အရင်းရှင်နှင့် ကွန်မြူနစ်တို့
အားပြိုင်စအချိန်တွင် ကွန်မြူနစ်တို့အနေဖြင့် ၎င်းတို့လမ်းစဉ် ကို
ကျောက်ရုပ်ခေါင်း ညိတ်အောင် ပြောပြနိုင်စွမ်းရှိ ခဲ့ကြသည်ဟု ကျော်ကြားခဲ့သည်။
ထိုခေတ် ထိုအခါက နိုင်ငံရေး လမ်းစဉ်တစ်ခု၊ ဝါဒတစ်ခုကို
လူထုခေါင်းညိတ်နိုင်လောက်အောင် စည်းရုံးနိုင်လျှင် ကိစ္စပြီး သလောက်
ဖြစ်သည်၊ ထိုအချိန်တွင်လည်း ကမ္ဘာကြီးမှာ အခြေခံလူတန်းစားထုက
အများဆုံးဖြစ်သည်မို့ အပြောကောင်းသည့်ဘက် ယိမ်းကြသည့်သဘော ရှိသည်၊
အထူးသဖြင့်
ချမ်းသာသူလည်း ပေါင်မုန့်တစ်ချပ်၊ ဆင်းရဲသူလည်း ပေါင်မုန့်
တစ်ချပ်ဟူသောမက်လုံးက အခြေခံလူတန်းစားထုကို တစ်ခါတည်း ဆွဲယူသိမ်းကြုံး
ယူငင်နိုင်ခဲ့သည့် ဖမ်းစားနိုင် စွမ်းရှိစကားများ ဖြစ်ခဲ့ပါသည်။
အတိတ်ကခေါင်းဆောင်များ
အတိတ်ခေါင်းဆောင်များမှာ နိုင်ငံရေးကမ္မဝါ ရွတ်နိုင်ကြလျှင် အတော်
ခရီးရောက်သည့်သဘော တွေ့ရသည်၊ အခြားသောကဏ္ဍများကို နှံ့စပ်ရန် များစွာမလို၊
အရင်းရှင်က ကွန်မြူနစ်ထက်သာအောင် ပြောနိုင်လျှင် အရင်း ရှင်
ဖြစ်လာခဲ့ကြပြီး၊ ကွန်မြူနစ်က အရင်းရှင်ထက်သာအောင် ပြောနိုင်လျှင်
ကွန်မြူနစ် ဖြစ်သွား တတ်ကြသည်၊
တရွေ့ရွေ့ပြောင်းလဲလာသောဖြစ်စဉ်အရ
ခေါင်းဆောင်များ၏ အရည်အသွေးမှာ နိုင်ငံရေးပညာ တစ်ခုတည်းဖြင့်
မလုံလောက်တော့၊ အခြားသောကဏ္ဍများကိုပါ အနည်းနှင့်အများ စေ့ငုမိကြရန်
လိုလာသည်။ နောက်ပိုင်း စီမံခန့်ခွဲရေးဘာသာရပ် နေရာရလာသောအခါ
ခေါင်းဆောင်တို့၏ အရည်အသွေးကို များစွာ ဖြည့်ဆည်းရန် လိုအပ် လာကြောင်း
ထောက်ပြလာခဲ့ကြသည်၊ နှစ်စဉ်နှစ်တိုင်း ကဏ္ဍအသီးသီးတွင် သုတေသန စာတမ်းများကို
အများအပြား ရေးသားခဲ့ကြသော်လည်း၊ ခေါင်းဆောင်မှုဆိုင်ရာ သုတေသနစာတမ်းများက
အရေအတွက် အများဆုံး ဖြစ်လာသည်။ ခေါင်းဆောင်တို့၏ အရေးပါမှု အတိုင်းအတာကို
ရှေးရှေးကထက် ပို၍ အသိအမှတ်ပြုလာကြသည့်လက္ခဏာ ဖြစ်သည်။
ပြောင်းလဲမှုဖြစ်စဉ်အရ ယနေ့ မျက်မှောက်ခေတ်တွင် နိုင်ငံရေးဝါဒတစ်ခုအပေါ်
များစွာ အာရုံ စူးစိုက်မှု မရှိကြတော့၊ စီးပွားရေး မည်မျှကောင်းမွန်အောင်
လုပ်ကိုင်ပေးနိုင်မလဲဟူသောအချက်ပေါ်တွင်သာ အလေးပို၍ ထားလာခဲ့ကြသည်၊
နိုင်ငံတစ်ခု စီးပွားရေးကောင်းမွန်ရန် အထောက်အပံ့ ကောင်းစွာပေးနိုင်မည့်
နိုင်ငံရေးစနစ်တစ်ခုကို ရွေးချယ်ရသည့်သဘောမျှသာ ဖြစ်လာပါတော့သည်။
နိုင်ငံရေးစနစ်ထက် စီးပွားရေး မူဝါဒများအပေါ်သာ ပို၍စူးစိုက်လာခဲ့ကြသည်၊
နိုင်ငံရေးစနစ်ကို အထောက်အပံ့တစ်ခုအဖြစ်သာ သဘောထား ကြတော့သည်၊ အလုံးစုံ
အပြစ်မကင်းသော်လည်း အရင်းရှင်ဝါဒနှင့် ဈေးကွက်စီးပွားရေးစနစ်သည် နိုင်ငံ
များစွာ အသုံးပြုလာခဲ့သော အတွဲအစပ် ဖြစ်လာသည်၊ ဒီမိုကရေစီနှင့်
လူ့အခွင့်အရေးစသည်များကိုလည်း ရှေးကထက် ပို၍အလေးပေးလာခဲ့ကြသည်။
သုတေသနများအရ
အမှုဆောင် (Executive) အဆင့် ခေါင်းဆောင်များတွင် ပထမ-တစ်နှစ်ခွဲကာလ၌
(၄ဝ%) မျှ မအောင်မမြင်ဖြစ်ကြကြောင်း တွေ့ရသည်၊
မိမိအဖွဲ့အစည်းအတွင်းမှမဟုတ်ဘဲ ပြင်ပမှခေါင်းဆောင်များကို လည်း
ခေါ်ယူအသုံးပြုကြရသည်များလည်း ရှိတတ်သည်၊ ပြင်ပမှခေါ်ယူသော ခေါင်းဆောင်များ၏
ကျဆုံးမှု မှာ မိမိအဖွဲ့အစည်းအတွင်းမှ ဖြစ်လာသော ခေါင်းဆောင်များ၏
ကျဆုံးမှုထက် နှစ်ဆမျှပိုသည်ကိုလည်း တွေ့ရ သည်၊ Leadership Talent ဟူသော
ခေါင်းဆောင်တို့၏ ပါရမီပါ အရည်အသွေးဆိုင်ရာဖွံ့ဖြိုးမှုတွင် (၂%) မျှ ကသာ
ခေါင်းဆောင်များအနေဖြင့် ကြီးကျယ်သောလုပ်ငန်းများကို လုပ်နိုင်စွမ်းသည်ဟု
ယုံကြည်ကြသည်၊ Team Work ဟူသော အစုအဖွဲ့ဖြင့်
ဆောင်ရွက်ရသောလုပ်ငန်းများတွင် (၇၅%) မှာ အပေးအယူ မမျှတကြ ဘဲ မအောင်မမြင်
ဖြစ်ကြလေ့ရှိသည်ဟု သုတေသနများက ဖော်ထုတ်ထားသည်၊
ခေါင်းဆောင်များအနေဖြင့် နောက်လိုက်တို့ကို အမြင်ဖွင့်ပေးခြင်း၊
အသိပညာပေးခြင်း၊ စိတ်တက်ကြွစေခြင်းများကို အဓိက ဆောင်ရွက်ပေးရလေ့ ရှိသည်။
အတတ်ပညာကိုမူ ဆိုင်ရာသင်တန်းများ စေလွှတ်ခြင်းဖြင့် ရယူစေတတ်ကြသည်။
တရွေ့ရွေ့ပြောင်းလဲမှုဖြစ်စဉ်
ခေါင်းဆောင်မှုအရည်အချင်းတွင် (စီမံခန့်ခွဲမှုပညာ) သည် များစွာ
အရေးပါလှသည်ကို တွေ့ရ၏။ Scientific Management Theory သည် (၁၈၉ဝ-၁၉၄၅)
အတွင်း ခေတ်စားလာပြီး၊ Administrative Management Theory သည်
ပထမသီအိုရီနှင့် ခေတ်ပြိုင်အသုံးပြုလာပြီး ၁၉၈ဝ-ခန့်အထိ အားကောင်းခဲ့ သည်။
လူတို့၏ အမူနှင့်အလေ့အကျင့်ကို လေ့လာပြီး အသုံးပြုခဲ့သော Behavioral
Management Theory မှာ (၁၉၃ဝ-၁၉၉ဝ) ကာလအတွင်းလည်းကောင်း၊ Management
Science Theory မှာ (၁၉၄ဝ-၁၉၉၅) ၊ Organizational Environment Theory မှာ
(၁၉၅ဝ-၂ဝဝဝ) ခန့်ဟူသော ကာလအသီးသီးတွင် ကျယ်ပြန့် စွာ အသုံးပြုခဲ့ကြသည်ကို
တွေ့ရသည်၊
Theory "X" သည် မိမိတို့၏ တက်ကြွစိတ်ဖြင့်
မလုပ်လိုမကိုင်လိုကြသူများဖြစ်ပြီး ထိုသူတို့အတွက်
စည်းမျဉ်းစည်းကမ်းများကို ချမှတ်ပေး၍ အလုပ်လုပ်စေပြီး၊ Theory "Y"
လူစားများမှာမူ ပင်ကိုယ်အလုပ် လုပ်လိုသောသူများဖြစ်ကြကြောင်း ပါမောက္ခ
Douglas McGregor က ထုတ်ဖော်ပေးခဲ့သည်၊ ဂျပန်လူမျိုး William Ouchi က
Theory "Z" ဟူ၍ ထုတ်ဖော်လိုက်သည်။ ဂျပန်တို့၏ စုပေါင်းစဉ်းစား
ဆုံးဖြတ်လေ့ရှိကြ သော ယဉ်ကျေးမှုနှင့် အမေရိကန်တို့၏ တစ်ဦးကောင်း
လုပ်ကိုင်တတ်သောဓလေ့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။
အငြင်းပွားဖွယ်ရာ ဗဟိုချုပ်ကိုင်မှု ပြေလျော့ခြင်း
အရာရာကို ဗဟိုချုပ်ကိုင်မှုများရာမှာ ဗဟိုချုပ်ကိုင်မှု
လျော့ချရေးကို ပြောင်းလဲကျင့်သုံးခြင်းဖြင့် ပို၍အလုပ်ဖြစ်လာ ခဲ့ကြသည်ကို
တွေ့ရသည်၊ သို့သော်လည်း ဗဟိုချုပ်ကိုင်မှုကို
လုံးဝလျော့ချလိုက်ခြင်းအားဖြင့် အချို့သော မရင့်ကျက်သေးသည့်
အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများတွင် ဘေးထွက်ဆိုးကျိုးများကို ခံစား
လာရကြောင်း တွေ့ရပြန်သည်။ မိမိတို့၏ အခြေအနေအရ ဗဟိုချုပ်ကိုင်မှုကို
သင့်လျော်သလို လျော့ချပေးခြင်း က အကောင်းဆုံးဖြစ်သည်ကို တွေ့လာရပါသည်။
ဗုဒ္ဓ၏ မဇ္ဈိမပဋိပဒါသဘောကို လိုက်နာခြင်းမည်သည့်သဘော ဖြစ်၏။
ဗဟိုချုပ်ကိုင်မှုနှင့်ပတ်သက်၍ ယေဘုယျအားဖြင့် ငါးမျိုး ခွဲခြားထားသည်၊
သင့်လျော်သလို အသုံးပြု သွားနိုင်ရန် ဖြစ်သည်။
(၁) ထောင်လိုက်၊ အလျားလိုက် ဗဟိုချုပ်ကိုင်မှု
(Vertical & Horizontal Centralization)
(၂) ထောင်လိုက်၊ အလျားလိုက် ဗဟိုချုပ်ကိုင်မှု လျော့ချခြင်း
(Vertical & Horizontal Decentralization)
(၃) အလျားလိုက်အကန့်အသတ်ဖြင့် ဗဟိုချုပ်ကိုင်မှု လျော့ချခြင်း
(Limited Horizontal Decentralization)
(၄) ထောင်လိုက်အကန့်အသတ်ဖြင့် ဗဟိုချုပ်ကိုင်မှု လျော့ချခြင်း
(Limited Vertical Decentralization)
(၅) သီးသန့်ရွေးချယ် ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း
(Selective Decentralization)
ဟူ၍ဖြစ်သည်။
တစ်ချိန်က Adam Smith ၏ သဘောတရားမှာ ဈေးကွက်ကို အစိုးရများက
ဝင်ရောက်စွက်ဖက် သည်ကို လက်မခံခဲ့၊ ဈေးကွက်ကို သူ့သဘောအတိုင်း
လွှတ်ထားရန်နှင့် ဈေးကွက်ရှိ မမြင်ရသောလက်က ပြန်လည် ထိန်းကွပ်သွားမည်ဟူ၍
ဖြစ်သည်။ John Maynard Keynes ကမူ ဈေးကွက်ကို လွတ်လပ်စွာ လွှတ်ထားရန်မသင့်၊
အစိုးရများ၏ ဝင်ရောက်စွက်ဖက်မှုရှိသင့်သည်ဟု ယူဆသည်။ ၂ဝဝ၈-ကမ္ဘာ့စီးပွားရေး
အကျပ်အတည်းတွင် အမေရိကန်အစိုးရက အတိုင်းအတာတစ်ခုအထိ ဝင်ရောက်
စွက်ဖက်ခဲ့ရသည်၊
အရင်းရှင်စနစ်စစ်စစ်တွင် ကောင်းကျိုးများရှိသလို
ဆိုးကျိုးများလည်း အများအပြားပင်၊ ကွန်မြူနစ်တွင်လည်း ထိုနည်း၎င်းပင်၊
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည်လည်း လုံးဝမရှိခဲ့လျှင် မကောင်း သလို၊
အတိုင်းအတာမဲ့ လွတ်လပ်လွန်းလျှင်လည်း ကောင်းသည်မဟုတ်ချေ။
နောက်ပိုင်း ခေါင်းဆောင်များ၏အယူအဆမှာ ဝါဒနှင့်စနစ်ကို မူရင်းစစ်စစ်
သုံးစွဲခြင်းမှ ရှောင်ကြဉ် လာခဲ့ကြပြီး၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု၊
ပထဝီအခြေအနေ၊ အချိန်အခါနှင့်ည§ိ၍ သင့်လျော်သလို အသုံးပြု ခြင်းက
အကောင်းဆုံးဖြစ်သည်ကို တွေ့လာခဲ့ကြသည်၊ Hybrid ဟုခေါ်သည်။ စနစ်တစ်ခုနှင့်
Factors အားလုံးကို ချိန်ညှိပြီး မည်သို့ စီမံခန့်ခွဲရမည်များကို
ဆုံးဖြတ်နိုင်ခြင်းသည် ခေါင်းဆောင်တို့၏အရည်အချင်း ဖြစ်ပြီး Talent
ရှိသောခေါင်းဆောင် များအနေဖြင့် မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ်နိုင်ကြောင်း
တွေ့ရသည်၊ ရှေးက ခေါင်းဆောင်များ သည် တစ်ခုကောင်းပေါ်တွင်
အခြေခံလေ့ရှိသော်လည်း နောက်ပိုင်းတွင် ပညာအပေါ် အခြေခံလာခဲ့ကြသည်ဖြစ်ရာ
Knowledge Leader များဖြစ်ရာ ကြိုးစားလာခဲ့ကြသည်၊ ၂၁-ရာစု
ခေါင်းဆောင်များ၏အရည်အချင်းမှာ ထို့ထက်ပိုလွန်ပါမှ အောင်မြင်မှုကို
ရနိုင်ကြမည်ဖြစ်ရာ Talented Leader များဖြစ်ရန်
များစွာပြုစုပျိုးထောင်လာခဲ့ကြပြီ ဖြစ်သည်။
ပါရမီပါခေါင်းဆောင်များမှာ သီအိုရီကို များစွာ ဖက်တွယ်ခြင်းမရှိကြတော့ဘဲ
သဘောတရားရေးရာနှင့် အမြင်အာရုံ သန်စွမ်းကြသူများ ဖြစ်လာလေ့ ရှိကြပြီး
အခြေအနေအချိန်အခါ ကို ကောင်းစွာသိနိုင်ကြသူများ ဖြစ်လေ့ ရှိကြသည်၊
ဤဖက်တာများပေါ် မူတည်၍ အဆိုးထဲမှအကောင်းကိုလည်းကောင်း၊ စိန်ခေါ်မှုများထဲမှ
အခွင့်အလမ်းများ ကိုလည်းကောင်း ရှာဖွေ ဖော်ထုတ်နိုင်ကြပြီး၊
မိမိတို့အဖွဲ့အစည်းများ၏ရှေ့ရေးကို ကောင်းစွာ တည်ဆောက်နိုင်ကြ သူများ
ဖြစ်သည်၊ ခေါင်းဆောင်သည် နောက်ပါတို့ကို သာမန်ဦးဆောင်ရုံဖြင့်မပြီး၊ အနာဂတ်
ခေါင်းဆောင်သစ် များကို မွေးထုတ်ရန်တာဝန်ရှိပြီး၊ နောက်လိုက်များ၏
အနာဂတ်အမြင်ကို ဖွင့်ပေးရန်နှင့် ရှိဆဲအရည်အသွေး၊ ကန့်သတ်ချက် များကို
ကျော်လွန်၍ စွမ်းရည်မြှင့်တင်ပေးနိုင်ရန်အထိ တာဝန်ရှိနေကြပါသည်။
တစ်ခုကောင်းဖြင့် ရပ်တည် ရသည့်အရည်အချင်းမျိုးမှာ အတိတ်တွင်
ကျန်ရစ်ခဲ့ပြီး၊ ကဏ္ဍစုံကို ကျွမ်းကျင်နှံ့စပ်၍ ထက်မြက်မှုရှိသော
ခေါင်းဆောင်များဖြစ်ရန် လိုအပ်လာပါသည်။
ဒေါက်တာနေဇင်လတ် page မှကူးယူဖော်ပြပါသည်။
Subscribe to:
Post Comments (Atom)

No comments:
Write comments