လွန်ခဲ့သော နှစ် ၅ဝ ကာလ။ ၁၉၆၅ ခုနှစ် စက်တင်ဘာ လတွင် စာပေဗိမာန်က ကြီးမှူး၍ ကလေး စာပေနှီးနှော ဖလှယ်ပွဲ တစ်ရပ် ကျင်းပခဲ့သည်။ ကလေး စာပေရှေ့ဆောင် စာရေး ဆရာကြီးများဖြစ်သော ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီးဒေါက်တာ မောင်ဖြူး၊ ဆရာကြီး လူထုဦးလှတို့ သုံးဦးက ဦးဆောင်၍ ကလေး စာပေ ဖွံ့ဖြိုးရေး အတွက် ဆွေးနွေးကြ သည်။ ယခုနှစ် ၅ဝ ရွှေရတု ကာလ ရောက်ပါပြီ။ ထိုစဉ်က ကြိုးပမ်းခဲ့ကြ သော ကလေးစာပေ ဖွံ့ဖြိုးရေး ဆောင် ရွက်မှုကို ပြန်လည် သတိရသော အားဖြင့် ယခု ၂ဝ၁၅ ခုနှစ် စက်တင် ဘာ ၁၉ရက်နေ့တွင် ကလေးစာပေ အကြောင်းဟောပြောပွဲတစ်ရပ် ကျင်းပသည်။ ကလေး စာပေကို အစဉ် တစိုက်ရေးဖွဲ့ခဲ့ကြသော ဆရာ တက္ကသိုလ် မောင်အောင်ဆွေ၊ ဆရာ မောင်ယဉ်မှူးနှင့် ဆရာ သူရဇော်တို့ က ကလေး စာပေ အကြောင်း ဟော ကြ ပြောကြသည်။ ကလေးစာပေရေး ဖွဲ့သော ကဗျာဆရာများ၊ ဝတ္ထုဆရာ များ၊ ပုံပြင်ဆရာများ၊ သုတ ဆရာများ နှင့်အတူ ကလေး စာပေကို စိတ်ဝင်စားသော ပရိသတ်၏ ရင်ထဲမှာ ကလေးစာပေ အငွေ့အသက် များ ပြန် လည်နိုးကြား လာကြသည်။
ကလေးများကို ချစ်သော၊ ကလေးများကို ပျော်စေလိုသော၊ ကလေးများကို တော်စေကောင်းစေ လိုသော စာရေးဆရာ ကြီးငယ် များ သည် ကလေးတို့ ဆိုစရာ၊ ဖတ်စရာ ကလေးကဗျာများ၊ ဝတ္ထုတိုများ၊ ပုံပြင်များစသည့် ကလေးစာပေအမျိုး မျိုးကို ခေတ်အဆက်ဆက် ရေးဖွဲ့ ခဲ့ကြသည်။ ဆရာကြီး မင်းသုဝဏ်နှင့် ဆရာကြီး ဒေါက်တာ မောင်ဖြူးတို့ကို ကလေး စာပေရှေ့ဆောင် စာဆိုကြီး များအဖြစ် အစဉ် အဆက် အလေး အမြတ်ပြု ကြသည်။ ထိုဆရာကြီးနှစ် ပါး ဖောက်ခဲ့သည့် လမ်းအတိုင်း ကလေးစာပေ စာဆိုများ လျှောက် လှမ်းကာ ကလေး စာပေများကို ရေး ဖွဲ့ကြသည်။ ကလေးများ မြတ်နိုးစ ရာလက်ဆောင်ကောင်း များအဖြစ် ဖန်တီးခဲ့ကြသည်။
ကလေးများ ကိုယ်၌က စိတ်ကူး ယဉ်ကမ္ဘာ ကလေးများကို လှလှပပ ဖန်တီးတတ်ကြသည်။ ကလေးတွေ ကစားသည့် အရုပ်ကလေး များကို ကြည့်လျှင် အရုပ်ပိုင်ရှင်များက နာ မည်လှလှ ကလေးတွေပေးထားတတ် ကြသည်ကို တွေ့ရပါလိမ့်မည်။ သူတို့ အရုပ်တွေက ကျန် စစ်သားတို့၊ ဗန္ဓုလ တို့ဖြစ်ချင်လည်း ဖြစ်ပါလိမ့်မည်။ ရော်ဘင်ဟုတို့၊ ဟယ်ရီပေါ့တာတို့ ဖြစ်ချင်လည်း ဖြစ်ပါလိမ့်မည်။ မယ် ခွေးလေး တို့၊ ဆွတ်ဆွတ်ဖြူ တို့၊ စင်ဒရဲလားတို့ ဖြစ်ချင်လည်းဖြစ်ပါ လိမ့်မည်။ သူတို့ကြားရ၊ ဖတ်ရသော ပုံ ပြင်တွေထဲက ဇာတ်ဆောင်တွေကို သူတို့၏ ကစားဖော်အရုပ်ကလေးတွေ အဖြစ် နာမည်ပေးကာ အသက်သွင်း လိုက်ကြခြင်းဖြစ်သည်။ ထိုအရုပ်တွေ နှင့် သူတို့၏ စိတ်ကူး ယဉ်ကမ္ဘာ ကလေးကို တည်ဆောက်လိုက်ကြ ခြင်းဖြစ်သည်။
ကလေးတွေ ကစားသည့်အခါ မှာလည်း စိတ်ကူးယဉ် ကမ္ဘာကလေး တည်ဆောက် ကြပြန်သည်။ သူတို့ ပတ်ဝန်းကျင်မှ ကစားစရာ သစ်ရွက် ကလေးတွေ၊ ရောင်စုံစက္ကူအစအန ကလေးတွေ၊ သဲမှုန်ကလေးတွေစ သည်တို့မှာ ကလေးများ၏ စိတ်ကူး ဥာဏ်အစွမ်းကြောင့် အံ့သြစရာ ကောင်းလောက်အောင် အသွင် ပြောင်းသွားကြပါသည်။ ရောင်စုံ စက္ကူ ကလေးတွေက တစ်ထောင်တန် တစ်သောင်းတန်ငွေ စက္ကူတွေဖြစ် သွားသည်။ သစ်ရွက်ကလေးတွေက စားစရာ ဟင်းလျာတွေဖြစ်သွား သည်။ သဲမှုန်ကလေးတွေက ထမင်း တွေဖြစ် သွားသည်။ ကစားစရာ အိုး ပုတ်ကလေးတွေက အိုးခွက် ပန်းကန် တွေဖြစ်သွားသည်။ သူတို့၏ စိတ်ကူး ယဉ် ကမ္ဘာကလေးထဲမှာ ထမင်း ချက် ကြ၊ ဟင်းချက်ကြ၊ ရောင်းကြဝယ်ကြ နှင့် ပျော်စရာ ကောင်းသော ကမ္ဘာ ကလေးကို ဖန်တီးကြသည်။
ပင်ကို သဘာဝအရ စိတ်ကူး ယဉ်ကမ္ဘာကလေးများ ဖန်တီးတတ် ကြသော ကလေးများ၏ စိတ်ကူးများ ပို၍ လှပကြွယ်ဝ လာအောင် စာဆို များက ကလေး ကဗျာများတွင် ကမ္ဘာ သစ်များ ဖန်တီးပြလေ့ ရှိကြပါသည်။ သာဓက ကလေးအနည်းအကျဉ်းပြ လိုပါ သည်။ ခေါင်းအုံးကြီးကို ခွစီးကာ ကစားတတ်သော ကလေးငယ် ကို ဘိုးဘိုးကြီး မင်းသုဝဏ်က “ခေါင်း အုံးကြီးခေါင်းအုံး ကြီး မြင်းပျံ လုပ်လို့ စီး”ဟု ပုံဖော်လိုက်သောအခါ ကလေး၏ စိတ်ဓာတ်ထဲမှာ သူစီးနေသော ခေါင်းအုံးကြီး သည် အတောင် ပံနှစ်ဖက်ပေါက် လာသော မြင်းပျံကြီး ဖြစ်သွားပါတော့သည်။ သို့သော် အပေါ်က ခြင်ထောင် ခံနေသဖြင့် မြင်းပျံကြီးမှာ မြေပေါ်တွင်သာ ပြေးရရှာသည်။ ကဗျာဆရာကြီးက ရှေးဇာတ် များတွင် မြင်းစီးထွက်လာ သော လူစွမ်းကောင်းများ “ထိုက်ဟဲ့ ဒဿ၊ ထိုက်”ဟူသော မြင်းမောင်းနှင် သည့် စကား ကို ထည့်ကာ “ထိုက်ဟဲ့ ဇာနည်သွေး” ဟူ၍ မြင်းအာဇာနည် ကို အားရပါးရ မောင်းနှင်နေသည့် သံပေါ်လာအောင် ရေးဖွဲ့ထားပါ သည်။ (“ထိုက်” ၏အဓိပ္ပာယ်ကို သတိမမူမိဘဲ “ထိုက်တဲ့ဇာနည်သွေး” ဟု သွားဆိုသည်များကို ကြားဖူးပါ သည်။ “မြင်းအာဇာနည်”ကို ရည်ညွှန်းသော စကားမဟုတ်တော့ဘဲ မြင်းစီးသည့် လူကလေးကို ထိုက်တန်သည့် အာဇာနည် ကလေးဟု ရေးဖွဲ့ သယောင်ဖြစ် သွားပါ သည်။) ခေါင်း အုံးကြီး ခွစီးရင်း ဤကဗျာကို ပျော် ရွှင်စွာ ရွတ်ဆိုခဲ့ကြသော ကလေး အရေအတွက် နည်းမည်မထင်ပါ။
လက်တွေ့လောက ကို အခြေခံ ကာ စိတ်ကူး လောကကြီးကို ချဲ့ပြီး မြင်တတ် ကြည့်တတ်အောင်လည်း ကဗျာဆရာက ဖန်တီးတတ် ပါသည်။ စာသင်စ ကျောက်သင်ပုန်းပေါ်မှာ ဝလုံးကလေးတွေ ရေးနေသော ကလေးငယ်မှာ ဆရာတင်မိုး က “ကောင်းကင်ကြီး ဟာ ကျောက်သင်ပုန်းပေါ့။ ကြယ်ဝလုံးတွေ ရေးရမယ်” ဟု ဆိုလိုက်သော အခါ သူ့ခေါင်း ပေါ် က ကောင်းကင်ပြင်ကြီး ကို ကျောက် သင်ပုန်း အကြီးကြီးအဖြစ် မြင်လာပြီး ကောင်းကင်က ကြယ် ကလေးတွေကို ဝလုံးကလေးတွေ ဟု မြင်လာမည် မလွဲပါ။ ကလေးငယ် အချို့ တစ်ခါမှ မစဉ်းစားဖူးသော အမြင်ဖြစ်သည့် အတွက် ထူးခြားဆန်း သစ်ပြီး ပျော်စရာ ကောင်းပါလိမ့်မည်။
မြင်နေတွေ့နေကျ အရိုးခံ အရာတစ်ခုကို ကလေးများ အဆန်း တကြယ် မြင်တတ်အောင်လည်း စာဆိုများက ပြတတ်ပါသည်။ ကလေး ကဗျာဆရာမောင်သက်ကြူ က ကလေးတွေမြင်နေကျ အခွံမခွာ ရသေးသော အမွေး စုတ်စုတ် ပြောင်း ဖူးကြီးကို “ခေါင်းစုတ်ဖွားနဲ့ စောင် ခြုံတယ်”၊ ပြောင်းဖူးအဖျားသည်”ဟု ပြလိုက်သောအခါ ကလေး၏ စိတ် ထဲမှာ စောင်ကြီးခြုံပြီး ခေါင်းစုတ် ဖွားကြီးနှင့် တဟီးဟီး အဖျား တက် နေသော လူကြီး တစ်ယောက်အဖြစ် မြင်လာမည် မလွဲပါ။ အဆန်းတကြယ် မြင်ရသော အမြင်ဖြစ်၍ ထူးခြား ပါသည်။ ပျော်စရာ လည်းကောင်းပါ သည်။
ကလေးများအတွက် တွေ့ရိုး တွေ့စဉ် မဟုတ်သော အဆန်းတ ကြယ်စိတ်ကူး ကမ္ဘာများကို ဖန်တီး ပြပြီး စိတ်ကူးဥာဏ် ကွန့်မြူးသည့် အားအင် တိုးပွားအောင် အားပေး သော ကလေး ကဗျာဆရာများ၏ စေတနာနှင့် အစွမ်းကို အလေး အမြတ်ပြုပါ၏။
မောင်ခင်မင်(ဓနုဖြူ)
Credit; Popular မှကူးယူဖော်ပြသည်။
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ
ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame
Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း
ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍
အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media
ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Write comments