ခရီးတွေထွက်ကြတဲ့အခါ အနည်းနဲ့အများတော့ ယာဉ်မောင်းတွေ
အိပ်ငိုက်တတ်ကြပါတယ်။ ဖြစ်လေ့ရှိတဲ့ ယာဉ်မတော်တဆမှု တွေကို
လေ့လာကြည့်ရင်လည်း ယာဉ်မောင်းအိပ်ငိုက်လို့ ဖြစ်တာမျိုးတွေ တွေ့ရပါတယ်။
ဒါကြောင့် ခရီးသွားရင်း အိပ်မငိုက်ရအောင် လုပ်သင့်တဲ့အချက်တွေရှိပါတယ်။
ဘာတွေဖြစ်မလဲ လေ့လာကြည့်ရအောင်။
ခရီးတွေသွားတဲ့အခါ ခရီးသည်တင်ယာဉ်ကြီးတွေမောင်းတဲ့ ကျွမ်းကျင်သူတွေတောင်မှ အိပ်ငိုက်မိတတ်ကြပါတယ်။ ကိုယ်ပိုင်ကားလေးနဲ့ သွားကြသူတွေဆို ပိုလိုတောင် ဂရုစိုက်သင့်ပါတယ်။ ကိုယ့်ကြောင့် လိုက်ပါလာတဲ့ ခရီးသည်တွေ ဘေးအန္တရာယ်ကင်းရှင်းအောင် အတတ်နိုင်ဆုံး အိပ်မငိုက်အောင် သတိရှိရပါမယ်။
အိပ်မငိုက်အောင်လုပ်သင့်တဲ့ ပထမဆုံးအချက်က တော်တော်များများလဲ သိပြီးဖြစ်မှာပါ။ ကော်ဖီသောက်တာပါ။ အိမ်ကနေဖျော်သွားပြီး သောက်နိုင်သလို လမ်းမှာလဲ ကော်ဖီဆိုင်တွေ့တဲ့အခါ ခဏတဖြုတ်အနားယူရင်း သောက်သင့်ပါတယ်။ သင့်အကြိုက်ပေါ်မူတည်ပြီး ကော်ဖီအေးပဲဖြစ်ဖြစ်၊ ကော်ဖီပူပူတစ်ခွက်ပဲဖြစ်ဖြစ် အိပ်မငိုက်အောင် သောက်ပါ။
ကားနောက်ခန်းကသူတွေကလည်း ယာဉ်မောင်းအိပ်မငိုက်ရအောင် ထွေရာလေးပါး စကားဖောင်ဖွဲ့ပြောပေးတာ ကောင်းပါတယ်။ ညဘက်မောင်းရတဲ့အချိန်ဆို ခရီးသည်တွေငြိမ်ပြီး အိပ်ပျော်နေချိန်မို့ ယာဉ်မောင်းမှာ ပုံမှန်ထက် အိပ်ချင်စိတ်ပိုဖြစ်စေပါတယ်။ ဒါကြောင့် ယာဉ်မောင်းအိပ်မငိုက်ရအောင် ဘေးကလိုက်တဲ့သူကဖြစ်ဖြစ် စကားပြောပေးပါ။
ခရီးရှည်တွေထွက်တဲ့အခါ အချိန်အကြာကြီးတောက်လျှောက်မောင်းနေတာထက် လမ်းမှာခဏတဖြုတ်နားသင့်ပါတယ်။ ဘယ်လိုပဲ ကားပေါ်မှာ အော်ဟစ်ဆူညံနေပါစေ ကားကိုအချိန်အကြာကြီးမောင်းရတဲ့အခါ စိတ်ငြီးငွေ့ပြီး ယာဉ်မောင်းအိပ်ငိုက်တတ်ပါတယ်။ ဒါကြောင့် လမ်းမှာ အညောင်းအညာပြေနားရအောင် ခဏတဖြုတ်ရပ်ပေးပါ။
မြင်နေကျမဟုတ်တဲ့ ရူခင်းတွေကလည်း စိတ်ကိုလန်းဆန်းပေါ့ပါးစေသလို တေးသီးချင်းတွေကလည်း ခရီးသွားတွေအတွက် အကောင်းဆုံးသူငယ်ချင်းကောင်းပါ။ ကိုယ်တိုင်ဂီတာတီးပြီး သီချင်းအော်ဆိုကြတာဖြစ်ဖြစ်၊ စီဒီဖွင့်ပြီး အတူတူလိုက်ဆိုကြတဲ့အခါ ပျော်စရာကောင်းသလို စိတ်ကိုလည်းလန်းဆန်းစေပါတယ်။
အစာများများစားရင် အိပ်ငိုက်တတ်တယ်ဆိုပေမယ့် ဗိုက်ထဲမှာအစာမရှိတာလည်း အနှောင့်အယှက်တစ်ခုပါပဲ။ ဒါကြောင့် အချိန်ကြာကြာကားမောင်းနိုင်ဖို့ဆိုရင် အစာအိမ်ကိုလည်း ဖြည့်ဖို့လိုပါတယ်။ တစ်ခါစားရင် အများကြီးစားတာထက် ခဏခဏစားပေးတာက အိပ်ချင်စိတ်ကို လျော့နည်းစေပါတယ်။
Ref: listcrux
yangonlife.com မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com

No comments:
Write comments