ခရီးမထွက်ခင် ပြင်ဆင်သွားသင့်တဲ့အချက်တွေ
မကြာခင် ၀ါလကင်းလွတ်သီတင်းကျွတ်ရောက်ပြီမို့ ခရီးသွားရာသီစတင်ပါတော့မယ်။ ကျောင်းသားတွေလည်း ကျောင်းပိတ်ရက်တွေရကြတာမို့ မိသားစုလိုက်ခရီးထွက်ဖို့ တာစူနေကြပါပြီ။ ခုနောက်ပိုင်း ခရီးစဉ်အသစ်တွေ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ များပြားလာတာနဲ့အမျှ ခရီးထွက်ခြင်းဟာလည်း ရေပန်းစားလာခဲ့ပါတယ်။ ဒီလို မိသားစုလိုက်တစ်အိမ်လုံး ခရီးထွက်ကြတဲ့အခါ မထွက်ခင် ပြင်ဆင်သင့်တာတွေရှိပါတယ်။ ဒီတစ်ပတ်တော့ ခရီးမသွားခင် ကြိုတင်ပြင်ဆင်သင့်တဲ့အချက်တွေကို ဝေမျှပေးချင်ပါတယ်။
ပထမဆုံးအချက်ကတော့ နေ့စဉ်မဖြစ်မနေသောက်ရမယ့်ဆေးဝါးတွေကို ကိုယ်နဲ့တစ်ပါတည်းထည့်သွားဖို့ပါ။ လမ်းမှာလိုမှ ၀ယ်လိုက်မယ်ဆိုပြီး မလုပ်ပါနဲ့။ အိမ်ကနေ ပြင်ဆင်သွားတာ အကောင်းဆုံးပါ။ နောက်ထပ်ပြင်ဆင်သင့်တာတွေကတော့ အသက်အာမခံ၊ ကိုယ်ပိုင်ကားနဲ့သွားမယ်ဆိုရင် ကားအာမခံပါ ထည့်ယူသွားဖို့ပါ။ ပြီးတော့ သင့်ရဲ့တန်ဖိုးကြီးရတနာပစ္စည်းတွေကို လုံခြုံစိတ်ချရတဲ့နေရာမှာ သိမ်းသွားဖို့လည်း မမေ့ပါနဲ့။ ခရီးထွက်တဲ့အခါ ဆွေမျိုး၊ မိတ်ဆွေတွေရဲ့ ဖုန်းနံပါတ်တွေ၊ မိသားစုဆရာဝန်ရဲ့ဖုန်းနံပါကအစ စာအုပ်ထဲမှာရော၊ ဖုန်းထဲမှာပါ မှတ်ထားရပါမယ်။
တစ်အိမ်လုံးခရီးထွက်ကြမယ်ဆိုရင် ကိုယ်နဲ့ရင်းနှီးတဲ့ဘေးအိမ်က အိမ်နီးချင်းအချို့ကိုတော့ အသေးစိတ်မဟုတ်တောင် ဘယ်နှရက်ကြာမယ်၊ ဘယ်ရက်ပြန်ရောက်မယ်ဆိုတာလောက်တော့ ပြောပြသွားသ့င်ပါတယ်။ တကယ်လို့ ဆွေမျိုးတွေနဲ့ အိမ်နီးတယ်ဆိုရင်လည်း သူတို့ကို အကြောင်းကြားသွားလိုက်ပါ။ စိတ်ချရတယ်ဆိုရင် အရေးပေါ်ကိစ္စတွေအတွက် အိမ်သော့အပိုတစ်ချောင်းပါပေးထားခဲ့သင့်ပါတယ်။
ခရီးထွက်မယ်ဆိုကတည်းက ဘယ်နှရက်ပဲသွားသွား ရေခဲသေတ္တာထဲက အစားအသောက်တွေကိုတော့ ရှင်းသွားသင့်ပါတယ်။ လျှပ်စစ်အတွက်လည်း မိန်းချသွားမှာမို့ ရေခဲသေတ္တာထဲ ဘာမှမထားခဲ့တာ အကောင်းဆုံးပါပဲ။ နောက်တစ်ချက်ကတော့ မီးဖိုးချောင်ထဲ အနံ့အသက်မထွက်အောင် ခရီးမသွားခင်ကတည်းက ပစ်စရာရှိတဲ့အမှိုက်တွေကို အကုန်ပစ်ခဲ့ပါ။ အချိန်ရရင် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်သွားတာ ပိုကောင်းပါမယ်။ ဒါမှလည်း ခရီးကပြန်လာတဲ့အခါ အနံ့အသက်ဆိုးတွေ ထွက်မနေတော့ဘူးပေါ့။
နောက်ထပ်တစ်ချက်ကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် ပြင်ဆင်ဖို့ပါ။ နိုင်ငံခြားမှာတော့ အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် အိမ်ရှင်တွေခရီးသွားတုန်းမှာ အပ်ထားလို့ရတဲ့ ၀န်ဆောင်မှုတွေရှိပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာလည်း ဒီလိုဝန်ဆောင်မှုမျိုးတွေ တစ်ခုစ၊ နှစ်ခုစ တွေ့လာရပါပြီ။ ဒါကြောင့် ခရီးသွားမယ်ဆိုရင် သူတို့လေးတွေကို စောင့်ရှောက်ပေးဖို့ ၀န်ဆောင်မှုလုပ်ငန်းကို အပ်တာပဲဖြစ်ဖြစ်၊ အပ်ထားလို့ရမယ့် အသိမိတ်ဆွေတွေဆီ ထားခဲ့တာပဲဖြစ်ဖြစ် လုပ်ပေးခဲ့သင့်ပါတယ်။
နောက်ဆုံးသတိထားရမယ့်အချက်တွေကလည်း အရမ်းအရေးကြီးပါတယ်။ အိမ်မှာ မိန်းချသွားတယ်ဆိုပေမယ့် တပ်ထားတဲ့ပလပ်ပေါက်မှန်သမျှ ဖြုတ်သွားတာ စိတ်ချရပါတယ်။ ပြီးတော့ ရေပိုက်တွေ ပိတ်သွားရမယ်။ ခန်းဆီးလိုက်ကာတွေရှိရင် ပိတ်သွားရမယ်။ နောက်ဆုံး အိမ်လုံခြုံရေးအတွက် ကောင်းပေ့ဆိုတဲ့ သော့ခလောက်မျိုးတွေနဲ့ အိမ်တံခါးတွေကို အထပ်ထပ်ပိတ်သွားလိုက်ပါ။ ပြောပြခဲ့တဲ့အကြောင်းအရာတွေကတော့ တစ်အိမ်လုံးခရီးမထွက်ခင် ပြင်ဆင်သွားသင့်တဲ့အချက်တွေပါ။ အားလုံးပဲ ခရီးစဉ်မှာ ပျော်ရွှင်စွာနဲ့ ကုန်ဆုံးနိုင်ကြပါစေ။
Ref: listcrux
yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com
Subscribe to:
Post Comments (Atom)

No comments:
Write comments