09-790570465

09-975288547

MOAGs Admin Team

iBest Groups

ထူးခြားသော နာမည်ရှင်၊တွေးခေါ်ရှင် ဆရာကြီး

Posted by   on Pinterest

အမည်ထူးခြားသလို၊ လုပ် ဆောင်ချက်များကလည်း ထူးခြားသည်။ နာမည်ထူးခြားသည်ဟု ဆိုရခြင်းမှာ မြန်မာလူမျိုးစာရေးဆရာကြီးက “ပီမိုးနင်း” ဆိုသော ကလောင်နာ မည်ကို ယူသောကြောင့်ဖြစ်သည်။ ဆရာကြီး ထိုကလောင်နာမည်ယူရ သည့် နောက်ခံအကြောင်းကလည်း ထူးခြားသည်။ ဆရာကြီး၏နာမည် ရင်းမှာ မောင်ကျော်ညွန့်ဖြစ်သည်။ မောင်ကျော်ဟုလည်းခေါ်သည်။ မိုးနှင်းတွေကျနေချိန်မှာ မွေးသည့်အတွက် ငယ်နာမည် မိုးနှင်းဟုခေါ်သည်။ ကျောင်းနေတော့ ဖိလစ် (Philip) ဆို သော အင်္ဂလိပ်နာမည်ရသည်။ ဆရာ ကြီးငယ်စဉ်က မော်လမြိုင်မြို့ ဆင်မင်နရီ(သာသနာရေးရာကျောင်း)မှာ သုံးနှစ်ပညာသင်ရသည့်အတွက် လက်တင်ဘာသာကို ကောင်းစွာတတ်မြောက်သည်။ အင်္ဂလိပ်စာလည်း တတ်မြောက်သည်။ နောင်အခါ အလုံ၊ ဘက်ပတစ်ကျောင်းတွင် လက်တင်ဘာသာပြ ဆရာတစ်နေရာ လစ်လပ်သဖြင့် မောင်ကျော်ညွန့် နာ မည်ဖြင့် လျှောက်လိုက်သည်။ မြန် မာဖြစ်၍ မခန့်နိုင်ကြောင်း ပြန်စာရ သဖြင့် အင်္ဂလိပ်နာမည်ဖိလစ်မှ “ပီ” နှင့် ငယ်နာမည် “မိုးနှင်း”တွဲကာ “ပီမိုးနင်း” နာမည်ဖြင့် ထပ်လျှောက်ရာ ထိုအလုပ်ရသွားသည်။ “ပီမိုးနင်း”ဆိုသော နာမည်သည် ဆရာကြီး၏ က လောင်နာမည်အဖြစ် တစ်သက်လုံး တည်တံ့သွားတော့သည်။ ထိုနာမည်သည် ဆရာကြီး၏ ပညာနောက်ခံ နှင့် ဆက်နွှယ်နေသည့်အတွက် ထူးခြားပါသည်။
နာမည်ထူးခြားသလို အတွေးအခေါ်အယူအဆထူးခြားသော ဆရာကြီးမှာဘဝအတွေ့အကြုံအမျိုး မျိုးကို ဖြတ်သန်းခဲ့သူဖြစ်သည်။ ငယ်စဉ်ကပင် ဖခင်က လျစ်လျူရှုသွား သဖြင့် မိခင်ကြီးကိုကူညီရင်း ဆင်းဆင်းရဲရဲရုန်းကန်ရသည်။ သို့သော် ကံကောင်းထောက်မသည့်အတွက် ပညာသင်ခွင့်ရသည်။ ခရစ်ယာန် ကျောင်းအုပ်ဘုန်းတော်ကြီး ဖာသာပဲလဝါး၏ ကူညီမှုဖြင့် သုံးဆယ်မြို့ အာခီအမ်ကျောင်းမှာ တက်ခွင့်ရသည်။ ထို့နောက် မော်လမြိုင်မြို့ ဆင်မင်နရီကျောင်းမှာ ဆက်တက်ရ သည်။ ဖာသာပဲလဝါး၏အကူအညီ ဖြင့်ပင် ပီနန်မြို့ရှိ ဂျင်နရယ် ကောလိပ်မှာ ပညာဆက်သင်ခွင့်ရသည်။ သို့သော် ခရစ်ယာန်ဘုန်းကြီး လုပ်ရ မည်စိုးသဖြင့် ထိုကျောင်းမှထွက်ပြီး မြန်မာပြည်ပြန်လာသည်။ မိခင်၏ နောက်ခင်ပွန်းမှာ မြန်မာစာ လေ့လာလိုက်စားသူဖြစ်၍ မြန်မာစာ သင်ကြားပေးသည်။
ငယ်စဉ်ကပင် စာဖတ်ဝါသနာ ပါသော ဆရာကြီးသည်သွားလေ ရာနေရာတိုင်းအိတ်ထဲမှာ စာအုပ်ထည့်သွားပြီး အမြဲဖတ်သည်။ ဘဝ အတွေ့အကြုံအမျိုးမျိုးလည်းရသည်။ မမျှော်လင့်ဘဲ အိမ်ထောင်ကျသည်။ သို့သော် ဇနီးကို နှစ်နှစ်ကာကာမချစ်။ မကြာမီ ဇနီးကွယ်လွန်သည်။ ရုံးမှာ စာရေးဝင်လုပ်စဉ် တစ်နေ့တွင် ရုံး အသွား၊ လမ်းမှာ လူတွေပိတောက် ပန်းတက်ခူးနေကြသည်ကို မြင်သဖြင့် ရုံးမသွားတော့ဘဲ ပန်းတက်ခူးသည်။ ရုံးပျက်ကွက်၍ အလုပ်ပြုတ်သွား သည်။ လယ်တီဆရာတော် နောက်သို့ လိုက်ပါရင်း တရားအလုပ်လည်း လုပ်ဖူးသည်။ တံငါသည်အဘိုး၊ အဘွားလင်မယားနှင့်အတူ ကြောင့် ကြမဲ့စွာ နေထိုင်ဖူးသည်။ စာရေး ဆရာဘဝမှာပင် မုန့်ဟင်းခါးထမ်း ရောင်းဖူးသည်။ ဆရာကြီး ကလောင်ကိုင်၍ စာပေနယ်သို့ ဝင်သောအခါြ<ွကယ်ဝသော အတွေ့အကြုံများ၊ ခေတ် မီသော အတွေးအခေါ်များသည် စာရေးစရာအကြောင်းအရာများ ဖြစ်လာတော့သည်။ အိမ်ထောင်နှစ် ဆက်မှ သုံးဆက်ထိပြောင်းသည်။ သားသမီးတွေရသည်။ ဘဝအခက် အခဲအမျိုးမျိုးရင်ဆိုင်၍၊ စာကောင်း ပေမွန်များစွာ ရေးသားသည်။
“ရသစာပေ” ဟူသော ဝေါဟာရ မပေါ်ပေါက်လာမီ နှစ်ပေါင်းများစွာကပင် ရသစာပေ၏ အရေးပါပုံကို ဆရာကြီးအလေးအနက် ညွှန်ပြသည်။ ဆရာကြီးက “ဝတ္ထု၊ကဗျာ၊ ဇာတ်” ဟူ၍ ဖော်ညွှန်းသော စာများမှာ ရသစာပေဟု နောင်အခါအမည်တွင်လာသည့် စာပေများဖြစ်သည်။ ထိုစာပေများကို စိတ်ကူးဖြင့် ဖန် တီးရေးဖွဲ့ရသည့်အတွက် အာနိသင် ထက်မြက်ကြောင်း၊ ရွက်ကြမ်းရေကျို ဆုံးမစာများထက် တန်ဖိုးရှိကြောင်း ဆရာကြီးက ခွဲခြားပြသည်။ မြန်မာ စာပေနယ်မှာ ထိုစာပေမျိုးတွေ ထွန်း ကားသင့်သလောက် မထွန်းကား သေးသည့်အတွက် အားမလို အားမရ ဖြစ်သည်။ စာရေးခြင်း အတတ်ဟူသည် “စာကိုမရေးစိတ်ကိုရေး” သော အတတ်ဖြစ်ကြောင်း ညွှန်ပြသည်။
ခေတ်စမ်းပုံပြင် ခေတ်စမ်း ကဗျာတို့ပေါ်ထွက်လာသောအခါ ဆရာကြီးက ဝမ်းပန်းတသာကြိုဆိုသည်။ စာပေလောကကို အကျိုးပြု သော စာကောင်းပေကောင်းများ ပေါ်ထွက်လာပြီဟူ၍ အသိအမှတ် ပြုသည်။ လောကအတွေ့အကြုံကို အခြေခံ၍ စိတ်ကူးဖြင့် သရုပ်ဖော် သော ဝတ္ထုတိုများ၊ အတွေးအမြင် ဆန်းသစ်သော ကဗျာများအဖြစ် ချီး ကျူးသည်။ စာအရေးအသားနှင့်ပတ်သက်၍ “အချီးတစ်လံအနံတစ်ထွာ” ခမ်းကြီးနားကြီးဟန်လုပ်ရေးသော စာမျိုးထက် ရိုးရိုးရှင်းရှင်းရေးသော စာမျိုးက ပို၍ကောင်းကြောင်း ထောက်ပြသည်။ “ရွှေလိုလေးသော” စာကြီးများ၊ “ဆီသည်မ လက်သုတ်ပဝါ” လို ဟောင်းနွမ်းနေသော တုံးနေသော စကားအသုံးအနှုန်းများကို ရှောင်သင့်ကြောင်း ဖော်ပြသည်။
ဆရာကြီး ဝတ္ထုမရေးမီခေတ်က မြန်မာဝတ္ထုများမှာ ဝတ္ထုပုံသဏ္ဌာန် မပီသသေးပါ။ ဝတ္ထုထဲမှာ ဗဟုသုတတွေ၊ သြဇာတွေ လွှမ်းမိုးနေသည်။ ရေးဖွဲ့ပုံ ဇာတ်ဆန်ပြီး ကဗျာ လင်္ကာ တွေ သီချင်းတွေနှင့် တန်ဆာဆင်ကြ သည်။ ဆရာကြိး ပီမိုးနင်းတို့ ဆရာ ကြီးရွှေဥဒေါင်းတို့က ဝတ္ထုပီသ အောင်ရေးသည်။ စကားပြေကို ရှင်း ရှင်းလင်းလင်း၊ ထိထိရောက်ရောက် ရေးသည်။ “နေရီရီ၊ နေညိုညို”၊ “ပွဲစားကြီးသားအဖနှင့် မြမြ” စသော ဆရာကြီးပီမိုးနင်း၏ဝတ္ထုများမှာ ဝတ္ထုအရေးသားအဖွဲ့တွင် စံပြုစရာများ ဖြစ်သည်။ ဆရာကြီး၏ဝတ္ထုတိုများသည်လည်း ကျစ်လျစ်ထိမိသော ဝတ္ထုတိုများဖြစ်သည်။
ဆရာကြီးသည် ယခုခေတ်တွင် “တက်ကျမ်း” ဟု ခေါ်ကြသော ကြီးပွား တိုးတက်ရေးလမ်းညွှန်ကျမ်းအများအပြားကိုလည်း ရေးသားခဲ့သည်။ “ကမ္ဘာအလင်း၊ ထူးချွန်ရေး၊ အရင်းမစိုက်လှေထိုးလိုက်၊ ကိုယ့်ဒူးကိုယ် ချွန်၊ ကြီးပွားရေးလမ်းညွှန်၊ သားဂုဏ်ရည်၊ သမီးဂုဏ်ရည် စသည့် နာမည်များဖြင့် ထင်ရှားသော စာအုပ်များ ဖြစ်သည်။ ထိုစာအုပ်များကို ဖတ်ရှု ၍ လိုက်နာကျင့်သုံးသည့်အတွက် ဘဝတွင် အောင်မြင်တိုးတက်သွား သူအများအပြားရှိသည်။ ဆရာကြီး၏ အတွေးအမြင်များမှာ ခေတ်မီရုံမက ခေတ်ရှေ့သို့ပင် ပြေးနေသည်။ စီးပွားရေးလုပ်ငန်းအမျိုးမျိုးကို ကုလားတွေ၊ တရုတ်တွေက အောက်ခြေသိမ်းလုပ်နေချိန်တွင် မြန်မာတွေက အောက်ကျသည်၊ အဆင့်နိမ့်သည်ဆိုပြီး ဟန်တစ်လုံးနှင့်နေသည့်အတွက် စီးပွားရေးစားကျက်များကို နိုင်ငံခြားသားများဝင်၍ နေရာယူ နေပုံကို ထိုစဉ်ကတည်းက အလေးအနက်ထောက်ပြခဲ့သည်။
စာပေဖြင့် ထိုမျှ အကျိုးဆောင်ခဲ့သော ဆရာကြီး ပီမိုးနင်း၏ ဘဝမှာမူ ဆင်းရဲဒုက္ခများဖြင့် ရုန်းကန်နေရသော ဘဝဖြစ်သည်။ ဆရာကြီးက ထိုအကြောင်းများကို “ပီမိုးနင်း၏ ပီ မိုးနင်း” ဟူသော ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရေးသားဖော်ပြပြီး “ယခု ကားကျွန်ုပ်မှာ အသက် ၅၆နှစ်ရှိလေပြီ။ ဆင်းရဲတုန်းပင်။ စာအုပ်များ ထွက်ပြီးသည်နောက် ကိုယ်တိုင် အကျိုးမခံစားရဘဲ ဆင်းရဲဒုက္ခရောက် ခြင်းတည်းဟူသော နွံထဲမှာပင် တိုးလျက်နေရလေသည်” ဟူ၍ ကြေကွဲစွာ နိဂုံးချုပ်ထားပါသည်။
မောင်ခင်မင်(ဓနုဖြူ)

(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍ အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်