြင့် တက္ကသိုလ်မှ ဒေါ်မြစိန်(မဟာဝိဇ္ဇာ) က ရွှေတံဆိပ်ဆုချီးမြှင့်ခဲ့သည်။ (ခင်ခင်ရီသည် ဗိုလ်အောင်ကျော်ကြေး ရုပ်ရန်ပုံငွေအတွက် ဗိုလ်အောင် ကျော်သီချင်းကို သီဆို၍ ဓာတ်ပြားသွင်းခဲ့ရာ ခင်ခင်ရီအား ၁၉၃၉ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ရန်ကုန် မြို့မ အမျိုးသားကျောင်းကြီး၌ ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ လွှတ် တော် အ စည်းအဝေးကြီး၌ လွှတ် တော်ဥက္ကဋ္ဌက ရွှေတံဆိပ်ချီးမြှင့် သည်။) ဆရာရွှေဒုံးဘီအောင်၏ ဝတ္ထုဇာတ်ညွှန်းကို ဒါရိုက်တာ ဦးချန် ထွန်းက ခင်မောင်ရင်၊ မေမေဝင်း၊ ဘတင့်တို့နှင့် “အချစ်ဆုံး” အသံထွက် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီး၊ စစ်ကြို ခေတ်မတိုင်မီက မြန်မာနိုင်ငံတွင် ပထမဆုံး မြန်မာအမျိုးသားပိုင်သွင် ရုံကြီးတွင် ပြသရာ ယင်းဇာတ်ကား၏ အောင်မြင်မှုအတွက် ဒါရိုက်တာ ဦးချန်ထွန်းအား အမ်အေ ဦးမောင်ကြီးက ရွှေတံဆိပ်ဆုချီးမြှင့်သည့် အခမ်းအနားပြုလုပ်ခဲ့သည်။ အခမ်း အနားတွင် အထက်လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ အမ်အေေ မာင်ကြီးက ဤသို့ မိန့်ကြားခဲ့သည်။ မြန်မာ့ ရုပ်ရှင်သည်အကူအညီ ကင်းမဲ့လျက် ခက်ခက်ခဲခဲလုပ်ကိုင်ရကြောင်း၊ သို့သော် အဆင့် အ တန်းတိုးတက်လာ၍ ချီးမွမ်းရကြောင်း၊ အချစ်ဆုံးဇာတ်ကားရိုက်ကူးသူ ဦးချန်ထွန်းအား ချီးမြှင့်ထိုက်သူဖြစ်၍ ချီးမြှင့်ရ ကြောင်း ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
လွတ်လပ်ရေးရပြီးခေတ်နောက် ပိုင်းရွှေတံဆိပ်ဆုချီးမြှင့်ခံရသော ရုပ်ရှင်ပညာသည်များမှာ ၁၉၅၂ခုနှစ် မှ ၁၉၅၆ခုနှစ်အတွင်း အ ကယ် ဒမီ ဆုချီးမြှင့်ခြင်းခံရသူတို့ဖြစ်သည်။ ၁၉၅၂ခုနှစ်တွင် နိုင်ငံတော်အစိုးရက ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့် မည်ဖြစ် ကြောင်း ကြေ ညာသည်။ ထိုသို့ချီးမြှင့် ရာတွင် ရုပ်ရှင်ပညာသည်မှ အကောင်းဆုံးအမျိုးသားဇာတ်လိုက် နှင့် အကောင်းဆုံးအမျိုးသမီးဇာတ် လိုက်ဟူ၍ တစ်နှစ် လျှင် နှစ်ဦးရှိမည် ဖြစ်ကြောင်း၊ ၄င်းတို့အား ချီးမြှင့်မည့် တံဆိပ်များကို အပိုင်ပေးမည်ဖြစ် ကြောင်း၊ ထိုသို့ ပေးသောဆုမှာ ရွှေငါး မူးသား စစ်စစ်ရှိပြီး ရင်ဘတ်တွင် ထိုးစိုက်နိုင်သည့် ရွှေတံဆိပ်ဆုဖြစ်သည်။
ထို့ကြောင့် အကယ်ဒမီရရှိသော ရွှေတံဆိပ်ဆုရှင်များဟူ၍လည်း တစ်နည်းခေါ်ဆိုနိုင်သည်။ ၁၉၅၂ခုနှစ်တွင် ပထမဆုံးအကယ်ဒမီ ရွှေ တံဆိပ်ဆုချီးမြှင့်ခံရသူမှာ အမျိုး သားပညာသည်ဆုကို မာလာရီမှ ကျော်ဝင်း၊ အမျိုးသမီးပညာသည်ဆုကို ချစ်သက်ဝေမှ ကြည်ကြည်ဌေး၊ ၁၉၅၃ခုတွင် အမျိုးသားပညာသည် ဆုကို ရတနာပုံမှ မောင်တင်မောင်၊ အမျိုးသမီးပညာသည်ဆုကို ပွဲခါ ညောင်ရေမှ မေမြင့်၊ ၁၉၅၄ ခုတွင် ဒါရိုက်တာဆုစတင်ချီးမြှင့်ရာ၊ ယင်း နှစ်တွင် အကောင်းဆုံး ဒါရိုက်တာ ဆုအတွက် သြော်မိန်းမမှ ဦးသုခ၊ အကောင်းဆုံး အမျိုး သမီးပညာ သည်ဆုကို ချစ်မေမေမှ ဒေါ်ပုကရ ရှိခဲ့ပြီး၊ အကောင်းဆုံး အမျိုးသား ပညာသည်ဆုကိုမူ မည်သူမျှ မရရှိ ခဲ့ပေ။ ၁၉၅၅ခုနှစ်တွင် အကောင်းဆုံး ဒါရိုက်တာဆုအတွက် ကိုယ့်ရင်သွေး မှ ဦးချင်းစိန်၊ အကောင်းဆုံး အမျိုး သားပညာသည်ဆုကို ဖိုးပြုံးချိုမှ ဖိုးပါကြီး၊ အကောင်းဆုံးအမျိုးသမီး ပညာသည်ဆုကို ချစ်မမမှ မေလွင်၊ အထူးဆုအဖြစ် ဖိုးပြုံးချိုမှ ဝင်းမာ၊ ၁၉၅၆ခုတွင် အကောင်း ဆုံးဒါရိုက် တာ ဆု အတွက် ဘဝသံသရာမှ ဦးသုခ၊ အကောင်းဆုံး အမျိုးသားပညာသည် ဆုကို ဘဝသံသရာမှ ဇေယျ၊ အကောင်း ဆုံးအမျိုးသမီး ပညာသည် ဆုကို ချစ် ခွင့်မပိုင်မှ ကြည်ကြည်ဌေး၊ ယင်း နှစ်တွင် ဓာတ်ပုံဆုစတင်ချီးမြှင့်ရာ ယမ်းငွေ့ဝေဝေအတွက် ဦးချစ်ဖွယ်က ရရှိခဲ့သည်။
မှတ်ချက်-
၁၉၅၇ခုနှစ်မှစတင်ပြီး ရွှေရင်ထိုးတံ ဆိပ်ဆုအစား ရွှေစင်ရုပ်ဆုကို စတင်ချီးမြှင့်ခဲ့သည်။
ဂျေကြိုင်(မဟာဝိဇ္ဇာ/သမိုင်းအဓိက)
Credit; Popular မှကူးယူဖော်ပြသည်။
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ
ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame
Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း
ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍
အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media
ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Write comments