ထိုတစ္ဆေတို့သည်မြင်းစီး၍ လာကြကုန်၏။ မြင်းဖြစ်ရက်နဲ့ အရက်တွေ သောက်လို့၊ မြင်း အရက်သောက်စရာ လား။တရွေ့ရွေ့ ဆန် တာ တောင် လည်ဆံတွေက အော်ဟစ်ငြင်းဆန် လို့။ ခွာတွေက ဗုံတီးလို့။ တစ်လမ်း လုံးလည်း ချိုင့်ဝှမ်းတွေနဲ့ ရန်ဖြစ် လာပုံရတယ်။ သစ် ပင်တွေက သူ သွားတဲ့ လမ်းပေါ်ရောက်ရောက် လာလို့တဲ့။ အထူးသဖြင့် “ဇက်ပင်” ။ ဇက်ပင်ကိုယ်တိုင်က သူဘယ် သွားခိုင်းရမှန်း မသိ ဘူးတဲ့။ သူစိုင်းနှင်လာတဲ့ လမ်းပေါ်တောင်ကုန်းကြီး တစ်ခုကပြေး လာကာသေးဆို ပဲ။တကယ်တော့ ဇက်ပင် ဟာ ဘာမှန်းမသိတဲ့ ခပ်ရမ်း ရမ်းကောင်ပါ။ “ရီဝေမှုတွေ အပြည့်ထည့်ပြီး၊ လျော့တိ လျော့ရဲ ဒီပါဆယ်ထုပ် အပျက်ကိုဒီမြင်းပေါ် ဘယ်သူလာတင်သွားတာလဲ”
မေးသူ ရှိ ပြီး ဖြေသူမရှိ၊ ပြဿနာတွေ။ ဟော..အခုစောစောကတင် တင်ဆက်လိုက်တဲ့အရှိန်။ မြင်းအခုမေ့ သွားပြီ။ မြင်းနဲ့သူ့ခြေထောက်စာ ချုပ်ဖျက်လိုက်တယ်။ဆင်ခြင်တုံတရားက ပုလင်းခွံ တွေနဲ့အတူ လဲကျန်နေရခဲ့ပြီ။ တော် သေးဟ။ ပြိုကျလာတဲ့ မျက်ခွံတွေ မျက်လုံးက မထားနိုင်ပေလို့။ မြင်းစီး တစ္ဆေက ပြောသွားသေးတယ်။ ” ဟေ့ကောင် မြင်းတွေ ဘေး တိုက်ပြေးတယ်ဆိုတာ ဘယ်သူ့မှ မပြောနဲ့”
(နှစ်)
ထိုတစ္ဆေတို့သည် မြင်းစီး၍၊ မီးအိုးကို ရွက်လာ ကြကုန်၏။ ချ။ ချဟ။ ဒါက မြင်းတစ်ကောင်တည်ဆောက်မှုအတွက် နောက်ဆုံးခွက်၊ ပက်ပက်စက်စက် လောင်ပေါ့။ လည်ဆံက သံမဏိကြိုး မျှင်၊ ခန္ဓာကိုယ်က မီးခံပြား၊ လျှာမှာ သံဖြူခင်းတယ်။ မြင်းမျက်လုံးထဲက မီးစုန်းဓာတ်တွေ ပန်းထုတ်လိုက်မယ်။ ကြည့်၊ အလွမ်းတွေ ဘာတွေ အရည်ပျော်သွားမယ်။ ဟောဒီမြင်း ဟာ ကမ္ဘာမြေအတွက် ပူပန်မိ တိုင်း ဆိုင်းဘုတ်မျိုးစုံ မျိုမျိုချနေရတာ၊ မီးအမျိုးမျိုး မျိုချခဲ့ရတာ။ အခုတော့ အစာအိမ်ဟာ “မီးအိုး” ဖြစ်လို့။ မီးအိုးက သိတယ်။ သူ့နော က် ကျောဘက်စားပွဲတစ်လုံးမှာ မာရ်နတ်ဝတ်ပြုရေး စာအုပ်နှစ်အုပ် ထိုင်နေတာ။ သူတို့ တဝေါ့ဝေါ့သရဇ္ဈာယ် နေတာ။ ပါးစပ်အ ယိုင်တွေ က ဒဿ နအယိုင်တွေ ယိုနေတာ။ ဟိုထောင့် ကျကျ စားပွဲက သံချေးရောင်မျက်နှာ နဲ့ အကောင်ကော ဘာထူးလဲ။
လောကကို လေပြင်းနဲ့ လွှဲလွှဲရိုက်နေတာ။ တော်ရုံအခက်အခဲလေးတွေကိုလည်း အဖုအထစ်ဖြစ်အောင် သက်သက်မဲ့ လက်မောင်းညှစ် ညှစ်ပြတာ။ဟော ဒီအရက်ဆိုင်တံခါးပေါက် သာ ဂိုးပေါက်ဖြစ်လိုက်ချင်တယ်။ ဂိုးပေါက်ဖြစ်လို့ကတော့ အစာအိမ် မီးအိုး ကို ဘောလုံး လုပ်ပြီး ကန်သွင်းပစ်လိုက်တယ်။
(သုံး)
ထိုတစ္ဆေသည်မြင်းစီး၍ ညကို မြင်းပေါ်တင်လာကုန်၏။ လ။ ပျက်ကျသွား။ မှောင်ပြီ မြင်းစီးတစ္ဆေက ညကို ဖမ်း မြင်းပေါ်တင်လိုက်တယ်။ လမြင်းစီး၊ လပျက် ကျတာ အခွင့်ကောင်းယူ၊ ကောင်း ကင်ဟာ သူ့တိမ်မည်းအုပ်ကို ကြယ်ပင်အပ်တွေနဲ့ ချုပ်လိုက်တယ်။ လပျက်သွားလို့ သူတို့က ကမ္ဘာမြေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အလင်းရောင် ပေးကြတာ။ ပင်အပ်ခေါင်းတွေက လည်း တဖိတ်ဖိတ်တ လက် လက်၊ မြင်း စီး တစ္ဆေကမေးတယ်။ ဓာတ်တိုင်တွေကို “မင်းတို့ ဘာလုပ်ပေးနိုင်သလဲ” ဓာတ်တိုင်တွေက မဖြေဘူးတဲ့။ ဟေ့ ဟေ့ တိတ်ဆိတ်ခြင်းရဲ့ အသံ ကတော့ လေရဲ့အတောင်ပံပေါ် ထိုင်လို့။ စတိုင်နဲ့။ မြင်းစီးတစ္ဆေက ရေအိုင်တွေကိုလည်း အားပေးသေးတယ်။ ” ချစ်သူတို့ မြေကြီးရဲ့ ကြီး ကျယ် ခမ်းနားမှုကို အလေးအနက်ပြုဖို့ မပျက်ကွက်ကြနဲ့။ သူ့ခေါင်းနဲ့ ရွက် ထားတာ ရေအိုင်တွေ မဟုတ်ဘူး။ ကောင်းကင်နဲ့ လုပ်ထားတဲ့ ပင်လယ်တွေပေါ့”တဲ့။ ဒီလိုနဲ့ မြင်းစီးတစ္ဆေဟာ ညကို မြင်းပေါ်တင်ပြီး၊ အနောက်ဘက် တောင်ကုန်းများဆီ ကဆုန်စိုင်းသွားလိုက်တာ။
(လေး)
ထိုမြင်းစီးတစ္ဆေသည်မြင်းကိုစီး၍ ကျွန်ုပ်ထံ ရောက်လာခဲ့တော့၏။ နောက်ဆုံးတော့ မြင်းစီးတစ္ဆေ သည်၊ သူ့မြင်းပေါ်သို့ မီးအိုးကို လည်း မတင်၊ ညကိုလည်း မတင်ဘဲ၊ တစ္ဆေသန့်သန့်နှင့် ကျွန်ုပ်ထံရောက် လာခဲ့ပေပြီ။ ကျွန်ုပ်မှာ “ငါ့ခြံထဲက မြင်းဘယ်အချိန်ထုတ်စီးစီး” ဆို သောသဘောမျိုး မရှိခဲ့ပေ။ ထိုသဘောမျိုး မရှိသလို ကျွန်ုပ်တွင် တာဝန်ကျေမှုဆိုတာမျိုးလည်း မရှိပေ။ မြင်းစီးတစ္ဆေသည် လဲကျသွား ရာက မြင်းပြန်ထခဲ့သော်လည်း ဆင်ခြင်တုံတရားက အရက်ပုလင်းခွံတွေ တွယ်ဖက်ရင်း ပြန်ထလာ၊မလာကျွန်ုပ်မသိသေး။ လပျက်ကျ သွားတဲ့ ညကလည်း ငှက်ကလေးတွေ အိပ်တန်းမမှားအောင် သတိပေးဖို့ ကျွန်ုပ် ပျက်ကွက်ခဲ့ပါတယ်။ သည်အထဲ ကျွန်ုပ်ကိုယ်တိုင် မီးအိုင်ထဲ ရေကူးလေ့ကျင့်မိသောအဖြစ်က အလွန်ပင် လူကြားမကောင်းသော ကိစ္စဖြစ်နေပါတယ်။ကဗျာဆရာဖြစ်သည့် အလျောက် ဤ စာစုပါ အချက်အလက် များကို လူတွေက ပြော၍ သိခဲ့ခြင်း မဟုတ်ပါ။ မြင်းစီးသော နာနာဘာဝ များကပြော၍သိရှိခဲ့ရခြင်းဖြစ်ပါသည်။ သက်သေအဖြစ် ညမှာပွင့်သောပန်းများအားလုံး…
ကိုငြိမ်း(မန္တလေး)
Credit; Popular မှကူးယူဖော်ပြသည်။
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍ အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)
No comments:
Write comments