ဘက်စုံသုံး ပျားရည်အစွမ်း
လွန်ခဲ့တဲ့ နှစ် ၂,၀၀၀ လောက်ထဲက ယုံယုံကြည်ကြည် လက်ဆင့်ကမ်းသုံးစွဲလာကြတဲ့ပစ္စည်းကတော့ ပျားရည်ပါပဲ။ ရှေးအီဂျစ်လူမျိုးတွေ လက်ထက်ထဲက အလှအပအတွက်ရော၊ ကျန်းမာရေးအတွက်ပါ အစဉ်တစိုက် သုံးစွဲလာရာကနေ ဒီနေ့ခေတ်ထိလည်း အိမ်တိုင်းမှာ မရှိမဖြစ်ဆောင်ထားကြတဲ့ ပျားရည်ရဲ့အကျိုးကျေးဇူးတွေကို ညွှန်းပေးချင်ပါတယ်။
မသန့်စင်ထားတဲ့ ပျားရည်တစ်ဇွန်းမှာ ကယ်လိုရီ ၆၄ ရာခိုင်နှုန်းပဲရှိပြီး အဆီမပါ၊ ကိုလက်စထရောမပါ၊ ဆိုဒီယံမပါဘူးလို့ National Honey Board အဖွဲ့အစည်းက ကြေငြာထားပါတယ်။ ကာဗွန်ဟိုက်ဒရိတ် ၈၀ ရာခိုင် နှုန်း၊ ရေဓာတ် ၁၈ ရာခိုင်နှုန်း၊ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စက် ၂ ရာခိုင်နှုန်းစီလည်း ပါဝင်ပါတယ်။ ပျားရည်ဟာ လူကြီးတွေအတွက်တော့ အသုံးဝင်တယ်ဆိုပေမယ့် ကလေးငယ်လေးတွေအတွက်တော့ သတိထားစရာပါ။ ပျားရည်ထဲမှာပါတဲ့ ဘတ်တီးရီးယားတစ်မျိုးဟာ လေထုထဲကအမှုန်အမွှားတွေမှာတွေ့ရတာကြောင့် ၁ နှစ်အောက် ကလေးတွေမှာ အဆိပ်သင့်ပြီး ကြွက်သားတွေအားနည်းကာ အသက်ရှုကြပ်တာမျိုးတွေရှိပါတယ်။ ဆရာဝန်တွေကတော့ ကလေးတစ်နှစ်ကျော်မှပဲ ပျားရည်တိုက်ဖို့ အကြံပြုပါတယ်။
ပျားရည်ရဲ့ အကျိုးအာနိသင်တွေအကြောင်း ပြောရမယ်ဆိုရင် မကုန်နိုင်ပါဘူး။ မီးလောင်ဒဏ်ရာကို သက်သာစေတာကအစ ချောင်းဆိုးပျောက်တဲ့အဆုံး အများကြီးပါပဲ။ ဒါ့ပြင် ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်တတ်တဲ့ ဓာတ်မတည့်တာတွေကိုလည်း သက်သာစေပါတယ်တဲ့။ တကယ်တော့ ပျားရည်ဆိုတာ သဘာဝကရတဲ့ ရောဂါကုသဆေးလို့ တင်စားနိုင်ပါတယ်။ သူ့ထဲမှာပါတဲ့ ပန်းဝတ်ဆံဟာ လူခန္ဓာကိုယ်ထဲရောက်သွားရင် ပဋိဇီဝပစ္စည်းတွေ ထွက်လာစေလို့ ဓာတ်မတည့်ရောဂါတွေကို သက်သာစေတာပါ။
လက်ဖက်ရည်ဇွန်း တစ်ဇွန်းပမာဏကို ကာဗွန်ဟိုက်ဒရိတ် ၁၇ ဂရမ် ပါဝင်တဲ့ပျားရည်ရဲ့ ဂုဏ်သတ္တိကတော့ အံ့မခန်းပါပဲ။ သောက်လိုက်တာနဲ့ သွေးကြောထဲအထိ တိုက်ရိုက်ဝင်သွားပြီး ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်စွမ်းပေးနိုင်ပါတယ်။ ဒါကြောင့် အားကစားလုပ်တဲ့သူတွေ ခန္ဓာကိုယ်တွင်း သကြားဓာတ်ကုန်ခမ်းသွားတဲ့အခါ ကလူးကို့စ်ထက် ပျားရည်က အမြန်ဆုံးဖြည့်စွမ်းပေးနိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
အအေးမိဖျားနာသူတွေအတွက်လည်း ပျားရည်က အကောင်းဆုံးဆေးပါပဲ။ အအေးမိဖျားနာဖြစ်ပြီဆို ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းလောက် သောက်လိုက်ရုံနဲ့တင် သက်သာပျောက်ကင်းစေပါတယ်။ အသက် ၁ နှစ်က နေ ၅ နှစ်အရွယ်ကလေးတွေမှာ အအေးပတ်ပြီး ချောင်းဆိုးရင် ညအိပ်ရာမ၀င်ခင် ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းလောက် တိုက်ပေးရင် သက်သာတယ်လို့ ၂၀၁၂ ခုနှစ်ထုတ် ဆေးပညာဂျာနယ်တွေမှာ ဖော်ပြထားပါ တယ်။ အအေးမိဖျားနား သက်သာရုံတင်မဟုတ်ပဲ ညဘက်ကိုလည်း အိပ်ရေး၀၀အိပ်နိုင်အောင် ပျားရည်ကလုပ်ပေးနိုင်စွမ်းရှိပါတယ်။ သကြားလိုပဲ serotonin ထွက်ပြီး အင်ဆူလင်ဓာတ် မြှင့်တက်စေတာမို့ သက်တောင့်သက်သာနဲ့ အိပ်ရေး၀၀ အိပ်စေနိုင်ပါတယ်။ ညအိပ်ရာမ၀င်ခင် ပျားရည်သောက်လိုက်တာနဲ့ serotonin ဓာတ်ထွက်လာပြီး ဦးနှောက်ကတစ်ဆင့် အိပ်ရေးဝစေတဲ့ melatonin အဖြစ် ပြောင်းလဲသွားပါတယ်။
ဆောင်းတွင်းဘက်ဆို ဗောက်ပြဿနာကို အများဆုံးခံစားကြရပါတယ်။ ဒီ့အတွက်လည်း စိုးရိမ်စရာမရှိပါဘူး။ ပျားရည်က သင့်အခက်အခဲကို ဖြေရှင်းပေးနိုင်ပါတယ်။ ဥရောပဆေးပညာဂျာနယ်မှာ ဖော်ပြချက်အရတော့ ပျားရည်ထဲ ကြက်သီးနွေးရေ ၁၀ ပုံ တစ်ပုံရောပြီး ဗောက်ရှိတဲ့နေရာတွေကို သုတ်လိမ်းလိုက်ပါ။ ၃ နာရီကြာရင် ခေါင်းပြန်လျှော်ပါ။ တစ်ပတ်လောက်တော့ ဗောက်မရှိအောင် ပျောက်ကင်းစေပါတယ်တဲ့။ ဗောက်ပြဿနာဖြစ်နေတဲ့သူတွေကို ဒီနည်းလမ်းအတိုင်းလုပ်ကြည့်တဲ့အခါ ခြောက်လအကြာမှာ ဗောက်ပြဿနာမရှိတော့သလောက် ပျောက်ကင်းသက်သာသွားပါတယ်။
yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com
Subscribe to:
Post Comments (Atom)

No comments:
Write comments