ပိုးလင်းဖြူတို့အိမ်ကြီးသည် ကျယ်ဝန်းသော ခြံထဲတွင် ဆောက်ထားသော နှစ်ထပ် အိမ်ကြီး ဖြစ်သည်။ ထိုအိမ် ကြီးပေါ်တွင် မိသား စု၆စုနေထိုင်ကြသည်။ မိသားစု ၆စု တွင် မိသားစု၎စုက မောင်နှမတွေဖြစ်ပြီး ကျန်မိသားစု၂စုကတော့ ထိုမောင်နှမတွေထဲ မှ ထွက်ပေါ် လာသည့် မိသားစုဝင်များဖြစ် သည်။ ပိုးလင်းဖြူတို့ အိမ်ကြီးနှင့် ပတ်သက်သော ဖြစ်ကြောင်းရယ် ကုန်စင်ကို ပိုးလင်းဖြူလေးမှာ သူ့အမေ၊ သူ့အဒေါ်တွေဆီကနေ ကြားခဲ့ရတာတွေဖြစ်သည်။
ပိုးလင်းဖြူတို့ ယခုနေထိုင်သော အိမ်ကြီးကို ပိုးလင်းဖြူတို့ အဘွားက ပိုင်ဆိုင်ခဲ့သည်ဟု သိရသည်။ ပိုးလင်းဖြူကတော့ ထိုအဘွားကို မတွေ့ဖူးပေ။ မွေးကတည်းက နှလုံးရောဂါပါလာခဲ့သည့် ပိုးလင်းဖြူလေးကို ဦးလေးတစ်ယောက်၊ အဒေါ်နှစ်ယောက်ကပါ ချစ်ကြပါသည်။ ပိုးလင်းဖြူမှာ မောင်လေးတစ် ယောက်ရှိသော်လည်း ထိုမောင်လေးထက် ပိုးလင်းဖြူကို အားလုံးက ပိုချစ်ကြသည်။ ပိုးလင်းဖြူလေး မှာ ကျောင်းနေအရွယ်ကိုလွန်လာပြီဖြစ်သော်လည်း ကျောင်းမနေရပေ။
” ကလေးက နှလုံးမကောင်းတော့ အချိန် မရွေးတစ်ခုခုဖြစ်သွားနိုင်တယ်။ ကျောင်းလွှတ်ထားရတာ စိတ်မချဘူး။ အိမ်မှာပဲ ထားလိုက်ပါ။ ပညာတတ်တော့ကော သူက ဘာလုပ်နိုင်မှာလဲ။ စာသင်ရတာ၊ စာကျက်ရတာ ပင်ပန်းရင် ရောဂါသည်းလာ နေဦးမယ်” အဒေါ်အကြီးဆုံး ၏ စကားကို အားလုံးက နာခံလိုက်ကြသည်။ ဦးလေးကတော့ ပိုးလင်းဖြူလေးကို စာသင်ပေးသည်။ ပိုးလင်းဖြူလေးမှာ လုပ်စရာအ လုပ် ရယ်လို့လည်းမည်မည်ရရ မရှိလေတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင် စာသင်ပေးသည်။
” စာဖတ်တတ်ဖို့ဆိုတာ ဘာမှမခက်ဘူး ပိုးပိုးရဲ့။ သမီးကို လေးလေးက စာဖတ်တတ်အောင်၊ စာရေးတတ်အောင်သင်ပေးမယ်။ သမီးကျောင်းမနေရပေမယ့် စာတော့တတ်ရမယ်လေ။ ကျောင်းနေတဲ့လူတွေ စာဖတ်သလိုသမီးလည်း စာတတ်ရမှာပေါ့။ သိပ္ပံပညာ ရှင်ကြီး အိုင်းစတိုင်းဆိုတာရှိတယ်။ သမီးနောက်ဆိုရင် သမီးစာဖတ်တတ်လာ ရင် သူ့အကြောင်းဖတ်လို့ရတယ်။ သူက သိပ် တော်တဲ့ ပညာရှင်ကြီးပေါ့။ သူက ကျောင်းမှာ စာသင်ရင် စာမလိုက်နိုင်လို့ အိမ်မှာ စာခေါ် သင်ရတယ်။ သူ့ကို စာသင်ရတာ တော်တော် နဲ့ မတတ်တော့ ခက်တယ်တဲ့။ သမီးကို လေးလေးသင်သလို အိမ်မှာ စာသင်ခဲ့ရတဲ့ အိုင်းစတိုင်းက ကမ္ဘာပေါ်မှာ နာမည်အကြီး ဆုံး သိပ္ပံပညာရှင်ကြီးဖြစ်သွားတာကွဲ့”
တစ်ဦးတည်းသော ထိုလေးလေးက လူပျိုကြီးဆိုတော့ ပိုးလင်းဖြူကို ဂရုစိုက်သည်။ ကဗျာဆရာ၊ စာရေးဆရာလည်းဖြစ်တော့ အချိန်မှန်မှန် ရုံးတက်စရာ၊ အလုပ်သွား စရာလည်းမရှိပေ။ စာရေးတာ၊ စာဖတ်တာ၊ လက်ဖက်ရည်ဆိုင်ထိုင်တာတွေက သူ့လေး လေး၏ အ လုပ်တွေဖြစ်သည်။ ပိုးလင်းဖြူလေးက ထိုဦးလေးနှင့် အနေများလာသည်။ ဦး လေးသင်ပေးသောစာတွေကို လေ့ကျင့်ကျက်မှတ်သည်။ ဦးေ လးနှင့် စကားပြောသည်။ ဦးလေးနှင့် လက် ဖက်ရည်ဆိုင်လိုက် သည်။ ဦးလေးတို့ စကားကောင်းနေစဉ် ဟိုဟိုဒီ ဒီလျှော က်ငေးနေ တတ်သည်။
” ပိုးပိုးရေ၊ သမီး ကြောင်လေးတစ်ကောင်လောက် မွေးမလား၊ အဖော်ရတာပေါ့”
ဒေါ်လေးက ပိုးပိုးတစ်ယောက်တည်း ထိုင်ဆော့နေချိန်မှာမေးသည်။ ပိုးပိုးကတော့ ပြန်မဖြေပါ။ ကြောင်ကလေးတွေကို ပိုးပိုးကလည်း ချစ် သည်ပင်။” နင်ကလည်း ကလေးကို ဘာတွေတိုက် တွန်းနေတာလဲ။ ကြောင်ဆိုတဲ့ကောင်တွေက ပွတ်သီးပွတ်သပ်နေတတ် တဲ့ကော င်တွေ၊ သူတို့အမွေးတွေ ပိုးပိုးပါးစပ်ထဲ၊ နှာခေါင်းထဲ ဝင်ရင် ဘယ်လိုလုပ်မလဲ။ ပါးစပ်ထဲဝင်ပြီး နှလုံးသွေးကြောတွေ သွားပိတ်ရင် ဘယ်လို လုပ်မလဲ။ စာလေးဘာလေးဖတ်၊ ဗဟုသုတ လေးဘာလေး ရှာတာမဟုတ်ဘူး”
ဒေါ်လေးကို ဦးလေးက ငေါက်လိုက်တော့ “ငါက ပိုးပိုးလေးအဖော်ရအောင် ပြောတာပါဟဲ့” ဟု ပြန်ငေါ့ပြီး ရှောင်သွားသည်။ ဦးလေးက ပိုးလင်းဖြူဘေး လာထိုင်ပြီး ပိုးလင်းဖြူဆော့ကစားနေသော အရုပ်တွေကို ကိုင်တွယ်ကြည့် နေသည်။ ပိုးလင်းဖြူလေး၏ ခေါင်း ကလေးကို လည်း ပွတ်သပ်ကာ နှစ်သိမ့် ပေးနေသည်။ ” ပိုးပိုး အရုပ်တွေနဲ့ ဆော့ ကစားရတာ ကောင်းတယ် မဟုတ် လား။ ကြောင်နဲ့ ဆော့ ရင်ကြောင်က ငြိမ်ငြိမ်မနေဘူးလေ။ ပိုးပိုးကိုလည်းပွတ်မယ်။ သူ့အမြီးနဲ့သမီးရဲ့ နှာခေါင်းကို လှမ်းပုတ်လိုက်ရင် အမွေးတွေ နှာခေါင်း ထဲရောက်သွားမယ်။ ပါးစပ်ဟထားရင် ပါးစပ်ထဲဝင်သွားမယ်။ ဒါတွေက အန္တရာယ် ရှိတယ် သမီးရဲ့။ နှာခေါင်းထဲ အမွေးတွေ ပိတ်နေရင် အသက်ရှူတော့ လေကောင်း ကောင်းမရတော့ဘူးပေါ့။ ပါးစပ်ထဲ အမွေးတွေဝင်ရင် လည်ချောင်းမှာ ပိတ်မယ်။ ဗိုက်ထဲရောက်သွားရင် ဟိုကပ်ဒီကပ်လေ။
ပိုးလင်းဖြူ စကားလုံးတိုင်းကို နားမလည်သော်လည်း သူ့လေးလေးကို ပြုံးပြုံးလေးကြည့်လိုက်သည်။ သူ့လေးလေးက သူ့နံ ဘေးမှာ ဝင်ထိုင်လိုက်ပြီး ဖြုတ်တပ်၍ရ သော လူရုပ်ကလေးကို ကောက်ကိုင်လိုက်သည်။ ” သမီးကြည့်စမ်း၊ အရုပ်ကလေးတွေဆိုတော့ သမီးထား တဲ့နေရာနေတယ် သမီးစိတ်ကြိုက်ဖြုတ်တပ် ကစားလို့ရတယ်။ သမီး ကို သူတို့ ဘာမှ ပြန်မလုပ်ဘူး။ အမွေးရှိတဲ့ တိရစ္ဆာန်တွေကျတော့ ထားသလို မနေတဲ့ အပြင် အန္တရာယ်ရှိတာ သမီးရဲ့”ပိုးလင်းဖြူလေးက သူ့လေးလေးက ဘာလို့ ဒီလောက်ရှင်းပြနေသည်ကို နားမ လည်နိုင်ပေ။ ပိုးလင်းဖြူလေး၏ ဒေါ်လေးက ကြောင်ကလေးတစ်ကောင်မွေးပါလားဆိုတာ နှင့်ပင် သူ့လေးလေးမှာ ထိုကြောင်အကြောင်း ကို ပြော၍မဆုံးနိုင်အောင်ရှိနေလေသည်။ ကြောင်တွေ ကို ဦးလေးမကြိုက်တာကိုလည်း ပိုးလင်းဖြူလေးသိပါသည်။ ပိုးလင်းဖြူတို့ အိမ် တွင် ကြောင် တစ်ကောင်မှ မရှိပေ။ အိမ်တွင်ြ<ွကက်တွေပေါလာသော်လည်း ဦးလေးက ကြောင်တွေကို မကြိုက် သဖြင့် ကြောင် မမွေးရဲကြပေ။
ဦးလေးက ကြောင်တွေက လူတွေကို ပွတ်သီးပွတ်သပ်လုပ်တာကို မကြိုက်တာ ဖြစ်သည်။ ဦးလေးက လူပျိုကြီးပီပီ သူ့ကို ပွတ်သီးပွတ်သပ် အရေးတယူလုပ်တာကို လည်း သိပ်မကြိုက်တာကို ပိုးလင်းဖြူလေးသိ သည်။ မောင်လေးက ဦးလေးကို ချွဲတတ်လေ ရာ ဦးလေး၏ မကြာခဏ ငေါက်တာကို ခံရလေ့ရှိသည်။ ပိုးလင်းဖြူကတော့ ဦးလေး ခေါ်မှ ဦးလေးဆီသွားသည်။ ဦးလေးချီတာ ပိုးတာပေါင်ပေါ် တင် တာတွေကို ပိုးလင်းဖြူ သဘောကျသည်။ ပိုးလင်းဖြူလေးသည် အလိုလို နေရင်း အိမ်က လူတွေ၏ မျက်နှာတွေကို လိုက်ကြည့် လိုက် ဖတ်နေသလို ဖြစ်နေသည်။ ဦးလေးက ဇွဲကောင်းကောင်းဖြင့် သင်ပေးသဖြင့် ပိုးလင်း ဖြူလေး စာတွေရေးတတ် ဖတ်တတ်လာ သည်။ အရုပ်ရေးတာကိုတော့ ပိုးလင်းဖြူက ကိုယ်တိုင်လေ့ကျင့်ရင်း ရေးတတ်လာသည်။
” သမီးပိုးပိုး စာဖတ်ရမယ်နော်။ စာဖတ်တာက လူကို အသိÓဏ်တိုးစေတယ်။ သမီးကငယ်သေးတယ်။ နောင်ဖတ်စရာတွေ အများကြီးရှိတယ်။ လေးလေးလို ကဗျာဆရာ လုပ်သိလား”
ပိုးလင်းဖြူလေးကတော့ သူ့ လေးလေးကို ပြုံးပြသည်။ လူတွေက ပိုးလင်းဖြူလေးကြီးလာရင် ဘာလုပ်မလဲမေးလျှင် ကဗျာဆရာမ လုပ်မယ်ဟု ဖြေသည်။ ထိုအဖြေကို ဦးလေးက သဘောကျသည်။ ဧည့်သည်တွေလာတိုင်း ပိုးလင်းဖြူလေးကို မေးကာ သဘော ကျနေတတ်သည်။ ” ကဗျာဆရာမဆိုရင်တော့ သမီးပိုးပိုးက မော်ဒယ်ကဗျာဆရာမ ဖြစ်မှာပဲ” ဦးလေး၏ သူငယ်ချင်းတွေက လည်း စာေ ရးဆရာတွေ၊ ကဗျာဆရာတွေဆိုတော့ ကဗျာဆရာမလုပ်မယ်ဟူသော ပိုးလင်းဖြူ၏ စကားကိုသဘောကျကြသည်။ ပိုး လင်းဖြူလေး ကတော့ လူကြီးတွေ သဘောကျနေတာကိုပဲ နားမလည်နိုင်အောင်ဖြစ်နေသည်။
” သမီးပိုးပိုးရေ..လူဆိုတာက လူနဲ့ တူရတယ်။ လူနဲ့မတူရင် လူမဟုတ်တော့ဘူး။ မလိုဘဲနဲ့ ပတ်ချွဲနပ် ချွဲလုပ်တဲ့လူတွေက ဘာနဲ့တူသလဲ၊ ကြောင်နဲ့တူတယ်နော်။ ဟိုလူ့ ရန်လို ဒီလူ့ရန်လိုနေတဲ့လူကျတော့ ခွေးနဲ့ တူတာပေါ့။ ခွေးကလည်း ဟိုလူ့ ဟောင် ဒီလူ့ ဟောင်နဲ့ပေါ့။ ခွေးက ခွေးလိုနေ၊ လူကလူလို နေ၊ ခွေးက လူလိုဖြစ်လာရင် မူမမှန်တော့ဘူး။ ခွေးမဟုတ်တော့ဘူး။ လူက လူလို မနေဘဲ ခွေးလို ကြောင်လိုနေရင် မူမမှန်တော့ဘူး။ လူမဟုတ်တော့ဘူး” တစ်ခါတစ်ရံတွင် ပိုးလင်းဖြူ၏ ဦးလေးက ထူးထူးခြားခြား စကားတွေ ပြောတတ်သည်။ ထိုစကားတွေမှာ ပိုးလင်းဖြူကို ပြောနေတာထက် တစ်ယောက်တည်း ရင်ဖွင့် နေသည်ဟု ထင်ရသည်။ တစ်ယောက်တည်း ပြောနေသော်လည်း သမီးပိုးပိုးရေဟု ပြောနေလေတော့ ပိုးလင်းဖြူကို တိုင်တည်နေတာပဲ ဖြစ်သည်။
“ဟိုဘက်အိမ်က တိုးကလေးကို သမီးသိလား”
” ခွေးစုတ်ဖွားလေး သေးသေးလေး “
” အေးဟုတ်တယ် သမီး။ ပိုးပိုး အဲဒီတိုးကလေးက ခွေးနဲ့မတူတာ တွေလုပ်တယ်သမီး။ သမီးသေသေချာချာကြည့်၊ ဒီတိုးကလေးဆို တဲ့ ကောင်က ထမင်းကျွေးရင် သိပ်ဇီဇာ ကြောင်တာ။ တိုးကလေးကို ထမင်းကျွေးပြီ ဆိုရင် အသံတွေကြားရပြီ။ အသည်းနဲ့ နယ်ကျွေးရင် စားတယ်တဲ့။ အသားနဲ့ နယ်ကျွေးရင် နှုတ်သီးနဲ့ ထိုးပစ်တယ်တဲ့။ ဒီဘက်ကနေ ကြားနေရတာလေ” ပိုးလင်းဖြူက သူ့လေးလေး ကို မော့ကြည့်သည်။ သူ့လေးလေးပြောတာမျိုးကို တစ်ဖက်အိမ်မှ ဒေါ်ခင်မာရီကလည်း သူ့ဒေါ်လေးကို ပြောတာကြားဖူးသည်။
” အသည်းနဲ့ မကျွေးရင် မစားဘူး။ ထိုးပစ်မှောက်ပစ်တယ်။ အောင်မယ်၊ တိုးကလေးတို့များ ဘယ်လောက်အသိဥာဏ်တိုးသလဲဆိုရင် လူကျနေတာပဲ။ သူမစားတာကို သေးနဲ့ပန်းထားတာလေ။ ကြောင်တွေက စားချင်လို့ ဝိုင်းနေကြတာလေ။ သူသေးပန်း ထားတော့ ကြော င်တွေလည်း စားလို့မရတော့ဘူးလေ။ဒေါ်ခင်မာရီက သူ့ခွေးကလေး အကြောင်းပြောပြီးထွက်သွားတော့ ပိုးလင်း ဖြူ ၏ ဒေါ်လေးက အနီး မှာရှိသည့် ပိုးလင်းဖြူကို ပြောသလိုလို၊ တစ်ယောက်တည်း ပြောသလိုလို ပြောလိုက်တာ ကြားရတတ်သည်။
” ကြည့်စမ်း ကြွားစရာမရှိတော့ဘူး။ သူ့အိမ်က ခွေးအသည်းမှစားတဲ့ အကြောင်းပြောသွားတာ။ ခွေးက ခွေးလိုမနေဘဲလူပါးဝလို့။ စိတ်ဓာတ်ကလည်း အောက်တန်း ကျလိုက်တာ ခွေးလို့ မပြောရဘူး။ ကိုယ်မစားတာ သူများမစားရအောင် သေးနဲ့ပန်းတာတဲ့ ” ဦးလေး ဆီကကျတော့ တစ်မျိုး ကြားရ ပြန်လေရာ။ ပိုးလင်းဖြူဘာကို နားလည်ရ မှန်းမသိတော့။ ” သမီးပိုးပိုး သမီးမှတ်ထားနော်။ တိုး ကလေး ဆိုတဲ့ခွေးက ခွေးလိုမဟုတ်ဘူး။ ခွေးဆိုတာက သူစားချင်တာ စားမယ်၊ မစားချင်ရင် မစားဘူး။ နမ်းကြည့်၊ မြည်းကြည့်ပြီး မစားချင်ရင် ထွက်သွားတယ်။ မဖျက်ဆီးဘူး။ တခြားကောင်မစားရအောင် သေးမပန်းဘူး။ သူမစားတာသူများစားမှာ စိုးလို့ ရန်လုပ်တာပဲ ရှိတယ်။ တိုး ကလေးက သေးနဲ့ ပန်းထားလိုက် တာက လူအလုပ်လုပ်တာ။ လူတွေမှာပဲ ဒီအကျင့်ရှိတာသမီးရဲ့။ ကိုယ်မစားတဲ့ ထမင်းသေးနဲ့ပန်းတာ ဘယ်လောက်အမြင်ကတ်စရာကောင်းသလဲ” တစ်ဖက်အိမ်က ဒေါ်ခင်မာရီဆီက ပိုးလင်းဖြူကြားရတာက တစ်မျိုးဖြစ်သည်။
” တိုးကလေးက လူဘဝကနေ ခွေးဘဝကို ချက်ချင်းရောက်လာပုံပဲ။ လူသေပြီး ခွေးဝင်စားတာနေမှာ။ သူလုပ်ပုံကိုင်ပုံတွေက လူတွေကိုလိုက်တုနေသလိုပဲ။ လူကြားသူ ကြား ချေးမပါဘူး။ ခြံထဲမှာအပေါ့အလေး မသွားဘူး။ ခြံပြင်ထွက်သွားတာ။ ငါတို့ဖြင့် သေး နံ့ ချေးနံ့ကို မရဖူးဘူး” ပိုးလင်းဖြူလေးသည် သူ့လေးလေး၊ သူ့ဒေါ်လေး၊ တစ်ဖက်အိမ်က ဒေါ်ခင်မာရီ ပြောတာတွေကို နားထောင် ရင်း ခွေးလေးတစ် ကောင်မွေး ချင်လာသည်။ ကြောင်မွေးတာကို သဘောမကျသော သူ့လေးလေးက ခွေးက လေးတစ်ကောင် ကိုတော့ မွေးခွင့်ပြုလိုက် သည်။ ခွေးကလေးတွေက ကြောင်ကလေး တွေလောက်တော့ လူတွေကို ပွတ်သီးပွတ် သပ် မလုပ်တတ်ပေ။ ” လေးလေး တိုးကလေးလို ခွေးလေး တစ်ကောင်လောက်မွေးလို့ရ မလားဟင်” ပိုးလင်းဖြူက သူ့လေးလေးကို မဝံ့မရဲ လေးမေးသည်။
“မမွေးပါနဲ့ သမီးရယ်”
” သမီးအဖော်ရတာပေါ့။ ကြောင်လိုလည်း မချွဲဘူးလေ”
” ပိုးပိုးခွေးမွေးချင်မွေးပါသမီးရဲ့။ ဒါပေမဲ့ ခွေး ခွေးလိုနေတဲ့ ခွေးမွေးလေ။ တိုးကလေးက ခွေး ခွေးနဲ့ မတူဘူး။ လူနဲ့တူနေတာ သမီးပိုးပိုးရဲ့”
ဘာပဲဖြစ်ဖြစ် ပိုလင်းဖြူလေး ခွေးမွေး ခွင့်ရလိုက်ပြီဖြစ်သည်။ ခွေးကို ခွေးနှင့် တူအောင် ဘယ်လိုမွေးရမလဲဆိုတာကိုတော့ ပိုးလင်းဖြူက ငယ်သေးသဖြင့် သူ့လေးလေးကိုပဲ သင်ခိုင်းရပေလိမ့်မည်။
စိုးဘားဒိုင်
Credit; Popular မှကူးယူဖော်ပြသည်။
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ
ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame
Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း
ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍
အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media
ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Write comments