စိတ်ကူးအိပ်မက်နောက်
လိုက်မလား၊ ပိုက်ဆံနောက် လိုက်မလား။ စာဖတ်သူတို့ရော
အသက်မွေးဝမ်းကြောင်းကို ရွေးချယ်တဲ့အခါ ဘယ်အချက်ကိုအဓိကထား ရွေးချယ်ကြလဲ။
တစ်ခါတစ်လေတော့လည်း စိတ်ထဲမပါပဲ အခြေအနေအကြောင်းကြောင်းကြောင့်
ဆုံးဖြတ်လိုက်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါဆို
အမှန်ကန်ဆုံးရွေးချယ်နိုင်ဖို့ ဘယ်အချက်တွေပေါ်အခြေခံပြီး ဆုံးဖြတ်သင့်လဲ။
စတိဗ်ဂျော့ကတော့ “မိမိဘ၀ကို တစ်ပါးသူတစ်ယောက်အဖြစ်
နေထိုင်းရင်းနဲ့ မကုန်ဆုံးလိုက်ပါနဲ့။ စိတ်ကူးအိပ်မက်ကို ရှာဖွေပါ။
မတွေ့သေးရင် ရပ်မနေပါနဲ့။ ရအောင်ရှာဖွေပါ” လို့ ပြောခဲ့ဖူးပါတယ်။
သင်ကိုယ်တိုင် အမှန်တကယ် စိတ်ဝင်စားတဲ့အရာ၊ ကြိုက်နှစ်သက်တဲ့အရာဖြစ်မှလည်း
ရွေးချယ်လိုက်တဲ့လမ်းကြောင်းကို အကောင်းဆုံး လျှောက်လှမ်းနိုင်မှာပါ။
မဟုတ်ပဲ တစ်စုံတစ်ယောက်ကြောင့်၊ အကြောင်းကိစ္စတစ်ခုကြောင့်
ဝါသနာမပါတဲ့လမ်းကြောင်းကို လျှောက်လှမ်းတဲ့အခါ
ထူးချွန်အောင်ကြိုးစားချင်စိတ်မရှိတော့ပဲ အလိုက်သင့်မျောပါသွား တတ်ပါတယ်။
လူတစ်ယောက်ဟာ တကယ်နှစ်သက်တဲ့လမ်းကြောင်းကို
ရွေးချယ်လိုက်ရင် ပိုက်ဆံအဓိကမကျတော့ပဲ သူ့ဘ၀မှာ ရည်မှန်းချက်တွေရှိလာမယ်၊
လုပ်နေတဲ့အချိန်မှာလည်း တက်ကြွလန်းဆန်းနေမယ်၊ ဒီအလုပ်ကို
မရွေးချယ်လိုက်မိတဲ့အတွက် နောင်တရစရာမရှိတော့ဘူး၊ ရည်မှန်းချက်ပန်းတိုင်ကို
ရှာဖွေတွေ့ရှိသွားပြီး အလုပ်ကို ချစ်မြတ်နိုးတဲ့သူတစ်ယောက်အဖြစ်
ရပ်တည်သွားနိုင်ပါတယ်။
ကိုယ်ရွေးချယ်လိုက်တဲ့လမ်းကြောင်းဟာ သူများထက်
ဝင်ငွေနည်းချင်နည်းမယ်၊ ခံစားခွင့်နည်းချင်နည်းမယ်၊
ပေါ်ပြူလာဖြစ်ချင်မှဖြစ်မယ်၊ ဒါပေမယ့် သင်ကိုယ်တိုင်နှစ်သက်လွန်းလို့
ရွေးချယ်လိုက်တာမို့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံကောင်းတွေရမယ်၊
အမှတ်တရတွေရမယ်၊ ကြိုးစားရင်ကြိုးစားသလောက် ရလဒ်ကောင်းတွေ ခံစားရမယ်။
လူတစ်ယောက်သက်တမ်း ၈၀ နေရမယ်လို့ တွေးကြည့်ပါ။ ဘ၀ကို ကုန်ဆုံးရမယ့်အချိန်
၇၀ ရာ ခိုင်နှုန်းလောက်က အိပ်ချိန်နဲ့အလုပ်ချိန်ပါ။
သင်မပျော်တဲ့အလုပ်တစ်ခုနဲ့ တစ်ဘ၀လုံးဖြတ်သန်းသွားဖို့ စဉ်းစားထားရင်တော့
ဘ၀ရဲ့အချိန်တော်တော်များများ မပျော်ရမှာသေချာပါတယ်။
တချို့ကျတော့လည်း မိဘစိတ်ချမ်းသာဖို့ လုပ်ရတယ်၊
မိသားစုစီးပွားရေးပြေလည်ဖို့ လုပ်ရတာရှိမယ်လေ။ ဒီလိုဆိုရင်တော့
သင်ထောက်ပံ့ရတဲ့အခြေအနေပေါ်မူတည်ပြီး ကိုယ့်စိတ်ကူးအိပ်မက်နောက်ကို
လိုက်တက်ရပါမယ်။ အထောက်အပံ့ပေးနိုင်လောက်တဲ့အထိ လုပ်ပေးရင်းနဲ့
တစ်ဖက်မှာလည်း ၀ါသနာပါရာကို နည်းနည်းချင်းစီလုပ်ပါ။ နောက်ထပ်တစ်မျိုးကတော့
မိသားစုကို ထောက်ပံ့စရာမလိုပဲနဲ့ မိဘစိတ်ချမ်းသာတာကို
လိုက်လုပ်ရတဲ့သူမျိုးပါ။ မိဘတွေဘက်ကလည်း ကိုယ်ဖြစ်ချင်တာထက်
သားသမီးဝါသနာပါတာကို ပြုစုပျိုးထောင်ပေးသင့်ပါတယ်။ မိဘနဲ့သားသမီး
ရွေးချယ်ရာလမ်းကြောင်းကွဲလွဲနေပြီဆိုရင်တော့ နှစ်ဘက်လုံး
အပြန်အလှန်ညှိနှိုင်းကြည့်သင့်ပါတယ်။ မိဘကလည်း သားသမီးဝါသနာပါရာကို
ရွေးချယ်ခွင့်ပေးသင့်သလို၊ သားသမီးကလည်း
ကိုယ်ရွေးချယ်ထားတဲ့လမ်းကြောင်းပေါ်မှာ အောင်မြင်အောင်လျှောက်ပြဖို့
လိုအပ်ပါတယ်။ 3 Idiots ဇာတ်ကားထဲက ရန်ချိုပြောခဲ့သလိုပါပဲ “ဖြစ်ချင်တဲ့
အိပ်မက်နောက်ကို လိုက်ပါ။ ပိုက်ဆံနဲ့အောင်မြင်မှုက
အလိုလိုလိုက်လာပါလိမ့်မယ်”တဲ့။
တကယ်တော့ လူတစ်ယောက်ဟာ ကိုယ်ဝါသနာပါရာကိုစွန့်တဲ့အထိ
ပိုက်ဆံနောက်လိုက်စရာ မလိုပါဘူး။ ပိုက်ဆံဆိုတာ
ပါးပါးနပ်နပ်ကြိုးစားတဲ့သူတွေအတွက် လောကကြီးက ပြန်ပေးတဲ့ဆုလာဘ်တစ်ခုပါပဲ။
သင်တစ်စိုက်မတ်မတ်နဲ့ အောင်မြင်အောင်ကြိုးစားမယ်ဆိုရင်
သူ့အလိုလိုရောက်လာပါလိမ့်မယ်။ စာဖတ်သူအားလုံး
ကိုယ်ဝါသနာပါရာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ကြပါစေ။
Ref: မိုးရှင်း(I.M.T)
Yangonlife မှကူးယူဖော်ပြပါသည်။
www.myanmarbookworld.com

No comments:
Write comments