09-790570465

09-975288547

MOAGs Admin Team

iBest Groups

မွှေးနံ့မပြယ်သော စကားပန်း ခြောက်ကလေး

Posted by   on Pinterest

” ကြီးရင့်သက်ရွယ်ချစ်မပြယ်”
သက်ကြီးရွယ်ရင့် ဇနီးမောင်နှံများကို တွေ့မြင်ရသည့်အခါတိုင်း ဤအဖွဲ့ကလေးကို သတိရသည်။ ရှင်မဟာရဋ္ဌသာရ၏ စတုဓမ္မသာရ ကိုးခန်းပျို့တွင် ပုဏ္ဏား ကြီးတောထွက် သွားသောအခါ ဇနီးဖြစ်သူ ပုဏ္ဏားမကြီးက ခင်ပွန်းကို လွမ်းဆွတ်တမ်းတသော စကားအဖြစ် ဖွဲ့ထားခြင်းဖြစ်သည်။ အပြည့်အစုံမှာ..
” သီရိထုံသင်း၊ မြတ်တံတင်းဝယ်၊ ဟောင်းမြင်းရှည်လျား၊ ခြောက်အောင်ထားသည်၊ စံကားရွှေပွင့်၊ နံ့မလွင့်သို့၊ ကြီးရင့်သက်ရွယ်၊ ချစ်မပြယ်သား” ဟူ၍ ဖြစ်သည်။ သေတ္တာ ထဲတွင်ထည့်ထားသော စကားပန်းကလေးသည် ကာလရှည်ကြာသောအခါ ခြောက်သွားသော်လည်း မွှေးရနံ့မှာ ပြယ်လွင့်မသွားသကဲ့သို့ မိမိတို့နှစ်ဦးသည်လည်း အသက်အရွယ်ကြီးရင့်သည်အထိ အချစ်မပြယ်ပါကြောင်း ခိုင်းနှိုင်းဖွဲ့ဆိုထား ခြင်းဖြစ်သည်။ လေးနက်သိမ်မွေ့လှ သော မေတ္တာအဖွဲ့ကလေး ဖြစ်သည်။
ကျွန်တော်တို့၏ ပတ်ဝန်းကျင်ကို သတိထားကြည့်မည်ဆိုလျှင် ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမကြီးတို့ ဇနီးမောင်နှံကဲ့သို့ပင် အိုမင်းရင့်ရော်သည်အထိ အချစ်မပြယ်ဘဲ ရာသက် ပန် ရိုးမြေကျပေါင်းဖက်ရသော ဇနီး မောင်နှံများ၏ ဖြစ်ရပ်အမျိုးမျိုးကို တွေ့နိုင်ပါသည်။ ထိုဖြစ်ရပ်များကို စာရေးဆရာများက အမှတ်ထင်ထင် ရေးဖွဲ့ခဲ့ကြသောကြောင့် ကျွန်တော် တို့ သိခွင့်ရကြသည်။
ဆရာ တက္ကသိုလ်ဘုန်းနိုင်၏ “ဝသန်လေချိန်မှန်ကူး” ဝတ္ထုထဲက ဇာတ်ကွက်ကလေးတစ်ကွက်မှာမူ “ဆင်ကွဲ” ဖြစ်ရပ်ကလေးဖြစ်သည်။ ဝတ္ထုထဲက ဇာတ်ဆောင်ဖြစ်သူ ဆရာဝန်ကြီး ဒေါက်တာနှင်းငွေ တာဝန်ကျသော စဝ်စံထွန်းဆေးရုံကြီးသို့ အဘွားအိုတစ်ယောက် ရောက်လာသည်။ မြန်မာစကား ရေရေလည်လည်မပြောတတ်၍ မြေးကလေးက ဘာသာပြန်ပေးရသည်။ အဘွားအို၏ဇာတ်လမ်းကို ဆရာဝန်ကြီးက စိတ်ရှည်လက်ရှည် နားထောင်ပေးသည်။ မြေးမကလေး က ရှင်းပြသည်။ အဘွားမှာ ဓနု လူမျိုးဖြစ်သည်။ အဘိုးက အင်းသား ဖြစ်သည်။ အဘိုးနှင့်အဘွား မေတ္တာသက်ဝင်၍ ငယ်စဉ်ကပင် လက်ထပ် ကြသည်။ နှစ်ယောက်စလုံး ပင်ပင် ပန်းပန်း ဆင်းဆင်းရဲရဲရုန်းကန်ရသည်။ အဘိုးက အဘွားကို ပုလဲ နားကပ်လေး လုပ်ပေးချင်သည့် အတွက် ပုလဲလေးနှစ်လုံး အရင်ဝယ် ထားသည်။ ရွှေဝယ်နိုင်လျှင် နားကပ် လုပ်မည်ပေါ့။ သို့သော် သူတို့ခမျာ အလုပ်လုပ်ရင်း သားတွေသမီးတွေ ပွားစီးလာသည်။ ရွှေဝယ်ပြီး နားကပ် လုပ်သည့်စခန်းသို့ မရောက်ခင် အဘိုးကွယ်လွန်သွားရှာသည်။ အဘွားကတော့ အဘိုး၏ဆန္ဒကို အမြဲသတိရနေသည်။ သည်လိုနှင့် နှစ်တွေကြာ သွားသည်။ အဘွားသည် အိုမင်းသည့်အရွယ်သို့ ရောက်လာ သည်။ ထိုအချိန်ကျမှ ကံမျက်စိလည် ပြီး အဘွား ထီငါးသောင်းဆုပေါက်သည်။ အဘိုး၏ဆန္ဒကိုအကောင် အထည်ဖော်လိုက်သည်။ နားကပ် လေးလုပ်ပြီးပြီ။ ခက်သည်က အဘွား မှာ နားပေါက်မရှိခြင်းဖြစ်သည်။ သည်အရွယ်ကျမှ နားပေါက်ဖောက် မည်ဆိုသည်ကို ပတ်ဝန်းကျင်က ရယ်သွမ်းသွေးကြသည်။ အဘွားမခံနိုင်။ ထို့ကြောင့် ဆရာဝန်ကြီးဆီ ရောက်လာခြင်းဖြစ်သည်။ အဘွားက ထိုအကြောင်းကို မျက်ရည်စက်လက် ဖြင့်ရှင်းပြပြီး နားပေါက်ဖောက် ပေးဖို့ ပြောသည်။ ဆရာဝန်ကြီးသည် ကိုယ်ခန္ဓာမှ ထို့ထက်ကြီးမားသော အပေါက်ကြီးများကိုပင် ချုပ်၍ ကုသပေးနိုင်သည်ကို သိပါကြောင်း၊ သူ့ကို နားပေါက်ဖောက်ပေးလျှင် ဆေးရုံကို ငွေအများကြီး လှူမှာဖြစ် ကြောင်း၊ ငွေအားလုံးကိုလည်း လှူပစ်မည်ဖြစ်ကြောင်း ရှင်းပြသည်။ ဒေါက်တာနှင်းငွေ၏ ရင်ထဲမှာ နင့်ခနဲခံစားလိုက်ရသည်။ အဘွားကို နားပေါက်လှလှလေး ဖောက်ပေးပါ့ မယ်ဟုပြောသောအခါ အဘွား ကျေနပ်သွားပြီး “ဆာဓု၊ ဆာဓု” ဟု သာဓုခေါ်ပြီးပြန်သွားသည်။ အဘွား ပြောပြသည်ကို နားထောင်နေသော သူနာပြုဆရာမကလေးမှာ မျက်ရည်ကျနေရှာသည်။ ဤဇာတ်ကွက်လေးကို လှလှပပရေးဖွဲ့ထားခြင်းဖြစ်သည်။
အဘွားအတွက်တော့ အဘိုးသည် ဘယ်တော့မှမသေသော အဘိုးဖြစ်သည်။ ငယ်စဉ်က အဘိုးစခဲ့သော “ချစ်လက်ဆောင်” ဇာတ်လမ်းလေးသည် အဘိုးမရှိတော့ သော်လည်း အဘွားရင်ထဲမှာ တစ်သက်လုံးစွဲကျန်နေသည်။ ထိုဇာတ်လမ်းကလေးကို အကောင် အထည်ဖော်ဖို့ အခြေအနေပေးလာသည်နှင့် မဆိုင်းမတွ အကောင် အထည်ဖော်ခြင်းဖြင့် “ကြီးရင့်သက်ရွယ် ချစ်မပြယ်” သည့် အဘွား ၏မေတ္တာကို အကောင်အထည် ဖော်လိုက်ခြင်းဖြစ်ပါသည်။နောက်ထပ် ဆင်ကွဲလေးတစ်ခုက ဆရာမ မစန္ဒာ၏ “အမေချက်တဲ့ ပုစွန်ကျားခုနစ်ကောင်” ဖြစ်သည်။ သားသုံးယောက်စလုံး အိမ်ထောင်ကျပြီး အိမ်ခွဲသွားသည့်အတွက် အဖေကြီးနှင့် အမေကြီးနှစ်ယောက်တည်း အေးအေးဆေးဆေးနေကြသည်။ တစ်နေ့မှာ အမေကြီး ဈေးသွားရင်း အဖေကြီးကြိုက်တတ်သော ပုစွန်ကျားတွေတွေ့၍ ချိန်ချိန်ဆဆ စဉ်းစားပြီး ဝယ်လာခဲ့သည်။ အားလုံး ခုနစ်ကောင်ဖြစ်သည်။ အိမ်ရောက် တော့ ဆီပြန်လေးချက်သည်။ ထိုစဉ်သားတို့စုံတွဲ ခြောက်ယောက် အိမ်ကိုလာလည်ကြသည်။ အဖေရော၊ အမေရော ဝမ်းသာသွားသည်။ ပုစွန်ကျားခုနစ်ကောင်မှာ သားတွေ၊ ချွေးမတွေကိုကျွေးမွေးဖို့ အခန့်သင့် ဖြစ်သွားသည်။ ထမင်းဝိုင်းမှာ သူတို့ အားရပါးရစားနေသည်ကို အမေက ကြည်ကြည်နူးနူးကြည့်နေသည်။ အဖေတို့အမေတို့အတွက်ကော ရှိရဲ့လားဟု တစ်ယောက်ကမေးတော့ ရှိပါတယ်ကွယ်ဟုဖြေသည်။ ပန်းကန်ထဲမှာ ပုစွန်တစ်ကောင်တည်းကျန်နေ၍ သားတစ်ယောက်က အပြတ်ဖြတ်လိုက်သည်။ ချွေးမတစ်ယောက်က ပန်းကန်တွေဆေးပေးသည်။ ပြီးတော့ ရယ်ရယ်မောမော ပြန်သွားကြသည်။ အဖေရောအမေပါ ပီတိဖြစ်ပြီး ကျန်ခဲ့သည်။ ဟင်းကျန် အနှစ်ကလေးနည်းနည်းပါးပါးနှင့် သခွားသီးစိတ်လေးနှင့် ထမင်းစားကြသည်။ ” သခွားသီးကလေးမှာ ချို
အေးနေသည်” ဟု ဝတ္ထုကို အဆုံးသတ်ထားသည်။
ကြီးရင့်သက်ရွယ် ချစ်မပြယ်ဇာတ်လမ်းတွေကို စဉ်းစားနေစဉ် သတင်းစာရောက်လာ၍ လှန်လိုက်တော့ အံ့သြသွားသည်။ နာရေး ကြော်ငြာနှစ်ခုကို ယှဉ်လျက်တွေ့ရ သည်။ အသက်ရှစ်ဆယ်ကျော် အဘိုးအဘွား ဇနီးမောင်နှံ နှစ်ယောက်၏ နာရေးဖြစ်သည်။ ခင်ပွန်းက သုံးရက်စောပြီး ကွယ်လွန်သည်။ ခင်ပွန်းကွယ်လွန်ပြီး သုံးရက်ကြာတော့ ဇနီးကွယ်လွန်သည်။ “ကံတူအကျိုးပေး” ဟု ခေါ်ရလေ မလားမသိပါ။ ဝတ္ထုအရေးကောင်းသော စာရေးဆရာကြီး၊ ဆရာမကြီးများ ထိုဖြစ်ရပ်နှင့် နီးစပ်လျှင်တော့ “ကြီးရင့်သက်ရွယ် ချစ်မပြယ်” ဝတ္ထုတစ်ပုဒ် တိုးလာမည်မလွဲဟု တွေးမိပါသည်။
မောင်ခင်မင် (ဓနုဖြူ)
Credit; popular မှကူးယူဖော်ပြသည်။

(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍ အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်