အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ၀န်ကြီးလုပ်တယ်ဆိုတာ မတတ်သာလို့၊ တာဝန်ပေးလို့လုပ်ရတဲ့ ကိစ္စဖြစ်ကြောင်း၊ နောက်တစ်ခါ ၀န်ကြီးဖြစ်ချင်လို့ စာရေးပြီးတောင်းတဲ့ သူတွေကို စည်းမျဉ်းစည်းကမ်းအ ရ အရေးယူမည်ဖြစ်ကြောင်း ပြောကြားလိုက်တယ်လို့ သတင်းစာများမှာ ဖတ်ရှုလိုက်ရပါတယ်။
နောက်ဆက်တွဲသတင်းမှာ ပဲ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင် ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရဖွဲ့မှာဖြစ်တဲ့ တွက် တချို့က အစိုးရအဖွဲ့တွင် ၀န်ကြီးနေရာရရှိရန် ပါတီဗဟို အလုပ်အမှုဆောင်တစ်ဦးထံ စာရေးသားတောင်းဆိုမှုများ ရှိနေ တယ်လို့ ဖတ်ရပြန်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပေဒအ ရ လွှတ်တော်ကိုယ်စားလှယ်အ များဆုံး အနိုင်ရရှိသူဟာ လွှတ် တော်မှာ နိုင်ငံတော် သမ္မတကို ရွေးကောက်တင်မြှောက်နိုင်မှာ ဖြစ်ပြီး သမ္မတကသာ ပြည်ထောင် စုဝန်ကြီးများကို ခန့်အပ်တာဝန် ပေးကာ အစိုးရအဖွဲ့ကို ဖွဲ့မှာဖြစ် ပါတယ်။ အဲဒီအတွက် လွှတ်တော် ကိုယ်စားလှယ်အများဆုံး အနိုင် ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀န်ကြီးရာထူးလိုချင်သူ တချို့က ကမ်းလှမ်းလာကြတာ ဖြစ်ပါလိမ့်မယ်။
ရွေးကောက်ပွဲတွေ အပြီး တုန်းက လွှတ်တော်ကိုယ်စား လှယ်လောင်းတစ်ဦးကို ‘‘ခင်ဗျား အနိုင်ရသွားပြီနော်။ အမတ်ဖြစ် တော့မယ်ပေါ့’’ လို့ ၀မ်းသာစကား ဆိုတော့ ခပ်တည်တည်နဲ့ ပြန် ပြောတဲ့ စကားတစ်ခွန်းကိုသတိရ မိပါတယ်။ ‘‘အမတ်က လစာပဲရ တာပါဗျာ။ ၀န်ကြီးဖြစ်မှ အခွင့်အရေးပိုရတာဗျ’’ လို့ ဆိုခဲ့ပါတယ်။သူဆိုလိုတာက အမတ်ဆိုတာ လွှတ်တော်တက်၊ ဥပဒေ ပြုရေးအဆိုတင်၊ အတည်ပြုအလုပ်လောက်သာရှိပြီး ၀န်ကြီးဖြစ်ရင်တော့ ဘတ်ဂျက်တွေ၊ တင်ဒါတွေ၊လိုင်စင်တွေနဲ့ လစာထက် ပိုက်ဆံပိုရတယ်ဆိုတဲ့ သဘောကို ပြောတာဖြစ်ပါတယ်။ သူ့စကားကိုရှက်မိပါရဲ့။
ဝန်ကြီးဆိုတာ ၀န်ကြီးဌာန တစ်ခုကို စီမံခန့်ခွဲရတဲ့ တာဝန်အ ရှိဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သမ္မတ ကို တိုက်ရိုက်တာဝန်ခံရသလို ၀န် ကြီးဌာနလက်အောက်ရှိ ဌာနအ သီးသီးကိုလည်း တာဝန်ယူရပါ တယ်။ ၀န်ကြီးဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုပုံနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံမှာ ဂျပန်ခေတ် ရွှေရည်စိမ် လွတ်လပ်ရေးရရှိစဉ်က ဒေါက် တာ ဘမော်ဦးဆောင်တဲ့ အစိုးရ အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးတာ ၀န်ကို မယူချင့် ယူချင်ယူခဲ့ရတဲ့ သခင်နုရဲ့ ငါးနှစ်ရာသီ ဗမာပြည် စာအုပ်မှာ ရေးသားထားပုံကို မျှ ဝေချင်ပါတယ်။
‘‘ကျွန်တော်လည်း နိုင်ငံခြား ရေးဝန်ကြီးဖြစ်လာလေပြီ။
ဝန်ကြီးဆိုသည်မှာ ရုံးတစ် ရုံးရသည်။ ထိုရုံးတွင် အတွင်း ၀န်၊ ဒုတိယ အတွင်းဝန်၊ လက် ထောက်အတွင်းဝန်၊ အလုပ်သင် ၀န်ထောက်များ၊ စာရေးကြီးများ၊ စာရေးကလေးများ၊ မင်းစေများ အစရှိသည့် အဆောင်အယောင် များကိုလည်း ရသည်။
ရုံးသို့ရောက်လျှင် အတွင်း ၀န်မှ စာရေးကလေးအထိ (မင်း စေမပါ) မြင်ရာအရပ်မှ တရိုတ သေ။ ထိုသူများသည် အစိုးရအ လုပ်တွင် သံမဏိရှည်လာပြီဖြစ်၍ အပြောအဆို၊ အနေအထိုင်မှာ ဆိုဖွယ်ရာမရှိ။
(မင်းစေများမှာမူကား ... ခေတ်သစ်တွင်မှ ရရာဆွဲခန့်ရသူ များဖြစ်ရာ ခပ်ရိုင်းရိုင်းကလေး တွေ ဖြစ်နေကြသေးသည်။ ၀န် ကြီးလာလျှင်လည်း ထိုင်ရာမှ မထ၊ ဆေးပေါ့လိပ်ကြီးတွေ မော့ ၍ သောက်ချင်လည်း သောက် နေကြသည်။ ၀န်ကြီးကသူတို့ကို မမြင်ချင်ယောင် ဆောင်သွားရ သည်။)
အရာရှိများအား ခိုင်းသမျှ ကိစ္စရှိလျှင် စားပွဲပေါ်က ဘဲလ်က လေးကို အသာတီးလိုက်၊ မင်းစေ ၀င်လာလျှင် လိုချင်သည့်အရာရှိ ကို အခေါ်ခိုင်း။
ထိုအရာရှိလာလျှင် လုပ်ချင် သည့် ကိစ္စကိုပြောပြ။ မဖြစ်နိုင် သည့် ကိစ္စဟူ၍မရှိ။ အချိန်ကျ လျှင် လုပ်ပြီးသားဖြစ်ရမည်။ ၀န် ကြီးကမှားနေသည့်ကိစ္စ ရှိ၍ ပြင် ဆင်စေချင်လျှင်တောင် တစ်ထိုင် တည်း ခိုင်းခိုင်းချင်း မပြင်ဆင်။ နောက်တစ်နာရီ၊ နှစ်နာရီလောက်ကြာမှ တစ်ဖန်ပြန်လာပြီး ၀န်ကြီး ကိုယ်တိုင်က သူမှားနေပြီဆိုသည် ကို သိအောင်အရိပ်အငွေ့ဖြင့် သွယ်ဝိုက်၍ ပြောသည်။
ရုံးတွင်သာမဟုတ် ပွဲသဘင် သို့ သွားပြန်ပါလည်း ၀န်ကြီးလုပ် သူများမှာ ရှေ့တန်းကတွေ့သည့် နေရာတိုင်းမှာ တွေ့သမျှဗမာအ ရာရှိ ကြီးငယ်တို့ကလည်း တရို တသေ။ ဘ၀သစ်တွင် အတွေ့ သစ်ဖြစ်နေ၍ ပထမတွင်ကား ကြောင်သလိုလို အမ်းသလိုလိုရှိ သော်လည်း ဤသို့အပြုစုခံရ သည်မှာ အရသာတစ်မျိုးပဲဟု တဖြည်းဖြည်း ထင်မှတ်စပြုလာ လေ၏။
အို ... ၀န်ကြီးလုပ်ရသည် မှာ တယ်ဇိမ်ရှိပါလား။
ဝိဒေဟရာဇ်ပုတ်သင်နှင့် ရက်ကန်းသည် မသောမနသီတို့ ကဲ့သို့ ၀န်ကြီး၏ အဆောင်အ ယောင်အသိုင်းအ၀ိုင်းက ၀ိုင်း၍ မြှောက်ကြသဖြင့် ၀န်ကြီးမှာ မသိ မသာချောက်ချားစပြုလေသည်’’ လို့ ရေးသားခဲ့ပါတယ်။ ၀န်ကြီး ဖြစ်ခါစမှာ ၀ိုင်းမြှောက်လို့မြောက်သွားတတ်တဲ့ ဥပမာကို သင်ခန်းစာယူနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပါပဲ။ သခင်နု ဂျပန် ခေတ်မှာ ၀န်ကြီးဖြစ်ခဲ့တာ၊ လွတ် လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီ ခေတ်မှာ ၀န်ကြီးချုပ်ဖြစ်ခဲ့တာ ဟာ မတတ်သာလို့၊ တာဝန်ပေးလို့ လုပ်ခဲ့ရတာတွေ ဖြစ်ပါတယ်။ ဒီးဒုတ်ဂျာနယ်မှာ အလုပ်လုပ်ရင်း စာရေးစားမယ် စိတ်ကူးထားတဲ့ ကိုနုကို ကိုအောင်ဆန်းက တို့ ဗမာအစည်းအရုံးထဲဝင်ဖို့ အတင်းခေါ်လို့ သခင်နုဖြစ်ခဲ့တာပါ။ ဖဆပလမှာ ဒုဥက္ကဋ္ဌတာဝန်ယူနေ တဲ့အချိန် တိုင်းပြည်ပြု လွှတ် တော်ရွေးကောက်ပွဲဝင် အရွေးခံ ဖို့ ဗိုလ်ချုပ်အောင်ဆန်းက ခေါ် ပေမယ့် ၀င်မရွေးခဲ့ပါဘူး။ နောက် ပိုင်းမြိတ်က အမတ်တစ်ယောက် သင်္ဘောမှောက်ပြီး ကွယ်လွန် သွားခဲ့လို့ ကြားဖြတ်ရွေကောက် ပွဲမှာ ဗိုလ်ချုပ်က အမိန့်နဲ့ ၀င်ပြိုင် ခိုင်းမှသာ အမတ်ဖြစ်လာတာပါ။ ဒါတောင် ဗိုလ်ချုပ်ကို လွတ်လပ် ရေးရပြီး ခြောက်လကြာရင် နုတ် ထွက်ခွင့် ပြုပါ့မယ်လို့ ကတိ တောင်းခဲ့ပါသေးတယ်။ ဗိုလ်ချုပ် ကျဆုံးပြီး တိုင်းပြည်ကို ဦးဆောင် နိုင်သူ မရှိလို့သာ ၀န်ကြီးချုပ်နေ ရာအထိ ရောက်ခဲ့တာပါ။ ပြည် တွင်းစစ်ကာလမှာလည်း တစ် ဖက်မှာ ငြိမ်းချမ်းရေးရဖို့ ကြိုးစား သလို တစ်ဖက်မှာလည်း ရောင် စုံသူပုန်တွေနဲ့ တိုက်ပွဲဝင်နေရတဲ့ ရဲဘော်တွေကို ရှေ့တန်းအထိ သွားရောက်အားပေးနှစ်သိမ့်ခဲ့သူ ပါ။ တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေကိုလည်း မြှင့် တင်ပေးခဲ့ပါတယ်။
၁၉၄၈ လွတ်လပ်ရေးရပြီး ၀န်ကြီးချုပ် ဦးနုခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ထဲက အတုယူရမယ့် ၀န်ကြီးတစ်ဦး အကြောင်းကို ပြောချင်ပါသေးတယ်။ အင်္ဂလိပ်ထံက လွတ်လပ်စ မြန်မာနိုင်ငံရဲ့ အစိုးရသစ်ရရှိလိုက်တဲ့ အမွေက အကြွေးတွေပါ။ အင်္ဂလိပ်ခေါ်ခိုင်း ထားတဲ့ အိန္ဒိယက ၀န်ထမ်းတွေ ကိုတောင် လျော်ကြေးမပေးဘဲ အင်္ဂလိပ်က ထားပစ်ခဲ့တာပါ။ အစိုးရတစ်ရပ်ဟာ ဘတ်ဂျက်မရှိ ဘဲ ဘယ်လိုလည်ပတ်နိုင်မှာလဲ။ ဒီလိုအခြေအနေမှာ အမျိုးသားစီ မံကိန်းဝန်ကြီးဌာန ၀န်ကြီး ဟင်္သာတဦးမြဟာ သူ့ကိုယ်ပိုင်ပိုက်ဆံတွေကို စိုက်ထုတ်ပြီး အစိုးရအသုံးစရိတ်ထဲ ထည့်ဝင်ခဲ့တာ အတုယူစရာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၀န်ကြီးရာ ထူးဆိုတာ စည်းစိမ်ချမ်းသာနဲ့ ဥစ္စာဓနပေါကြွယ်ဝစေသော နေရာလို့ ပြည်သူတွေ သတ်မှတ်ထား ခဲ့တာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ မဆလ၊ န၀တ၊ နအဖ လက်ထက် တစ်လျှောက်လုံး ၀န်ကြီးဆိုသူ များဟာ ပြည်သူ့အကျိုးထက် ကိုယ်ကျိုးစီးပွားကိုသာ ရှာဖွေခဲ့ ကြပါတယ်။ ခရိုနီစီးပွားရေးသ မားတွေနဲ့ ပေါင်းပြီး ကန်ထရိုက် စာချုပ်၊ တင်ဒါ၊ လိုင်စင်အစရှိ တဲ့ ခေါင်းစဉ်တွေနဲ့အတူ စီးပွား ရှာမှု၊ လာဘ်ပေးလာဘ်ယူမှုတွေ ဆွေစဉ်မျိုးဆက်စားမကုန်၊ သုံး မကုန်ဖြစ်ခဲ့တာကို ပြည်သူတွေက ရွံ့ရှာနေပြီဖြစ်ပါတယ်။
ပါလီမန်ဒီမိုကရေစီခေတ် နိုင်ငံရေးသမားနဲ့ စီးပွားရေးသမား ဆက်နွှယ်မှုတွေ၊ လာဘ်ပေး လာဘ်ယူနဲ့ ခြစားမှုတွေကရတဲ့ အဖိုးတန်သင်ခန်းစာ အချက်လေးချက်ကို ဦးနုကသူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိဖြစ်တဲ့ တာတေစနေ သားထဲမှာ ဒီလိုရေးခဲ့ပါတယ်။ (၁)နိုင်ငံရေးသမားတွေ စီးပွားရေးလောကမှာ ၀င်မစွက်နဲ့။ ၀င်စွက် ရင် စီးပွားရေး ပျက်လိမ့်မယ်။
(၂) စီးပွားရေးသမားတွေက လည်း နိုင်ငံရေးလောကမှာ ၀င် မစွက်နဲ့၊ စွက်ရင် နိုင်ငံရေး ပျက် လိမ့်မယ်။
(၃) နိုင်ငံရေးသမားတွေက နိုင်ငံ ရေးအာဏာနဲ့ စီးပွားရေးသမား တွေကို အစွမ်းကုန်ကူ။
(၄) စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ လူမှုရေး အဆင့်အတန်းတွေကို နိုင်ငံရေး သမားတွေက မြှင့်တင်ပေးနိုင် အောင် စီးပွားရေးသမားတွေက နိုင်ငံရေးသမားတွေကို အစွမ်းကုန်စီးပွားရှာပေးဟူ၍ ဖြစ်ပါတယ်။
ဝန်ကြီး ဖြစ်ချင်တဲ့သူတွေ ဖတ်ဖို့ စာကို ဆက်ရေးမယ်ဆိုရင် ဆုံးမယ်မထင်ပါဘူး။ အဓိကအ ချက်အနေနဲ့ကတော့ ၀န်ကြီးတစ် ယောက်ဟာ ပြည်သူတွေ အကျိုး သယ်ပိုးပြီး ပေးဆပ်နိုင်တဲ့သူ တစ်ယောက်ဖြစ်ရပါမယ်။ ခန္ဓာဆိုတာ အစိုးမရသလို ရာထူးဆိုတာလည်း အစိုးမရပါဘူး။ ‘‘၀န်ကြီးသေ တစ်မတ်၊ ၀န်ကတော်သေ တစ်ကျပ်’’ဆိုသလိုပဲ ရာထူးမရှိရင် အဆောင်အယောင် အခန်းခန်းတွေရှိမှာ မဟုတ်တော့တာကိုပါ ကြိုတင်ဆင်ခြင်သင့်ပါကြောင်း ဆန္ဒပြုရင်း ဒီစာကို အဆုံးသတ်လိုက်ပါတယ်။ ။
Credit; 7 days မှကူးယူဖော်ပြသည်။
(မှတ်ချက် - ယခုဆောင်းပါးသည် 7 days မှကူးယူဖော်ပြထားသောဆောင်းပါးဖြစ်သည်။ စာမူမူပိုင်ခွင့်အရ စာရေးဆရာနှင့် မူရင်းဂျာနယ်တိုက်တွင်သာ သက်ဆိုင်ပါသည်။ myanmarbookworld အနေဖြင့် ထပ်ဆင့်ကူးယူဖော်ပြခြင်းသာဖြစ်ကြောင်း သိစေအပ်ပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Write comments