09-790570465

09-975288547

MOAGs Admin Team

iBest Groups

အစိုးရသစ်နဲ့ ငြိမ်းချမ်းရေး

Posted by   on Pinterest

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ်ဟာ သမ္မတဦးသိန်းစိန် လက်ထက်မှာ စတင် အကောင်အထည်ဖော်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပါတယ်။
၂၀၁၆ ဇန်နဝါရီမှာ ပြီးဆုံးခဲ့ တဲ့ ‘ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ’ပထမအကြိမ် အစည်း အဝေးကတော့ ရည်ရွယ်ချက်များ ကောင်းမွန်ပေမယ့် အချိန်တို အ တွင်း တက်သုတ်ရိုက် ကျင်းပတာ၊ ပွင့်လင်းမြင်သာမှုမရှိတာ၊ အရပ်ဘက် လူထုအဖွဲ့အစည်း ကိုယ်စားလှယ်များနဲ့ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အမျိုးသမီးများ ပါဝင်မှုနည်းပါးတာကြောင့် ပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ညီလာခံ မဟုတ်ဘဲ လက်နက်နဲ့ အာဏာရှိသူများကဦးဆောင်လွှမ်းမိုးထားတဲ့ညီလာခံသာဖြစ်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ် အကျဉ်းချုပ်

၂၀၁၁မှာ သမ္မတဦးသိန်းစိန် စတင် တာဝန်ထမ်းဆောင်စဉ် ကတည်းက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေးနဲ့  ဆင်းရဲနွမ်းပါးမှု လျှော့ချ ရေးအတွက် နှစ်ပေါင်း ၇၀ နီးပါး ရှိပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်ဖို့ လိုအပ်ကြောင်း ဝန်ခံခဲ့ပါတယ်။ အဲဒီလို နားလည် မှုနဲ့ သမ္မတဦးသိန်းစိန်က ၂၀၁၁ သြဂုတ်လ ၁၈ ရက်မှာ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်း များထံ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီနောက် မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ သီးခြားစီသော်လည်းကောင်း၊ တပ်ပေါင်းစု ဖွဲ့စည်း၍ လည်း ကောင်း အကြိမ်ပေါင်းများစွာ စေ့စပ် ဆွေးနွေးကြပြီး ၂၀၁၅ သြဂုတ် ၇ ရက်မှာ NCA လို့ အတို ကောက်ခေါ်ကြတဲ့ ‘တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်’ (Nationwide Ceasefire Agreement) နောက် ဆုံးမူကို ဆွေးနွေးဖက်များအား လုံးက အတည်ပြုနိုင်ခဲ့ပါတယ်။
  ဒါပေမဲ့လည်း ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့မှာ နေပြည်တော်မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်း များ NCA ကို လက်မှတ်ရေးထိုး ကြတဲ့အခါ ဆွေးနွေးဖက် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပါ။ ထိုင်း-မြန်မာနယ်စပ်ဒေသ အခြေစိုက်လက်နက်ကိုင် အဖွဲ့များထဲက အင်အား အကြီးမားဆုံး ဖြစ်တဲ့ကေအင်န်ယူခေါ် ကရင်အမျိုးသား အစည်းအရုံး အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့သာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ တရုတ်- မြန်မာနယ်စပ်ဒေသ အခြေစိုက် အင်အားကြီးမားတဲ့ ကေအိုင်အေခေါ် ကချင်လွတ်မြောက်ရေး အဖွဲ့နဲ့ UWSP ခေါ် ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေးပါတီ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အတော်များများက လက်မှတ်မရေးထိုးကြပါ။ NCA ကို ဒီဇင်ဘာအတွင်းမှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်က အ တည်ပြုပေးခဲ့ပါတယ်။ ခေတ်သစ် မြန်မာ့သမိုင်းမှာ အခုလို ပြည်တွင်းစစ်ကြီးမှာ ပါဝင်တိုက်ခိုက်နေတဲ့ စစ်ပြိုင်အင်အားစုများ အားလုံးနီးပါး ပါဝင်ဆွေးနွေးပြီး သဘောတူကြတဲ့ ‘တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်’ပေါ်ပေါက် လာတာ အင်မတန် ဝမ်းသာစရာကောင်းပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုအားလုံးပါဝင် လက်မှတ် ရေး ထိုးခြင်းမရှိတာကတော့  ဝမ်းနည်းစရာကောင်း လှပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာချုပ်ကို လက်မှတ်ရေးထိုးပြီးတဲ့ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်ကစလို့ စာချုပ်ကအသက်ဝင်လာပြီ ဖြစ်တာမို့ဦးသိန်းစိန် အစိုးရက စာချုပ်ပါ သဘောတူညီချက်တွေကို စာချုပ်ပါ အချိန်ဇယားအတိုင်း ဆက်လက်အကောင်အထည်ဖော်တဲ့အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ဇန်နဝါရီ ၁၂ ရက်ကနေ ၁၆ ရက်နေ့အထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၏ အားနည်းချက်များ

 (၁)မူဘောင်ရေးဆွဲရာတွင် သက် ဆိုင်သူအားလုံး ပါဝင်ခွင့်မရှိခြင်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခတ်မှု ရပ်စဲရေး သဘောတူစာ ချုပ်ကို ရရှိဖို့ စစ်မက်ဖြစ်ပွားနေတဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ နှစ်ဖွဲ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါ တယ်။ အစိုးရအစုအဖွဲ့မှာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် တို့ ပါဝင်ကြပါတယ်။ NCA ကို လက်မှတ်ရေးထိုးပြီးတဲ့နောက် ရက်ပေါင်း ၃၀ အတွင်းဖြစ်တဲ့ ၂၀၁၅ နိုဝင်ဘာအတွင်းမှာ ကျင်းပတဲ့ ‘NCA အကောင်အထည်ဖော် မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး’ ကနေ ‘ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင်မှု ပူးတွဲကော်မတီ’ (Union Peace Dialogue Joint Committee-UPDJC)ကို ဖွဲ့ စည်းတဲ့အခါ အစိုးရအစုအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့အပြင် နိုင်ငံရေးပါတီ များပါ အစုအဖွဲ့ တစ်စုအနေနဲ့ ပါဝင်လာပြီး UPDJC ကို အစု အဖွဲ့တစ်ဖွဲ့စီက ကိုယ်စားလှယ် ၁၆ ဦးစီ စုစုပေါင်း အဖွဲ့ဝင် ၄၈ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက် UPDJC က ဦးဆောင်ပြီး နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်များ ရေးဆွဲရေး ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၁၅ ဒီဇင်ဘာ ၁၄ရက်နဲ့၊ ၁၅ ရက်မှာ UPDJC က ‘နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်များ’ကို အပြီးသတ် ရေး ဆွဲအတည်ပြုပြီး ဒီဇင်ဘာ ၁၆ ရက်မှာ သမ္မတဦးသိန်းစိန်ထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက ၂၀၁၆ ဇန်နဝါရီ ၁၂ရက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို စတင်ကျင်းပဖို့ ကြေညာခဲ့ပါ တယ်။ အဆိုပါ နိုင်ငံရေး ဆွေးနွေး မှုဆိုင်ရာ မူဘောင်များကို ရေးဆွဲ ကြရာမှာ အရပ်ဘက် အဖွဲ့အ စည်းများမှ ကိုယ်စားလှယ်များ၊ လက်နက်မဲ့ တိုင်းရင်းသားများနဲ့ တတ်သိပညာရှင်များ ပါဝင်ဆွေး နွေးခွင့်မရခဲ့ပါ။ အစိုးရ၊ တိုင်းရင်း သား လက်နက်ကိုင်များနဲ့ နိုင်ငံ ရေးပါတီများဆိုတဲ့ အစုအဖွဲ့သုံး ဖွဲ့ကပဲ နိုင်ငံရေး ဆွေးနွေးမှုဆိုင် ရာမူဘောင်များ၊ နိုင်ငံရေးဆွေး နွေးပွဲများတွင် ပါဝင်ရမည့် အခန်း ကဏ္ဍများ၊ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်များ၊ ပါဝင်သင့်သူ အရေအတွက်နဲ့ အချိုးအစားတွေ ကို ဆုံးဖြတ်ခဲ့ကြပါတယ်။

(၂) ပွင့်လင်းမြင်သာမှုမရှိခြင်း

နိုင်ငံရေး ဆွေးနွေးမှုများ ဆိုင်ရာ မူဘောင်များကို ရေးဆွဲ အတည်ပြုပြီးပြီဆိုပေမယ့် အဲဒီ မူဘောင်တွေကို အခုအချိန်အထိ အများပြည်သူ သိခွင့်မရပါ။ UPD JC က ဦးဆောင်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲများမှာလည်း မူ ဘောင်များကို အသေးစိတ် ရှင်းပြ ခြင်း၊ မူဘောင်အပြည့်အစုံကို သတင်းစာ ဆရာများထံ ဖြန့်ဝေ ခြင်း၊ အစိုးရသတင်းစာများမှာ ထည့်သွင်းဖော်ပြခြင်း မရှိဘဲ ယေဘုယျ အချက်အလက်များကို သာ ထုတ်ပြန်ခဲ့ကြပါတယ်။ အဲဒီ သတင်းစာ ရှင်းလင်းပွဲများက တစ်ဆင့် အများပြည်သူ သိခွင့်ရ တာက အချက်နှစ်ချက်ပဲ ရှိပါ တယ်။ အဲဒီအချက်တွေက (၁) နိုင်ငံရေးဆွေးနွေးပွဲများမှာ နိုင်ငံ ရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံ ရေး၊ မြေယာနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ၊ အထွေထွေ စတဲ့ ကဏ္ဍခြောက်ခု ကို ဆွေးနွေးကြမယ်။ (၂) ပြည် ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကို အစိုးရကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော် ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ် စားလှယ် ၁၅၀ ဦး၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ဦးနဲ့ တခြား ပါဝင်သင့် ပါဝင်ထိုက် သူ ၅၀ ဦး စုစုပေါင်း ကိုယ်စား လှယ် ၇၀၀ ဦးဖြင့် ကျင်းပမယ်ဆိုတာတွေပဲ ဖြစ်ပါတယ်။ ဒီကနေ့အထိ နိဒါန်းနဲ့ အခန်း ပေါင်း ၁၀ ခန်း၊ စာမျက်နှာ ၁၅ မျက်နှာရှိတဲ့ ‘နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်’ဟာ သက်ဆိုင်သူများ အ တွက်သာ အကန့်အသတ်နဲ့ ဖြန့်ချိပြီး အများပြည်သူသိအောင် ထုတ်ပြန်ကြေညာခြင်း မရှိတဲ့ လျှို့ဝှက်အစီရင်ခံစာ တစ်ခု ဖြစ်နေ ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို နိုင်ငံတကာ အစိုးရ ကိုယ်စားလှယ်များ၊ အထူးဧည့် သည်တော်များပါ ဖိတ်ကြားပြီး ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနား နား ကျင်းပခဲ့ပေမယ့် ကိုယ်စား လှယ် ၇၀၀ ဦးရဲ့ အမည်စာရင်း ကို ညီလာခံမကျင်းပခင်မှာရော၊ အခုအချိန်အထိရော တရားဝင် ထုတ်ပြန် ကြေညာခြင်း မပြုပါ။ ညီလာခံမှာ အဖွဲ့အစည်း အသီး သီး၊ ကိုယ်စားလှယ်အသီးသီးရဲ့ ဆွေးနွေးတင်ပြချက်များကိုလည်း ညီလာခံ ကျင်းပနေစဉ်မှာ အများ ပြည်သူသိအောင် အပြည့်အစုံဖော်ပြခြင်း မရှိပါ။ မြန်မာငြိမ်းချမ်းရေး ဗဟိုဌာန (MPC) ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ညီလာခံနောက်ဆုံးနေ့မှာ အစုအဖွဲ့ အ လိုက် တင်ပြတဲ့ကဏ္ဍအလိုက် ဆွေးနွေးမှု အကျဉ်းချုပ်တွေကို ဖော်ပြပေမယ့် လုံလောက်တဲ့ သတင်းထုတ်ပြန်မှု၊ ပြည့်စုံတဲ့ပွင့်လင်းမြင်သာမှု မဟုတ်ပါ။
ညီလာခံအတွင်း ဆွေးနွေးချက်တွေကို စုစည်းပြီး စာအုပ်အဖြစ် ထုတ်ဝေ ဖြန့်ချိမယ်လို့ဆိုပေမယ့် တိုင်းပြည်ရဲ့ ကံကြမ္မာအတွက် ဒီကိုယ်စားလှယ် ၇၀၀ ဦးရဲ့ ဆွေးနွေးချက်တွေကိုနောက်လ အတော်ကြာမှ ပြည်သူလူထုက သိခွင့်ရရမယ့်အစား ညီလာခံကျင်းပနေစဉ်မှာပဲ အချိန်နဲ့တစ် ပြေးညီ အစိုးရသတင်းစာမျက်နှာမှာ အချပ်ပိုနဲ့ ထည့်သွင်းဖော်ပြ တာမျိုး ဖြစ်သင့်ပါတယ်။ ညီလာခံတက်ရောက်ခွင့်ရတဲ့ အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များက လည်း ၎င်းတို့ရဲ့ ဆွေးနွေးတင် ပြချက်များ၊ ရပ်တည်ချက်များကို အများပြည်သူသိရှိအောင် သီးခြားစီ ထုတ်ပြန်ကြေညာခြင်း၊ ပြန် လည် ရှင်းပြခြင်း မရှိကြတာလည်း အံ့သြစရာတစ်ခု ဖြစ်ပါတယ်။

(၃) ကိုယ်စားလှယ်အရေအတွက် သတ်မှတ်မှု မမျှတခြင်း

ညီလာခံ ကိုယ်စားလှယ် အရေအတွက် သတ်မှတ်ရာမှာ လည်း အစိုးရအစုအဖွဲ့အတွက် ၁၅၀ ဦး (အစိုးရ ၇၅ ဦး၊ လွှတ် တော် ၇၅ ဦး)၊ တပ်မတော်အစု အဖွဲ့အတွက် ၁၅၀ ဦး၊ တိုင်းရင်း သား လက်နက်ကိုင်များ အစုအဖွဲ့အတွက် ၁၅၀ ဦး၊ နိုင်ငံရေးပါတီ များ အစုအဖွဲ့အတွက် ၁၅၀ ဦး သတ်မှတ်ပြီး လက်နက်မဲ့ တိုင်း ရင်းသား ကိုယ်စားလှယ်အရေ အတွက်ကို ၅၀ ဦးပဲ သတ်မှတ် တာ။ တခြား ပါဝင်သင့်ပါဝင်ထိုက် သူများ အရေအတွက်ကို ၅၀ ဦးပဲ သတ်မှတ်တာ လုံးဝမမျှတပါ။ နိုင်ငံရေး ဆွေးနွေးပွဲများဟာ နိုင်ငံ သားအားလုံးနဲ့ သက်ဆိုင်တဲ့၊ နိုင်ငံ တော် တစ်ခုလုံးရဲ့ ကံကြမ္မာနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲများဖြစ် တာကြောင့် အရပ်ဘက်အဖွဲ့ အစည်းများ၊ လက်နက်မဲ့ တိုင်းရင်းသားများနဲ့ တတ်သိပညာရှင်များဟာ လက်နက်၊ အာဏာရှိသူများနဲ့ တန်းတူပါဝင်ခွင့် ရရှိရမှာ ဖြစ်ပါတယ်။

(၄) ကိုယ်စားလှယ် ရွေးချယ်မှု မမျှတခြင်း

အစုအဖွဲ့ငယ်များ အဖြစ် သတ်မှတ်ထားတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ ဦးနဲ့ ပါဝင် သင့်ပါဝင်ထိုက်သူများ ကိုယ်စား လှယ် ၅၀ ဦးကို ဘယ်လိုဘယ်ပုံ ရွေးချယ်မလဲဆိုတာကို မူဘောင် ထဲမှာ ပုဒ်မ ၄.၂.၁၀ အဖြစ် ရေး ဆွဲပြဋ္ဌာန်း ထားပေမယ့် တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိပါ။ အဲဒီပြဋ္ဌာန်းချက်အရ အဲဒီကိုယ် စားလှယ် ၁၀၀ ဦးကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက် နက်ကိုင်များနဲ့ နိုင်ငံရေးပါတီများ ဆိုတဲ့ အစုအဖွဲ့ လေးဖွဲ့က ခွဲတမ်း ချပြီး အဆိုပြုရွေးချယ်ပြတယ်လို့ သိရပါတယ်။ ဆိုလိုတာက အစုအဖွဲ့ကြီး လေးဖွဲ့ရဲ့ ခေါင်းဆောင်များက တစ်စုတစ်ဖွဲ့ကို ၁၂ ယောက်နှုန်း ခွဲတမ်းချပြီး ၎င်းတို့နဲ့ နီးစပ်ရာပုဂ္ဂိုလ်များကို လက်သိပ်ထိုး ရွေးချယ်ကြတာဖြစ်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းများနဲ့ တတ်သိပညာရှင်များ၊ လက်နက်မဲ့ တိုင်းရင်းသားများဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တက်ရောက်ဆွေးနွေးမယ့် ကိုယ်စားလှယ် အနည်းငယ်ကိုတောင်မှ ကိုယ်တိုင်ရွေးချယ်ခွင့် မရရှိ ကြပါ။

အစိုးရသစ်အတွက် အကြံပြုချက်များ

(က) အစိုးရသစ်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စများ ကို တာဝန်ခံဆောင်ရွက်ရတဲ့အခါ မှာ ‘နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်များ’ကို ပြန်လည်သုံး သပ်ပြီး လိုအပ်သလို ပြင်ဆင်သင့် ပါတယ်။ ဦးသိန်းစိန်အစိုးရလက် ထက်မှာ ရေးဆွဲအတည်ပြုထား တဲ့ မူဘောင်များကို အများပြည် သူ သိရှိအောင် ထုတ်ပြန်ကြေညာ ပြီး ပြည်သူလူထုထံက အကြံပြု ချက်များ၊ အရပ်ဘက်အဖွဲ့ အစည်းများ အကြံပြုချက်များကို ဖိတ်ခေါ်သင့်ပါတယ်။ အကြံပြု ချက်များနဲ့ လိုအပ်သလို ပြင်ဆင် ရေးဆွဲထားတဲ့ နိုင်ငံရေးဆွေးနွေး မှုဆိုင်ရာ မူဘောင်များကို အများ ပြည်သူ သိရှိအောင် အစိုးရ သတင်းစာများတွင် အပြည့်အစုံ ဖော်ပြသင့်ပါတယ်။
(ခ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကိုယ်စားလှယ် အရေ အတွက် သတ်မှတ်ရာမှာ လက် နက်မဲ့ တိုင်းရင်းသား ကိုယ်စား လှယ် ဦးရေကို ၁၅၀ ဦးအထိ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့ကိုလည်း အရပ်ဘက် အဖွဲ့ အစည်းများ၊ ပညာရှင်အဖွဲ့ အစည်းများ၊ စီးပွားရေးအဖွဲ့ အစည်းများ၊ အလုပ်သမား သမဂ္ဂ များ၊ လယ်သမားသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၊ အမျိုး သမီး အဖွဲ့အစည်းများ၊ သတင်း မီဒီယာအဖွဲ့အစည်းများမှ ကိုယ် စားလှယ်များဖြင့် ၁၅၀ ဦးအထိ တိုးမြှင့်သင့်ပါတယ်။
(ဂ) တိုင်းရင်းသား ကိုယ်စား လှယ်များနဲ့ ပါဝင်သင့်ပါဝင်ထိုက် သူများကို ရွေးချယ်ရာမှာ လက်ရှိ မူဘောင်မှာ ပြဋ္ဌာန်းထားတဲ့ အစုအဖွဲ့လေးဖွဲ့ကအချိုးကျ ရွေးချယ်မှုကို ပယ်ဖျက်ပြီး သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ ကိုယ်တိုင် ရွေးချယ်ပေးဖို့ ပြဋ္ဌာန်း သင့်ပါတယ်။ အဲဒီလို ရွေးချယ်ရာ မှာလည်း အမျိုးသမီး ကိုယ်စား လှယ်များ ပိုမို ရွေးချယ်ရေးအား ပေး တိုက်တွန်းသင့်ပါတယ်။
(ဃ) တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုးခြင်း မပြုသေးတဲ့ တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများအား လုံးကိုလည်း ပြည်ထောင်စု ငြိမ်း ချမ်းရေး ညီလာခံကို ကိုယ်စား လှယ်အဖြစ် တက်ရောက်ဆွေး နွေးဖို့ ဖိတ်ကြားသင့်ပါတယ်။ ဦးသိန်းစိန် အစိုးရက ဖိတ်သလို လေ့လာသူအဆင့်နဲ့ မဟုတ်ဘဲ တရားဝင် ကိုယ်စားလှယ်အဖြစ်နဲ့ ပါ။ အဲဒီ ကိုယ်စားလှယ်အသစ် များတွက် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်းများ အစု အဖွဲ့အတွက် သတ်မှတ်ထားတဲ့ ၁၅၀ ဦးထဲမှာ နေရာပေးရမှာ ဖြစ် ပါတယ်။
(င) ညီလာခံနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများမှ ဆွေးနွေးချက် များ၊ တင်ပြချက်များအားလုံးကို အချိန်နဲ့တစ်ပြေးညီ  အစိုးရသ တင်းစာများမှာ အပြည့်အစုံ ထုတ်ပြန် ကြေညာသင့်ပါတယ်။ ကိုယ်စားလှယ်များ အားလုံးရဲ့ အမည် စာရင်းကိုလည်း ထုတ်ပြန်ကြေ ညာ ပေးသင့်ပါတယ်။
(စ) ညီလာခံနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရာမှာ ပါဝင်ဆွေးနွေးသူများ အတွက် ကြိုတင်ပြင်ဆင်နိုင်အောင် အချိန် အလုံ အလောက် ပေးသင့်ပါတယ်။ ၂၀၁၆ ဇန်နဝါရီ ၁၂ ရက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ စတင်ကျင်းပဖို့ သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ဒီဇင်ဘာ ၁၈ရက်မှာကြေညာခဲ့ပါတယ်။ အဖွဲ့အစည်းအလိုက် ကိုယ်စားလှယ်များ ရွေးချယ်ဖို့နဲ့ ဆွေးနွေးရန် မူဝါဒ သဘောထားများ ပြင်ဆင်ဖို့ အချိန်၂၄ ရက်ပဲရှိပါတယ်။ မလုံလောက်ပါ။ နောက် အစည်းအဝေးများ ကျင်းပမယ့်အချိန်ကို အနည်းဆုံး တစ်လလောက် ကြိုတင်ကြေညာသင့်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရသစ်ဟာ ပြည်ထောင် စုငြိမ်းချမ်းရေး ညီလာခံနဲ့ နိုင်ငံ ရေး ဆွေးနွေးပွဲများမှာ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်ပြီး ပွင့်လင်းမြင်သာစွာ ဦးဆောင် ကျင်းပလို့ ငြိမ်းချမ်းရေးကို အမှန် တကယ် ဖော်ဆောင်နိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။    ။
Credit; 7 days မှကူးယူဖော်ပြသည်။
(မှတ်ချက် - အထက်ဖော်ပြပြဆောင်းပါးသည် ဘာသာပြန်ဆိုရေးသားသူနှင့် 7 days ဂျာနယ်တို့၏ ပိုင်ဆိုင်မှုသာဖြစ်ပြီး Myanmar Book World အနေဖြင့် ထပ်ဆင့်ကူးယူဖော်ပြခြင်းသာဖြစ်ပါသည်။ ထို့အပြင် 7 days ဂျာနယ်တိုက်၏ အောင်မြင်မှုကိုခုတုံးလုပ်ခြင်းမဟုတ်ကြောင်းကို တိုက်ပိုင်ရှင်၊ အယ်ဒီတာများနှင့် စာရေးသူများထံ လေးစားစွာအသိပေးပါသည်။)

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်