09-790570465

09-975288547

MOAGs Admin Team

iBest Groups

ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုး၊ဘာသာ သာသနာ နိုင်ငံရေးအစ ‘ဝိုင်အမ်ဘီအေ’ က

Posted by   on Pinterest

၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အိန္ဒိယပြည် ဘုရင်ခံချုပ် ‘လော့ဒပ်ဖရင်’ က ယခင် သီပေါဘုရင် အုပ်ချုပ်ခဲ့သော နယ်ပယ်အားလုံးကို ဂရိတ်ဗြိတိန်ပြည့်ရှင် ဘုရင်မကြီး၏ နိုင်ငံတော်ဖြစ်ပြီဟု ကြေညာခဲ့သည်။ ထိုစဉ်မှစ၍ တိုင်းရင်းသားလူမျိုးများ အခြေချနေထိုင်ရာ ဒေသများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ ဗြိတိသျှကိုလိုနီဘဝသို့ ကျရောက်သွား ခဲ့ရတော့သည်။ သို့နှင့်တိုင် ၁၈၈၆ မှ ၁၈၉၆ ခုနှစ်လောက်အထိ နယ်ပယ်ဒေသ အသီးသီးမှ တိုင်းရင်းသား ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် ဆက်လက်တော်လှန် ပုန်ကန်ခဲ့ကြသည်။
ဗမာတိုင်းရင်းသားများ၏ လူစုလူဝေးနှင့် အရေးဆိုခဲ့ကြသော ခေတ်သစ်နိုင်ငံရေး လှုပ်ရှားမှုများမှာ ၂၀ ရာစု ဆန်းတော့မှ စတင်နိုင်ခဲ့သည်။ ကျန်တိုင်းရင်းသားများ၏ ခေတ်သစ် နိုင်ငံရေး လှုပ်ရှားမှုများမှာကား ဒုတိယကမ္ဘာစစ်ကို ဖြတ်သန်းအပြီး စစ်ပြီးခေတ်ရောက်တော့မှ စတင် အရှိန်ရလာခဲ့သည်။
ဗမာတိုင်းရင်းသားများ၏ ပထမဆုံး နိုင်ငံရေးသဘောဆောင်သည့် အဖွဲ့အစည်းမှာ ၁၉၀၆ ခုနှစ်က ထူထောင်ခဲ့သော ‘ဝိုင်အမ်ဘီအေ’ ခေါ် ‘ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး’ ပင်ဖြစ်သည်။ ဝိုင်အမ်ဘီအေ အသင်းကြီး၏ ရည်ရွယ်ချက်မှာ အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာရေးကို အားပေးဆောင်ရွက်ဖို့ ဖြစ်သည်။ ဤအတွက် ‘အမျိုးကိုချစ်ပါ၊ ဘာသာကို လေးစားပါ၊ သာသနာကို ချီးမြှင့်ပါ၊ ပညာကို အားပေးပါ’ ဟု ကြွေးကြော်သံ ထုတ်ခဲ့ကြသည်။ တစ်နိုင်ငံလုံး ကျွန်ဘဝ ကျရောက်နေသည်ဖြစ်၍ ဗမာလူမျိုးများနှင့် သူတို့၏ ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို ပညာနှင့် မြှင့်တင်နိုင်ရန် ဆော်သြလိုက်သည့် သဘောပင် ဖြစ်သည်။ တစ်နည်း ဆိုရလျှင် ‘အမျိုး၊ ဘာသာ၊ သာသနာ’ ဆိုသော ကြွေးကြော်သံဖြင့် ဗမာ တစ်မျိုးသားလုံးကို စည်းရုံး လှုံ့ဆော်လိုက်သည်ဖြစ်၍ ‘နိုင်ငံရေးအစ ဝိုင်အမ်ဘီအေက’ ဟု ဆိုနိုင်ပါလိမ့်မည်။
ဝိုင်အမ်ဘီအေမှသည် ဂျီစီဘီအေ၊ ထိုမှတစ်ဖန် တို့ဗမာအစည်းအရုံး အထိ ဝိုင်အမ်ဘီအေ အဖွဲ့ကြီး၏ ‘အမျိုး၊ ဘာသာ၊ သာသနာ’ ကို အခြေခံ ခဲ့ကြသည်သာဖြစ်သည်။ ‘ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ တို့ပြည်ကိုချစ်ပါ၊ တို့စာကို လေးစားပါ၊ တို့စကားကို ချီးမြှင့်ပါ’ ဆိုသည်မှာ တို့ဗမာအစည်းအရုံးကြီး၏ ကနဦးကြွေးကြော်သံပင် ဖြစ်သည်။ ထိုစဉ်က ခေတ်သစ်နိုင်ငံရေး လှုပ်ရှားမှုအတွက် အဆင်သင့် ဖြစ်နေပြီဖြစ်သော ဗမာတိုင်းရင်းသားများကို အဓိက ပစ်မှတ်ထား စည်းရုံးခဲ့သည်ဖြစ်၍ အဆိုပါအဖွဲ့အစည်းများမှာ သူ့ခေတ်နှင့်သူ ရှေ့တန်း ရောက်ခဲ့သော တပ်ဦးအဖွဲ့အစည်းများဟု ဆိုရပါလိမ့်မည်။ သို့တစေ ၁၃၀၀ ပြည့် အရေးတော်ပုံကာလသို့ ရောက်သော အခါတွင်ကား ဆိုခဲ့ပါ ‘အမျိုး၊ ဘာသာ၊ သာသနာ’ ဆိုသော ကြွေးကြော်သံထက် ပိုမိုနက်ရှိုင်း ကျယ်ပြန့်သော ရည်မှန်းချက်သို့ ဦးတည်ပြောင်းလဲလာ ခဲ့ပါသည်။
တို့ဗမာအစည်းအရုံးမှ ဖဆပလသို့
ထောင့်သုံးရာပြည့် အရေးတော်ပုံကာလအတွင်း စတင်ခဲ့သော အဆိုပါ အပြောင်းအလဲကို ဦးတည်စေခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်ကြီး နှစ်ခုရှိသည်ဟု စဉ်းစားမိသည်။ နိုင်ငံတကာမှ ပျံ့နှံ့ ရိုက်ခတ်လာသော အတွေးသစ်၊ အမြင်သစ်များနှင့် အလွန် အရေးကြီးသည့် ပြည်တွင်း အပြောင်းအလဲတို့ ဖြစ်သည်။ နဂါးနီစသော စာပေလှုပ်ရှားမှုများ၏ ကျေးဇူးကြောင့် နိုင်ငံတကာမှ ခေတ်သစ်နိုင်ငံရေး အတွေးအခေါ်များ၊ ပြည်တွင်းလှုပ်ရှားမှုနှင့် ဆက်စပ်လာသည်။ သို့ဖြင့် ထောင့်သုံးရာပြည့်၏ မဟာဗျူဟာ ရည်မှန်းချက်မှာ အစဉ်အလာ ‘အမျိုး၊ ဘာသာ၊ သာသနာ’ ကိုကျော်ပြီး ‘လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေး’ ဖြစ်လာသည်။
ဒုတိယ ဖြစ်စဉ်ဖြစ်ရပ်မှာ ပြည်တွင်းအပြောင်းအလဲ ဖြစ်သည်။ လှုပ်ရှားမှု၏ အဓိကစည်းရုံးရေး ပစ်မှတ်မှာ ယခင်ကလို ဗမာတိုင်းရင်းသား သက်သက်မျှ မဟုတ်တော့။ ခေတ်သစ် လှုပ်ရှားမှုအတွက် အဆင်သင့် ဖြစ်စပြုလာသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖြစ်လာသည်။ ဘာသာ၊ သာသနာ ဆိုလျှင်လည်း ဗမာတို့ သက်ဝင်ယုံကြည်ရာ ဗုဒ္ဓဘာသာ သက်သက် မဟုတ်တော့။ တိုင်းရင်းသားများ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားကြီးများ ဖြစ်လာသည်။ ထောင့်သုံးရာပြည့် အပြီး ဒုတိယ ကမ္ဘာစစ်ကြီးကို ဖြတ်သန်းပြီးသောအခါ တိုင်းရင်းသားတို့၏ နိုင်ငံရေး နိုးကြားမှုမှာ ဗမာနှင့် တစ်ပြေးညီဖြစ်လာသည်။ လွတ်လပ်ရေးဆိုသည်နှင့် ဗမာလူမျိုး သက်သက် လွတ်လပ်ရေးမဟုတ်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ လွတ်လပ်ရေးဖြစ်လာသည်။ (ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေး ဆိုလျှင်လည်း အလားတူပင်)။
ဤသို့ဖြင့် ဗိုလ်ချုပ်အောင်ဆန်း ပီပီသသဦးဆောင်မှု ရလာသော စစ်ပြီးခေတ် ဖဆပလအဖွဲ့ကြီးတွင် ဗမာပါတီများသာမက တိုင်းရင်းသား အဖွဲ့အစည်းများပါ အပြန့် ကျယ်လာခဲ့သည်။ ပြောင်းလဲလာသော ခေတ်အခြေအနေပေါ် မူတည်ပြီး ရည်မှန်းချက်နှင့် ကြွေးကြော်သံများကို ပြင်ဆင် သတ်မှတ်နိုင်ခြင်းသည်ပင် ဗိုလ်ချုပ်၏ အမြော်အမြင်ဟု ဆိုချင်သည်။ ပြည်တွင်းစစ်မီးကို မငြှိမ်းနိုင်ရုံမျှမက ပိုမိုကျယ်ပြန့်စေခဲ့သည့် ‘ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြဋ္ဌာန်းမှု’ လို ဗိုလ်ချုပ်နောက်ပိုင်း ဖဆပလ၏ ပေါ်လစီများနှင့် နှိုင်းယှဉ် စဉ်းစားကြဖို့ဖြစ်သည်။ ဗိုလ်ချုပ်က ဗမာအမျိုးသားရေး အမြင်သက်သက်ကို မပြော၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တစ်နည်း ပင်လုံစိတ်ဓာတ်ကိုသာ အမွေ ချန်ထားခဲ့သည်။ ဗိုလ်ချုပ်က ဗုဒ္ဓဘာသာ သက်သက်ကိုသာ မပြော၊ လူသားတို့၏ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ဘက်မှ ရပ်ခံသည်။
ထောင်ချောက်
ယနေ့ရောက်ရှိနေသော ၂၁ ရာစုမှာ ဝိုင်အမ်ဘီအေ အသင်းကြီး အစပျိုးချိန် ၂၀ ရာစုခေတ်ဦးနှင့် ဘယ်လိုမှ မတူနိုင်တော့ပါ။ ပြဿနာတွေ ပိုများလာသလို ပို၍လည်း ထွေပြားလာပါသည်။ အမွန်အမြတ် ဘာသာတရား တစ်ခုကိုပင် ပါးပါးနပ်နပ် အသုံးချပြီး မိမိတို့ အတွင်းကျိတ် အကြံအစည်များအတွက် လှုပ်ရှားနေကြသည်များပင် ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်း နှစ်ခုကြား ဂိုဏ်းဂဏသဘော ဆောင်သော ပဋိပက္ခများကို မထိန်းနိုင်ရာမှ တစ်ပြည်လုံး အတိုင်းအတာ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်များနှင့် ကြုံခဲ့ရသည်။ ဤကိစ္စကို အကြောင်းခံပြီး မကြာသေးခင်ကပင် ပြည်ထောင်စုလွှတ်တော်မှ ဥပဒေလေးရပ်ကို ပြဋ္ဌာန်းပေးခဲ့သည်။
ဤနေရာတွင် ဥပဒေပြုသူများ၏ စိုးရိမ်မှုကို နားလည်နိုင်သော်လည်း မလွှဲမရှောင်သာ ကြုံရနိုင်သည့် ဘေးထွက် ဆိုးကျိုးများကိုမူ စိုးရိမ်မိသည်။ ဤသည်တို့မှာ -
(က) ဗုဒ္ဓဘာသာဝင် မဟုတ်သော တိုင်းရင်းသားများက ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများအပေါ် အထင်အမြင် လွဲမှားမှု သံသယများ ဖြစ်ပေါ်လာနိုင်ခြင်း
လွှတ်တော် အစည်းအဝေးများတွင် ပြောကြားခဲ့ကြသော တိုင်းရင်းသား ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များမှာပင် အဆိုပါ သံသယ အပိုင်းအစများကို တွေ့ရပါသည်။ ယနေ့ကာလလို ပြည်တွင်းငြိမ်းချမ်းရေးများ အရေးအကြီးဆုံး အဆင့်သို့ ရောက်ရှိနေချိန်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး အထူး လိုအပ်နေချိန်တွင် ဆိုခဲ့ပါ သံသယမျိုး မြူမှုန်မျှပင် မရှိစေသင့်ဟု သဘောရပါသည်။
(ခ) ဗုဒ္ဓဘာသာနှင့် အခြားသော ဘာသာတရားများကြား အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့တွင် အဖုအထစ် ဖြစ်စေနိုင်လောက်သည့် သံသယများ ဖြစ်ပေါ်လာနိုင်ခြင်း
ဘာသာရေးအသွင် ဆောင်သော အဓိကရုဏ်းများ အကင်း မသေတတ်သေးသော လက်ရှိ အခြေအနေတွင် ဘာသာတရားများကြား အပြန်အလှန် နားလည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးမှာ အထူးလိုအပ်သည်ဟု ယူဆရပါသည်။ ဤလိုအပ်ချက်ကို အဟန့်အတား ဖြစ်စေနိုင်လောက်သည့် သံသယမျိုးဆိုလျှင် သတိကြီးကြီးထား၍ ရှောင်သင့်သည်ဟု သဘောရသည်။
(ဂ) ပြန်လည်တည့်မတ်ခါစ မြန်မာနိုင်ငံ၏ ဥပဓိကို ထိခိုက်နိုင်စရာ ရှိခြင်း
လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲနှင့်အတူ ကာလအတန်ကြာ ထိခိုက်ပွန်းပဲ့ခဲ့ရသော မြန်မာနိုင်ငံ၏ ဥပဓိမှာ ပြန်လည် တည့်မတ်လာခဲ့ပါသည်။ ယခုပြဋ္ဌာန်းလိုက်သော ဥပဒေများနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ အပြည့်အဝ နားမလည်နိုင်ကြ သေးသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ဤအတိုင်းဆိုလျှင် ပြန်လည်တည့်မတ်ခါစ မြန်မာနိုင်ငံ၏ ဥပဓိကို ထိခိုက် လာနိုင်စရာ ရှိပါသည်။
ပြောကြစတမ်းဆိုလျှင် လက်ရှိဥပဒေများ၏ မြစ်ဖျားခံရာ ရခိုင်ပြည်နယ်အရေးမှာ တစ်ဖက်မှ ရည်ရွယ်ချက်ရှိရှိ ကျုံးသွင်းနေသလို လူမျိုးရေးပြဿနာ မဟုတ်ပါ။ ဘာသာရေးပြဿနာ ပို၍ပင် မဟုတ်ပါ။ နယ်မြေ ပြဿနာသာ ဖြစ်ပါသည်။ ဤအချက်ကို နှလုံးသွင်း၍ ပါးပါးနပ်နပ် ပြန်လည်တုံ့ပြန်ဖို့ လိုမည်ထင်ပါသည်။
ကျော်ဝင်း
၇-စက်တင်ဘာ-၂၀၁၅
The voice daily သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်