တစ်စုံတစ်ယောက်က သူ့အား ” အဖေ့အကြောင်း စာစီစာကုံးရေးပါ” ဆိုလျှင် သူ တစ်မှတ်မျှမရမှာသေချာပါသည်။ အဘယ်ကြောင့် ဆိုသော် “အူဝဲ” ဆို သည့်မြည်သံစွဲအလင်္ကာကို ရွတ်ဆိုပြီး ပြင်ပလေကို ရက်သုံးဆယ် လောက်သာထိတွေ့ပြီးနောက် ကံ ကြမ္မာ၏ အငြင်းပွားဖွယ်မရှိ ဆုံးဖြတ်ချက်နှင့်အတူ သူ့အဖေလည်း ဘဝတစ်ခုသို့ ရောက်သွားသော ကြောင့်ဖြစ်သည်။
ထိုစဉ်က သူ့အမေအသက်က ငွေရတု။ အရွယ်ရှိသည်၊ ရုပ်ရှိသည်။ ထို့ကြောင့် အမေ့ကို အင်ထရိုဝင်သူ အချို့ရှိခဲ့သော်လည်း အမေက ထူထဲ သော ကိန်းဂဏန်းပိုင်ရှင်အချို့ကို ဥပေက္ခာပြုပြီး အားလုံးကို အနီကတ် ပြခဲ့သည်။ နောက်ဆုံးတွင် အမေ ကိုင်စွဲလိုက်သော လက်နက်မှာ “တောင်းတစ်လုံး၊ ချိန်ခွင်တစ်လက်” နှင့် ထုပ်ပိုးသိမ်းဆည်းထားသည့် မေတ္တာစေတနာများပင်ဖြစ်သည်။ (သူတို့မောင်နှ မနှစ်ယောက်၏ ကိုယ် ရေးမှတ်တမ်းထဲသို့ဝင်လာမည့် “ပထွေး” ဆိုသော ဝေါဟာရကို ကာကွယ်လိုက်ခြင်းလည်းဖြစ်သည်။)
ထို့နောက် အစ်မနှင့်အမေက ဖြစ်သလိုစားပြီး ဖြစ်သလိုနေသည်။ သူ့ကို ကောင်းကောင်းစား၊ ကောင်းကောင်းနေစေသည်။ ပညာတတ် တစ်ယောက်ဖြစ်အောင်လည်းအမေ နှင့်အစ်မက ပံ့ပိုးပေးခဲ့သည်။ ထို့ ကြောင့် အစ်မက အသက်ငယ်ငယ် နှင့် စာသင်ခန်းကိုစွန့် လွှတ် ခဲ့ရပြီး အမေ၏ ဈေးတောင်းခေါင်းပေါ်ရွက် သည့် အစီအစဉ်တွင် ပါဝင်အားဖြည့် ရင်း သုံးဦးနှင့်ဖျော်စပ်ထားသော သူတို့၏ဘဝလေးက ဘဏ်စာရင်းမရှိ၊ စမတ်ဖုန်းမရှိနှင့် ကန်ရေပြင်လို တည်ငြိမ်နေခဲ့သည်။ ထို့အတူ ဘေးထွက်ဘောမရှိ၊ လူကျွံဘောမရှိအ ရာရာ ကို ရောင့်ရဲနိုင်ခဲ့သည်။
သို့သော် ကံကြမ္မာက သူ့ဘက်က မရှိခဲ့ပေ။ သူဆယ်တန်းဖြေမည့် နှစ်တွင် ယာဉ်မတော်တဆမှုတစ်ခုကြောင့် သူ့ဦးခေါင်းထိခိုက်ခဲ့ရ သည်။ ကာလတစ်ခုတွင် အခြေအနေပြန်ကောင်းလာသော်လည်း ဦးနှောက်ပိုင်းဆိုင်ရာ အားနည်းမှုနှင့်အတူသူ၏ “IQ” ကလည်း အနိမ့် ပိုင်းသို့ ရောက်သွားခဲ့သည်။ သို့သော် မည်သူ့ကိုမျှ ပြဿနာမရှာ၊ တစ်ယောက် တည်းအနေများပြီး သူဖက်လှဲတကင်း နှင့် စကားပြောသည်မှာ သူ့အမေတစ်ယောက်သာဖြစ်သည်။ သူ့အစ်မ ကိုတော့ မေးထူးခေါ်ပြောသာဖြစ်၏။ သူ့အသက် ၁၆ နှစ်ရောက်လာသည့် တိုင် သူ့အမေနှင့် တစ်ခြင်ထောင်တည်း အိပ်ဆဲဖြစ်သည်။
ထိုသို့နှင့် ကာလတစ်ခုတွင် သူ့အမေကွယ်လွန်သွားခဲ့သည်။ ရက်ပေါင်း၊ လပေါင်းများစွာ သူကြေကွဲ ခဲ့ရသည်။ ကမ္ဘာကြီးကလည်း သူငယ်စဉ်ကလို မဟုတ်တော့ပေ။ သူ့ အစ်မသည်ပင် ကလေးနှစ်ယောက်၏ အမေခေါ်ခြင်းကို ခံနေရပြီဖြစ်သော် လည်း သူက အမေ့ခြင်ထောင်လေး ကို အမွေဆက်ခံရင်း အမေ့အငွေ့ အသက်များနှင့်အတူ သူ့ဘဝကို သက်တမ်းတိုးနေခဲ့လေသည်။ သို့ သော် အိုင်ကျူနိမ့်သော်လည်း သူက သတင်းစာ၊ ဂျာနယ်ဖတ်သဖြင့် မိမိ နိုင်ငံတွင်ဖြစ်ပျက်သည့် ကိစ္စများနှင့် နိုင်ငံတကာမှအကြောင်းအရာများ ကိုလည်း သိနေသူတစ်ယောက်ဖြစ်သည်။ ဥပမာ- ထိုင်းနိုင်ငံတွင် ဗုံး ပေါက်ကွဲသည့်သတင်းနှင့် သူ့နိုင်ငံမှ နိုင်ငံရေးအလှုပ်အရှား၊ အပြောင်း အလဲများကိုလည်း တစ်ခါတစ်ရံ သူ့ အစ်မကို ပြောပြလေ့ရှိသည်။
သူက အနည်းငယ်စပ်စုလေ့လာ လိုစိတ်လည်းရှိသည်။ လမ်းထိပ်မှာယာဉ်တိုက်မှုဖြစ်သည်၊ ဈေးမှာရန် ဖြစ်သည်ကအစ သူသိနေတတ် သည်။ မိုးလင်းသည်နှင့် သူ့အစ်မထံမှ လက် ဖက်ရည်ဖိုးတောင်းပြီး သူသောက် နေကျ “နိုင်” လက်ဖက်ရည် ဆိုင်လေးသို့သွားကာ သ တင်းစာသုံးလေးစောင် လောက်ကို မလွတ်တမ်း ဖတ်သည်။ သူမလွဲမသွေထမ်းဆောင်ရမည့် တာဝန်ဟု သူက ယုံကြည်ထားသည်။
ယနေ့လည်း နံနက် ၇ နာရီ လောက်ကတည်းက အိမ်ကထွက်လာခဲ့သည်။ ကောက်ညှင်းပေါင်းဝယ်ပြီး လက်ဖက်ရည်နှင့်သောက်သည်။ သို့သော် အရင်ရက်များလို သတင်း စာမဖတ်ဖြစ်တော့ပေ။ ကျောင်းရှေ့က သစ်ပင်ရိပ်လေးအောက်သို့ အရောက်သွားကာ သစ်ငုတ်လေးတစ်ခုအပေါ်မှာထိုင်ပြီး တစ်စုံတစ်ခုကိုမျှော်ရင်း ဟိုငေးသည်ငေးနှင့် သူ့ မျက်လုံးများက အရပ်လေးမျက်နှာ ဆီသို့ လိုက်ချိန်နေလေသည်။ တဖြည်းဖြည်းနှင့် နေပူလာသည်။ နောက် နေအေးသွားသည်။ ထို့နောက် အလင်းရောင်နည်းသွား သည်။ မကြာခင် အလင်းရောင် ပျောက်တော့မည်။ သို့သော် သူက သစ်ငုတ်လေးပေါ်မှာ အရုပ်လေး တစ်ရုပ်ချထားသလို မျက်လုံးတွေကလွဲပြီး ငြိမ်သက်နေဆဲဖြစ်သည်။ မကြာခင် သူ့အစ်မကလေး ချီပြီး အနားရောက်လာသည်။ သူကစကားတစ် ခွန်းမှမပြောပေ။ ဖြတ် သွားသည့် လူများကိုသာ လိုက်ကြည့် နေ၏။ ထို့နောက် သူ့အစ်မက ကလေးကိုချကာ သူ့ဘေးမှာဝင်ထိုင်ရင်း ပြောလိုက်လေသည်။” မိုးလည်းချုပ် လှ ပါပြီ မောင်လေးရယ်။ အိမ်ပြန်ကြရအောင်။ အမေက မဲစာရင်းထဲမှာသာ ပါတာပါ။ သူလာနိုင်မှာမဟုတ်ပါဘူး”
မောင်မြင့်အောင်
Credit; Popular မှကူးယူဖော်ပြသည်။
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍ အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)
No comments:
Write comments