လူသည် အဝတ်ကို မီးမလောင်စေဘဲ မီးကို ပိုက်နိုင်သလော ..၊ လူသည် “အဝတ်” ကို မီးမလောင်စေဘဲ ဆိုသည်မှာ “အင်္ကျီ”ကို မီးမလောင်စေဘဲဟု ပြောခြင်းသာ။ ထိုစာကြောင်းကို မိမိ၏ ဝတ္ထုတိုတစ်ပုဒ်တွင် ထည့်သွင်းရေးဖူးသည်။ မှန်သည်။ မီးကိုပိုက်မှတော့ အဝတ်မီးမလောင်ဘဲ ဘယ်မှာ ရှိလိမ့်မည်နည်း။ လောင်မည်။ မိမိသည် အသက်အရွယ်အားဖြင့် ကြီးရင့်လာပြီဖြစ်၍ ငယ်စဉ်ကကဲ့သို့ ကလောင်မပြေးနိုင်။ ကလောင်နှေး ၏။ “အမြန်မင်” မဲ့သွားပြီ။
ကလောင်ရှည်ဝေး၊ မပြေးနိုင်သလို၊ မှတ်ဥာဏ်ရှည်ဝေးလည်း မပြေးနိုင်သော်လည်း၊ အသည်းကိုစိုက်တဲ့ စကားလုံးတွေကိုတော့ မှတ် မိနေတတ်သည်။ ဆိုခဲ့သည့် ” လူသည် အဝတ်ကို မီးမလောင်စေဘဲ မီးကို ပိုက်နိုင်သလော” ဆိုသည့် စကားလုံးတွေးမိဖို့အတွက် ပထမတွေးမိသော စကားလုံးမှာ “မီးတောက်ကို ဇောက်ထိုးထားလို့မရ” ဆိုတာကို ပထမတွေးမိကြောင်း၊ မိမိ မှတ်မိနေသေးသည်။
အမှန်တော့ ဤအတွေးများအားလုံး ” ဒိုင်အိုဂျီနီ Diogenes” ကို အကြောင်းပြု၍ တွေးခဲ့မိခြင်းပင်။ ဒိုင်အိုဂျီနီ(ဘီစီ ၄၁၂- ၃၂၃) သည် အရာရာကို ထီမထင်ပြုလေ့ရှိသော သဘာဝဆရာကြီးတစ်ဦးပင်။ သူသည် အဆန်းတကြယ်များစွာကို ပြုလုပ်သွားသူဖြစ်သည်။ ခေတ်စကားနှင့်ပြောရလျှင် “ဓာတ်ဘဲကြီး”ဟု ပြောပြော၊ “ဂေါက်ဘဲကြီး”ဟု ပြောပြောရသည်။ သူဓာတ်ဘဲကျပုံ၊ ဂေါက်ဘဲ ကျပုံတွေကသည်လို။ သူသည် နေ့တိုင်းမှန်မှန် “ကျောက်ရုပ်” တစ်ခုရှေ့ ၌ အတန်ကြာကြာရပ်၍ တစ်စုံတစ်ခုကို တောင်းခံလေ့ရှိသည်။
တစ်နေ့တွင်တော့ သူ၏မိတ်ဆွေတစ်ဦးက အကျိုးရှိပုံမပေါ်သော ထိုအလုပ်၏ လျှို့ဝှက်ချက်၊ ရည်ရွယ်ချက်ကို သူ့အား မေးမြန်းကြည့်တော့၏။ ထိုအခါ ဒိုင်အိုက.. “ဒီကျောက်ရုပ်ဆီက တစ်စုံတစ်ရာ တောင်းခံလို့မရဘူးဆိုတာ ကျုပ်သိသားပဲ။ ကျောက်ရုပ်ဆီက အကျင့်ရတော့၊ တခြားသက်ရှိတွေဆီ ကျုပ် တောင်းလို့မရတဲ့အခါ စိတ်မထိခိုက် တော့ဘူးဗျ။ ဥပမာ ခင်ဗျားဆီက ကျုပ်တစ်ခုခု တောင်းလို့မရတဲ့အခါ ကျုပ်ဘာမှ မဖြစ်တော့ဘူးပေါ့”များသောအားဖြင့် လူတို့သည် မိမိလိုချင်သော အရာဝတ္ထုကို မရသောအခါ အတွင်းစိတ်က နာကြည်းနေတတ်၏။ ဒိုင်အိုက ဝေးသေး။ တချို့က စိတ်မာန် ထြ<ွကနေတတ် ပြန်သည်။ ဒိုင်အိုက ဝေးသေး။ ဒိုင် အိုမှာ ထိုစိတ်ရောဂါမျိုးရှိသလား။ ဝေးသေး။ ဒိုင်အိုကား ထိုရောဂါဆိုးမှ လွတ်မြောက်ရန် နည်းကောင်းတစ်ခု အဖြစ် ထိုအလေ့အကျင့်ဖြင့် စိတ်ကို ငြိမ်သက်အောင် ထိန်းချုပ်သွားခြင်းပင်ဖြစ်သည်။
လူတို့သည် “သူရဲဘော”ကြောင် သောကြောင့်သော်လည်းကောင်း၊ ကိုယ်ကျိုးစီးပွားစိတ်ထားအားကြီးလွန်းသောကြောင့်လည်းကောင်း၊ ကြာသော် ကိုယ့်ကိုယ်ကိုယ် အထင် သေးလာတတ်ကြသည်။ ဒိုင်အိုက ဝေးသေး။ စိတ်အားငယ်ခြင်းဆိုသော “ကျဆင်းခြင်း၏ ပထမအဆင့်”ကိုပင် ဒိုင်အိုက တက်မနင်းပေ။တစ်ခါတော့ ရက်စက်သော အာဏာပိုင်များသည် ဒိုင်အိုအား “အကောင်လိုက်ထုတ်ရောင်းပစ်ရန်” ကျွန်ဈေးတွင် အထိုင်ခိုင်းထားလိုက်၏။ ပုဒ်မမှာ မာန်မချသော ပုဒ်မ။ မာန်မချမှုပေါ့လေ။ မလွတ်လပ်ပုံက ကိုယ့်ဟာကိုယ်တောင် “ဘဝင်မြင့်ခွင့်” မရှိ။ ကျွန်ဝယ်မည့် ကပ်စတန်မာများကလည်း ဖဲ့ရောင်းသည်မဟုတ်ဘဲ အကောင်လိုက်ဝယ်ရသည်ဆိုတော့ သူတို့ ဝယ်မည့် အကောင်၏ ကွာလတီကိုစစ်ဆေးရသည်။ သို့ကြောင့် ကျွန်ပွဲစားက ဒိုင်အိုကို…” မင်းဘယ်အလုပ်ကောင်း ကောင်းလုပ်တတ်သလဲ ပြောစမ်း” ထိုအခါ ဒိုင်အိုက သူလုပ်တတ်တာကို သူပြောလိုက်သည်။
“ငါ..သခင်လုပ်တတ်တယ်”
ကျွန်ဈေးတွင် ကျွန်ရောင်းရန်မရှိ၊ “သခင်ရောင်းရန်သာရှိ” ဟု ဒိုင်အိုက ဇောက်ထိုးလုပ်ပစ်ခဲ့ဖူး၏။ ယင်းအပြင် ဒိုင်အို ကိုယ်တိုင်မှာလည်း ကျွေးမွေးပြီး ထိန်းသိမ်းပေးထားသော ကျွန်တစ်ယောက်ရှိသည်။ သူ့အိမ်ကျွန်ဖြစ်သည်။ တစ်ခါသော် ထိုအိမ်ကျွန်သည် ဒိုင်အိုမသိအောင် တိတ်တဆိတ်ထွက်ပြေးသွား၏။ ဒိုင်အိုက ကျွန်ကို လိုက်မရှာဘဲနေသည်။ ဖမ်းဖို့ဆိုတာဝေး၊ အိမ်၏ အောက် ခြေသိမ်းအလုပ်များကို သူကိုယ်တိုင်လုပ်သည်။ မိတ်ဆွေအချို့က အမြင်မတော်၍ “ကျွန်ကို ပြန်ဖမ်းပြီး အလုပ်ခိုင်းပါတော့လား” ဟု တိုက်တွန်းကြသည်။ ထိုအခါ ဒိုင်အိုက သူ့ အပေါ် စေတနာထားကြသော မိတ်ဆွေများအား ဤသို့ ပြန်ရှင်းပြလိုက်သည်။
” ခင်ဗျားတို့ သေသေချာချာစဉ်းစားကြည့်စမ်း၊ ကျုပ်ရဲ့ကျွန်က ကျုပ် နဲ့ ကင်းကွာပြီး သူ့ဘာသာ နေထိုင်တယ်။ ကျုပ်ကတော့ ကျွန်နဲ့ကင်းကွာပြီး ကိုယ့်ဘာသာ မနေနိုင်ဘူးဆိုတာ ကျုပ်အတွက် ရှက်စရာ သိက္ခာကျစရာ အခြေအနေမဟုတ်လား။ ကျုပ်.”ကျွန်တစ်ယောက်ရဲ့ ကျွန်” အဖြစ်မခံနိုင်ဘူး”မှန်သည် မိမိသည် စကားလုံးများကို တောလိုက်ရာမှ “ဒိုင်အိုဂျီနီ” ကို တွေ့ခဲ့ရပေသည်။ သူသာလျှင် “လူသည် အဝတ်ကို မီးမလောင်စေဘဲ မီးကို ပိုက်နိုင်သလော” ၏ အဖြေဟု မိမိထင်မြင်ယူဆခဲ့မိသည်။ ဤအဖြေမှန်၏၊ မမှန်၏ကို မိမိမသိ၊ မိမိအဖို့ နည်းနည်းလောက်သာ အရေးကြီးသည်။ စာရေးဆရာ နှင့် စကားလုံးတိုင်းသည် မုဆိုးနှင့် စိုင်ဖြစ်သည်။ မိမိစာတစ်ပုဒ်ဖတ်ဖူးပါသည်။ ထိုစာမှာ… အကြင်သူ၏ စိတ်သည် လေးနက်ငြားအံ့။ ထိုသူ့အား လူအများက မည်သို့ပင် နှိမ်နှိမ် ထိုသူသည် သူ၏ တည်တံ့သော ဂုဏ်အရည်အချင်းကို ဘယ်သောအခါမှ မစွန့်လွှတ်ပေ။ လောက၌ သူတထူးရှေ့မှောက်၌ အရှိန်အစော်မဲ့ အသိမ်ငယ်မခံဘဲ ဂုဏ်ရှိ၊ သရေရှိအသက်စွန့်သွားရ ခြင်းသည် မြတ်၏။ ဂုဏ်သရေမဲ့၊ အရှိန်အစော်မဲ့..အသက်ရှင်နေရ ခြင်းသည် မမြတ်။မည်သို့ပင်ဖြစ်စေ မိမိအတွေး၌ ” ဒိုင်အိုဂျီနီ Diogenes (ဘီစီ ၄၁၂-၃၂၃)သည် ရုပ်လုံြး<ွကခဲ့ပြီဖြစ်သည်။ ကိုင်တွယ်သူများက ဒိုင်အိုဂျီနီကို ဇောက်ထိုးထား၍ ကိုင်တွယ်ခဲ့ကြခြင်းဖြစ်သည်။ ဒိုင်အိုဂျီနီသည် မီးလျှံ(သို့မ ဟုတ်) မီးတောက်။ မိမိသည် စိုင်ပစ်မုဆိုးဖြစ်သည်။
ကိုငြိမ်း(မန္တလေး)
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ
ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame
Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း
ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍
အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media
ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Write comments