ကဿပဘုရားလက်ထက်က ဆုကြီးပန်ခဲ့သော ရဟန်းတစ်ပါးနှင့် သာမဏေတစ်ပါးမှာ နှစ်
(၅ဝဝ) လွန်သော အခါ သာမဏေက ယောနကတိုင်း သာဂလပြည်တွင် မိလိန္ဒမင်းဖြစ်၍
ပညာအရာတွင် ကြီးစွာ ကျော်စောခဲ့သည်။ ဘုရင်မင်းမြတ်၏ ပညာတန်ခိုးရှိန်စော်ကို
ဦးနှိမ်၍ အမြင်မှန်ရစေရန် ရဟန်းဘဝလွန်၍ နတ်ပြည်မှ တန်ခိုးကြီးနတ်သား
ဖြစ်ကာ ထိုမှတစ်ဖန်စုတေ၍ ပညာရှိနာဂသေန (ရှင်နာဂသိန်) ရဟန်းပြန်ဖြစ်သည်။
ရှေးဘဝက ဆုကြီးပန်ခဲ့သူများဖြစ်ပြီး ယခုဘဝတွင်လည်း
ပညာကြီးမြင့်ကြသူများဖြစ်သဖြင့် ၄င်းတို့၏ ပညာပါအမေးအဖြေသည်
အတုယူဖွယ်ကောင်းလွန်း၏။ သွယ်ဝိုက်အသုံးချတတ်လျှင်
ယနေ့စီးပွားရေးအဖွဲ့အစည်းများ၏ အမှုဆောင်အရာရှိချုပ်များ၊
မူဝါဒအကောင်အထည်ဖော်သူ များနှင့် အထက်တန်းမန်နေဂျာများ မည်သို့ပညာရှိသင့်၍
လိုက်နာသင့်သည်ကို သိကောင်းမည်ဖြစ်သည်။
မိလိန္ဒမင်း၏ တရားဆွေးနွေးရန် ဖိတ်မန္တကပြုခြင်းကို ရှင်နာဂသေနက "ပညာရှိတို့အနေဖြင့်သာ ဆွေးနွေးလို၏။ မင်းစိုးရာဇာတို့အနေဖြင့် မဆွေးနွေးလို" ဟုတုန့်ပြန်ခဲ့၏။ မင်းကြီးက အကျယ်ချဲ့ရန်တောင်းဆိုရာ ရှင်နာဂသေနက - "ပညာရှိတို့ စကားပြောသောအခါ အကြောင်းအားလျော်စွာ သွယ်ဝိုက်၍လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း၊ နှိမ်၍လည်းကောင်း၊ ဥပမာဖြင့်လည်းကောင်း ပြော၏။ ထူးလျှင် ထူးကြောင်းပြော၏။ အမျက်ထွက်ခြင်းမရှိ၊ ဤသို့ နည်းမျိုးသည် ပညာရှိတို့ဆွေးနွေးခြင်းမည်၏။ မင်းစိုးရာဇာတို့၏ ဆွေးနွေးခြင်းမှာ ဝန်ခံအပ်သော အကြောင်းအရာ ချွတ်ယွင်းတိမ်းပါးခဲ့သော် ခွင့်မလွှတ်ကြ၊ အပြစ်ဒဏ်ပေးကြ၏။ ဤနည်းကား မင်းစိုးရာဇာတို့၏ ဆွေးနွေးခြင်းဖြစ်၏" ဟုရှင်းပြ၏။ မိလိန္ဒမင်းကြီးကလည်း ပညာရှိဖြစ်သဖြင့် ပညာရှိနည်းဖြင့်သာ ဆွေးနွေးရန်ခွင့်ပြု၏။
ယနေ့ အောင်မြင်ခြင်း၏ အဓိကတစ်ချက်ဖြစ်သော မြင်သာထင်သာရှိမှု (Transperancy) ကို တွေ့ရမည် ဖြစ်သည်။ ပြည့်စုံစွာ အောက်ခြေကိုတင်ပြခွင့်၊ ဆွေးနွေးခွင့်ပြုခြင်းဖြင့် အမှန်ကိုဦးဆောင်သူမှ သိရှိနိုင်မည်ဖြစ်သည်။
မင်းကြီးနှင့် ရှင်နာဂသေနတို့ သဘောတူညီချက်ရပြီး အမေးအဖြေကို စပြု၏။
" မေးလော့မဟာရာဇ "
" မေးပြီးပါပြီဘန္တေ "
" ငါလည်းဖြေပြီးပြီမဟာရာဇ "
" သင်ဘာကိုဖြေသနည်း "
" သင်ဘာကိုမေးသနည်းမဟာရာဇ "
မည်မျှပညာရှိကြသည်ကို ဤမျှမေးခွန်းဖြင့် နှစ်ဘက်စမ်းသပ်ပြီး ဖြစ်သည်။ လုပ်ငန်းဦးဆောင်သူတို့မှ အမြော်အမြင်ရှိရန်ဖြစ်ပြီး မန်နေဂျာများမှလည်း အရည်အချင်းရှိရန်ဖြစ်သည်ကို လုပ်ငန်းတာဝန်မပေးမီကပင် ကြိုတင် စမ်းသပ်သိရှိနိုင်ကြောင်း သာဓကကောင်းတစ်ခု ဖြစ်ပါသည်။
"ဗုဒ္ဓသည် အတုမရှိကြောင်း မည်သို့သိနိုင်မည်နည်း" ဟူသော မင်းကြီး၏အမေးကို "ဟောကြားခဲ့သောတရား တို့၏ အဆီအနှစ်၊ အနက်အဓိပ္ပာယ်၊ အတိမ်အနက်ကို ပညာဖြင့်ပိုင်းဖြတ်ခြင်းဖြင့် သိနိုင်သည်" ဟု ဖြေကြားခဲ့သည်။ တစ်ဦးတစ်ယောက်၏ အရည်အသွေးကို လုပ်ဆောင်ခဲ့သောလုပ်ရပ်များ၏ အများလက်ခံနိုင်မှု၊ အကျိုးမည်မျှဖြစ်ထွန်း ခဲ့သည်ဆိုသည်များနှင့် ပိုင်းဖြတ်နိုင်ပါသည်။
မိန်းမအားလုံးတို့သည် အကယ်၍ အခါအခွင့်နှင့် ဆိတ်ကွယ်ရာကိုရ၍ မိမိလင်နှင့်တူသော ဖိတ်မာန်သူရှိလျှင် မကောင်းမှု ပြု/မပြုကိုမေးရာ "အမရာဒေဝီသည် ဆိတ်ကွယ်ရာရသော်လည်း မကောင်းမှုကိုမပြုရခြင်းမှာ လူတို့မှ ဆိတ်ကွယ်သော်လည်း နတ်တို့၏ဆိတ်ကွယ်မှုကို မရကြောင်းနှင့် မိမိစိတ်၏ဆိတ်ကွယ်မှုကို မရကြောင်းသိ၍ မကောင်းမှု ကို မည်သို့မျှမပြု" ဟုဖြေကြားခဲ့သည်။
ကိုယ်ကျင့်သိက္ခာသည်လည်းကောင်း၊ အရည်အသွေးသည်လည်းကောင်း အနည်းဆုံး မိမိကိုယ်ကိုမိမိ သိရှိ တတ်ပါသည်။ သတင်းနှင့်ဆက်သွယ်ရေးထွန်းကားသော ဤခေတ်တွင် အမှားအမှန်လုပ်ရပ်များသည် မည်သို့မျှ ဖုံးကွယ် ၍မရအောင် လျင်မြန်စွာ သတင်းရောက်ရှိနိုင်ပါသည်။
ကုသိုလ်၊ အကုသိုလ်အရေး ဆွေးနွေးရာတွင် သစ်သီးနှင့်ခိုင်းနှိုင်း၍ ဥပမာပေး ဖြေကြားခဲ့သည်။ ကုသိုလ်၊ အကုသိုလ်နှစ်ပါးလုံးသည် ပြုသည့်တစ်ခဏ ချက်ချင်းအကျိုးမပေးသော်လည်း သစ်သီးကဲ့သို့ အချိန်ကာလတစ်ခုလွန် မြောက်၍ မှည့်ဝင်းသည့်အခါ စားရန်အသင့်ဖြစ်သကဲ့သို့ အချိန်ကျမှ အကျိုးပေးကြောင်း ရှင်နာဂသေနက ဖြေကြားခဲ့သည်။ ချက်ချင်းအကျိုးမပေး၍ စိတ်မရှည်ကြသူများ အသိရနိုင်မည် ဖြစ်သည်။ ကောင်းမှုပြု၍ ကြိုးစားသော်လည်း ချက်ချင်း အသီးအပွင့်မခံစားရသူများ ဤသဘောနားလည်၍ ကြိုးစားရန်တာဝန်ရှိသည်ဟု နားလည်ထားနိုင်သည်။ မကောင်းမှုပြု၍ ချက်ချင်းတုန့်ပြန်မှုမရသူများကလည်း ထိုတုန့်ပြန်မှုကို ဘယ်တော့မှမရနိုင်တော့ဟု ဝမ်းသာမနေသင့်၊ ဆင်ခြင်တရား ကင်းမဲ့၍ မကောင်းမှုများအကျိုးပေးချိန်တန်လျှင် တန်းစီလာတတ်သည်ကို အထူးသတိရှိသင့်သည်။ ကောင်းမှုသည် လည်းကောင်း၊ မကောင်းမှုသည်လည်းကောင်း မိမိပြုခဲ့သည့်အတိုင်း တစ်ချိန် ပြန်လည် သက်ရောက်မည်ဖြစ်သဖြင့် မကောင်းမှုကို ကြိုတင်ရှောင်ရှားနိုင်ပြီး လိုသောကောင်းကျိုးအတိုင်း ကောင်းမှုကို ပြုထားသင့်သည်။
ပညာသည် အသက်အပိုင်းအခြားနှင့်မဆိုင်၊ ငယ်ရွယ်သော်လည်း မည်မျှလေ့လာသည်၊ မည်သည့်ကဏ္ဍမှ ဦးဆောင်၍ မည်မျှအတွေ့အကြုံရှိခဲ့သည်၊ ခံယူချက်ဆောက်တည်မှုတို့မှသာ အခြေခံသည်။ ဗုဒ္ဓလက်ထက်က သုဘဒ္ဒသည် ဗုဒ္ဓ၏သစ္စာတရားကို နာယူလို၍ အသက်ကြီးပြီး ဗုဒ္ဓဟုကြွေးကြော်သော ဒိဋ္ဌိဆရာကြီးများထံ ချဉ်းကပ်ခဲ့ဖူးသည်။ ကိုယ်တိုင် လည်း အခံရှိထားသူမို့ ဒိဋ္ဌိဆရာကြီး (၆) ပါး၏တရားမှခွာကာ တစ်ကိုယ်တည်းကျင့်ကြံသူ ဖြစ်သည်။
သိဒ္ဓတ္ထမင်းသား ဘုရားအဖြစ်ရတော်မူပြီ ဟူသောသတင်းရသည့်အခါ ဗုဒ္ဓသက်တော်မှာ (၃၅) နှစ်သာရှိသေး၍ အကယ်မဖြစ်နိုင်ဟု တစ်ဖက်သက်ယုံကြည်ထားသဖြင့် (၄၅) ဝါပတ်လုံး ဗုဒ္ဓဟောခဲ့သောတရားများကို မနာယူခဲ့။ မိမိ ထက်ငယ်ရွယ်သူမှာ ပညာမရှိနိုင်ဟု တစ်ဖက်စွန်းကျစွာ ယုံကြည်ထား၍ ဖြစ်သည်။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုခါနီးဆဲဆဲမှ တရား နာခွင့်ရ၍ သစ္စာလေးပါးနှင့်မဂ္ဂင်ရှစ်ပါးကို အမှန်မြင်ပြီး ရဟန္တာဖြစ်ခဲ့သူ ဖြစ်သည်။ အကယ်၍ သုဘဒ္ဒ၏ခံယူချက် ရှေးမဆွကပင် အမှန်ဖြစ်ခဲ့လျှင် (၄၅) နှစ်စော၍ ရဟန္တာဖြစ်နိုင်ပြီး ဗုဒ္ဓနှင့်တွေ့ခွင့်မရခဲ့ပါကလည်း သံသရာတွင် လည်နေရဦးမည်သာ ဖြစ်သည်။ ပညာသည် အသက်အပိုင်းအခြားနှင့်မဆိုင်၊ ထိုးထွင်းသိမြင်နိုင်သော စွမ်းရည်နှင့်သာ ဆိုင်ပါသည်။ အတွေ့အကြုံသည်သာ တစ်စိတ်တစ်ဒေသအားဖြင့် အသက်အပိုင်းအခြားနှင့် ဆိုင်သော်လည်း အသက် ကြီးသူများ တွေ့ကြုံရသောအတွေ့အကြုံများသည် ယနေ့ဖြစ်ပေါ်တိုးတက်နေသော အတွေ့အကြုံများနှင့် ထပ်အပ်မကျနိုင် တော့။ အသက် (၃၆) နှစ်မျှသာရှိသေးသော သိပ္ပံပညာရှင် (Edward Witten) ၏အဆိုပြုချက်များကို အခြားသော ပညာရှင်အဖိုးကြီးများ နားရွက်မခတ် အလေးအနက်ထားနေရခြင်းမှာ ထိုပညာရှင်ငယ်၏ ယခင် ဆောင်ရွက်ချက်များ ကြောင့်ဖြစ်သည်။ မည်မျှ ဆိုင်ရာဘာသာရပ်တွင် အသိဖောက်ထွက်သွားသည်ကို ပြသသောအရည်အချင်းလည်း ဖြစ်သည်။ Witten ၏ဖော်ထုတ်ချက်ကို သိပ္ပံပညာရှင်ကြီးများက “Theory of Everything” အရာခပ်သိမ်းတို့၏ သီအိုရီဟု ကင်ပွန်းတပ်ကြပြီး ယခင်က ကမ္ဘာကိုကိုင်လှုပ်ခဲ့သော ရီလေတီဗီတီသီအိုရီနှင့် ကွမ်တမ်သီအိုရီများကဲ့သို့ အကြီးအကျယ် ကမ္ဘာကို လှုပ်ခါစေဦးမည်ဟု နိမိတ်ဖတ်ထားကြသည်။
မဟော်သဓာကို မြန်မာ့သမိုင်းမှာ မသိသူမရှိသလောက် ဖြစ်ပါလိမ့်မည်။ မဟော်သဓာ၏ ပညာကျော်ဇောမှု သည် အသက်ငါးဆယ်၊ ခြောက်ဆယ်မှ စခဲ့သည်မဟုတ်ပါ။ အဋ္ဌာရသ ဆယ့်ခြောက်ရပ်ကို သင်ကြားစဉ် ဆယ်ကျော်သက် ထဲမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုးထွင်းသိမြင်ခြင်း၊ အမှားအမှန်ကို ပိုင်းဖြတ်နိုင်ခြင်းသည် ပညာရှိတို့၏ အခြေခံဝိသေသများ ဖြစ်ပါသည်။ ချမ်းသာစွာနေခဲ့ရပြီး သူဆင်းရဲများ၏ဘဝကို အတွေ့အကြုံအဖြစ် မရခဲ့သော်လည်း ထိုးထွင်းသိမြင်နိုင်သဖြင့် သူဆင်းရဲတို့နှင့်ဆိုင်သော ပြဿနာများစွာကို ဖြေရှင်းနိုင်ခဲ့ခြင်းမှာ ပညာသည် အတွေ့အကြုံလား၊ ထိုးထွင်းသိမြင်ခြင်း လားဆိုသည်ကို ပြသရာရောက်၏။
ပညာသည် ရဲရင့်၏၊ သတ္တိရှိ၏၊ အမှန်တရားတွင် ရပ်တည်၏၊ ထောင်လွှားခြင်းမဟုတ်သော ဂုဏ်သိက္ခာကို မြတ်နိုးသည့်မာနရှိ၏။ အမြဲတမ်း ခေါင်းညိတ်တတ်ခြင်းလည်းမရှိ၊ ဦးဆောင်လိုသည့် ဝိသေသလည်းရှိ၏။ "စွမ်း" သူ ဖြစ်သဖြင့်လည်း "မစွမ်း" သူများနှင့် တစ်တန်းတည်းမနေတတ်၊ တော်တိုင်း ပညာမရှိကြသော်လည်း ပညာရှိသူတိုင်း တော်ကြသည်။ "ဘာ" လုပ်ရမည်ကိုသိခြင်းသည် ပညာရှိများ၏အရည်အချင်းဖြစ်ပြီး "ဘယ်သို့" လုပ်ရမည်ကို သိသူများ သည် "လူတော်" တို့၏ အရည်အချင်းအဖြစ် ပညာရှိသူနှင့် လူတော်တို့ကို ခွဲခြားသိမြင်နိုင်သည်။ မန်နေဂျာကောင်းများ သည် အနည်းဆုံး လူတော်များဖြစ်သင့်ကြပြီး ပဲ့ကိုင်သူ၊ ဦးဆောင်သူများတတ်နိုင်လျှင် ပညာရှိသင့်ကြသည်။ နည်းဗျူဟာ သည် မန်နေဂျာများ၊ အုပ်ချုပ်ရေးအရာရှိကြီးများနှင့် သက်ဆိုင်ပြီး မဟာဗျူဟာသည် မူဝါဒကိုကိုင်တွယ်သော ယနေ့ CEO အမှုဆောင်အရာရှိချုပ်များ၏တာဝန် ဖြစ်သည်။ မနေ့ကဘာဖြစ်ခဲ့၍ ယနေ့နှင့် မနက်ဖြန် ဘာလိုလုပ်ရမည်ကို နည်းဗျူဟာ အရည်အချင်းရှိသော မန်နေဂျာများ ကောင်းစွာသိသင့်ပြီး အနာဂတ်ရည်မှန်းချက် အောင်မြင်စေရန် ပုံဖော်သော မူဝါဒ ချမှတ်သူ ဦးဆောင်သူများ မဟာဗျူဟာမှန်ကန်ရန် အရေးကြီးသည်။ အနာဂတ်၏အချိန်ကာလကိုပင် စီမံခန့်ခွဲ၍ (Near Future, Future, Far Future) ဟူ၍ မဟာဗျူဟာချမှတ်သူများ ခွဲခြားတတ်ကြသည်။ ရည်မှန်းချက်နှင့် ဆောင်ရွက်ရမည့် ပမာဏပေါ် မူတည်သည်။ Walmart, Bill Gate စသော ကမ္ဘာ့အကြီးဆုံး စီးပွားရေးအဖွဲ့အစည်းများနှင့် အမေရိကန်ကဲ့သို့ သော မဟာအင်အားလွန်နိုင်ငံမျိုးတွင်မူ (Grand Strategy) ဟူသော အဂ္ဂဗျူဟာကို ချမှတ်ကျင့်သုံးလေ့ ရှိကြသည်။ ပုံဖော်မှုတွင်ပင် ဆယ်စုနှစ်တစ်ခုမျှကြာတတ်ပြီး သိမ်မွေ့လွန်းသည့်အတွက်လည်း တစ်ဖက်မှ သိသာစွာမစေ့ငုမိနိုင်။ Bill Gate ၏ မူဝါဒကောင်းမွန်မှုကြောင့် ကွန်ပျူတာ လောကကြီးတစ်ခုလုံး ဝါးမျိုခံရတော့မည့်အခြေသို့ ဆိုက်ရောက်ခဲ့ပြီး Anti Trust Law ဖြင့် ကာကွယ်ခဲ့ရသည်။ အမေရိကန်သမ္မတ J.F.K (ဂျွန်အက်ဖ်ကနေဒီ) ရေးခဲ့သော 1000 Days in White House တွင် အမေရိကန်၏ မဟာအင်အားလွန်နိုင်ငံဖြစ်ရေးအဂ္ဂဗျူဟာကို တွေ့ရမည်ဖြစ်သည်။ နှောင်းပိုင်းသမ္မတများ လိုက်နာကျင့်သုံးပြီး တစ်စတစ်စပုံဖော်ခဲ့ရာမှ နှစ်ပေါင်းလေးဆယ်ကြာသည့် ယနေ့အချိန်တွင် သူတို့လိုချင်သည့်အခြေသို့ ရောက်ခဲ့ပြီး ဖြစ်တော့သည်။ သံသယပွားဖွယ်ရာ (11-Sept) တိုက်ခိုက်မှုသည် မဟာဗျူဟာတစ်ခုဖြစ်သလောဆိုသည့် အသံများ ယနေ့ကြားနေရသည်။ မည်သို့ဆိုစေ အမေရိကန်သမ္မတတွင် အကြမ်းဖက်မှုခေါင်းစဉ်အတွက် Blank Cheque ရရှိသွားပြီဖြစ်သည်။
ရေရှည်ရပ်တည်နိုင်ရေးအတွက် မျှော်လင့်ချက်ထားလျှင် အသိအခြေခံ ယနေ့ကမ္ဘာတွင် မိသားစုစားဝတ်နေရေး အတွက် ဦးဆောင်သော အိမ်ထောင်ဦးစီးမှသည် စီးပွားရေးအဖွဲ့အစည်းများ၏ ဦးဆောင်သူများအလယ် နိုင်ငံရေးဖန်တီးသူ များ ကောင်းမွန်ထက်မြက်သောမဟာဗျူဟာ ရှိသင့်သည်။ ခေါင်းဆောင် မည်မျှစွမ်းစေကာမူ နည်းဗျူဟာကို အကောင်အထည်ဖော်သည့် မန်နေဂျာကောင်းများ မရွေးတတ်လျှင်လည်း ဘာမျှအကောင်အထည်ပေါ်မည် မဟုတ်၊ လူကောင်းသည် ကောင်းရုံမျှဖြင့် မလုံလောက်၊ တော်သည့်အဆင့်သို့ တက်လှမ်းသင့်သည်။ မဟာဗျူဟာနှင့် လူတစ်ဦး ချင်းစီ၏အရည်အချင်း မည်မျှအရေးကြီးသည်ကို ရုရှားသမ္မတဟောင်း ယဲလ်ဆင်၏ ရွေးကောက်ပွဲရလဒ်က အဖြေပေးပြီး ဖြစ်သည်။ မိမိမြေ၊ မိမိလူထုတွင်ပင် အနိုင်ရရန် မသေချာသောအခြေတွင် အမေရိကန်မှလူတစ်စု ရုတ်တရက်ရောက်လာပြီး ယဲလ်ဆင်သမီးနှင့်အတူ ဟိုတယ်တစ်လုံးပေါ်တွင် တိုးတိုးတိတ်တိတ် စီမံခန့်ခွဲသွားပြီး နေရာတစ်ခု ဖန်တီးပေးသွားနိုင်ခြင်း သည် စွမ်းရည်အသုံးချခြင်းဆိုင်ရာမှာ နယ်မြေဒေသမရွေးဘဲ အလေးအနက် "လုပ်နည်း" ကို သိနေခြင်းသာဖြစ်သည် ဟူသောအသိကို ရရှိစေမည်ဖြစ်သည်။
သံသရာသည် ဘဝပေါင်းများစွာနှင့် အတက်အကျတို့ကို ကိုယ်စားပြုပြီး တစ်ဘဝ၏ အကောင်းအဆိုးများ ရောပြွန်းနေမှု၏သဘာဝကို နားလည်လက်ခံလျှင် တစ်ဦးတစ်ယောက်သည် "တစ်ခုတည်းသော" လုပ်ဆောင်မှုပေါ် အားကိုး၍မရတော့၊ ရည်မှန်းချက်မြင့်မားသူများ၊ အင်ပါယာတည်ဆောက်လိုသူများ၊ Divisification ဟူသော လုပ်ငန်း ဖြန့်ကျက်ဖို့ လိုသည်။ မိမိကိုယ်၌ကလည်း အရည်အချင်းဖြည့်ဆည်းရန် လိုသည်။ မန်နေဂျာကောင်းများ ရွေးတတ်ရန် လိုသည်။ မန်နေဂျာများကိုလည်း အမြင်ဖွင့်ပေးပြီး ရဲရဲတင်ပြခွင့်ပြုရန် လိုသည်။ ဦးဆောင်သူအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး တစ်ခုနှင့်တစ်ခု ဆက်စပ်ချိတ်ဆက်နေသည်ကို အလေးအနက်သိရန် လိုသည်။ မည်သို့ ချိတ်ဆက် နေသည်ကိုလည်း လေ့လာဖို့လိုသည်။ အသိကြွယ်လာသည့် ယနေ့ကမ္ဘာတွင် "တစ်ခုတည်း" အနေဖြင့် ဘာမှရပ်တည်၍ မရတော့ဆိုသည့် Concept ကိုလည်း လက်ခံတတ်ရန်လိုသည်။ အမြင့်မှန်းလေ ပညာလိုလေဆိုသည့် ဒဿနနှင့် ယုံကြည်မှုကိုလည်း လက်ကိုင်ထားရန်ဖြစ်သည်။ အထူးအခွင့်အရေးရခြင်း၊ ထီပေါက်ခြင်း၊ ကျောက်အောင်ခြင်းမှ ချမ်းသာ ခြင်းသည် တကယ့်အရည်အချင်းဟုတ်-မဟုတ်၊ ရေရှည်တိုက်ပွဲဝင်နိုင်သည့် သက်လုံရှိ/မရှိကိုလည်း ပကတိမြင်တတ်ရန် ဖြစ်သည်။ ခေါင်းဆောင်ကောင်းအဖြစ် ရည်မှန်းထားသူများကလည်း နောက်လိုက်ကောင်း၊ မန်နေဂျာကောင်းများဖြစ်ရန် လိုသည်၊ နောက်လိုက်ကောင်းမဟုတ်သူများ ကံပေး၍ ခေါင်းဆောင်နေရာရလျှင် ရေရှည်မြဲမည်မဟုတ်၊ မန်နေဂျာကောင်း များသည် မူဝါဒကို အကောင်အထည်ဖော်ရန် အရည်အချင်းရှိရမည်ဖြစ်ပြီး တစ်ဖက်မှလည်း မိမိအထက်ကို အကြံဥာဏ် ကောင်းများ ပေးနိုင်ရမည်ဖြစ်သည်။ ကောင်းသောအကြံဥာဏ် မပေးနိုင်သူသည် မန်နေဂျာဘဝမှာသာ ရပ်တံ့နေမည်ဖြစ်ပြီး တစ်ဆင့်မြင့်သောအခြေအနေသို့ ရောက်နိုင်မည်မဟုတ်၊ တစ်ဦးတစ်ယောက်၏ အရည်အချင်းနှင့် အနာဂတ်သည် အောက်ပါပေတံဖြင့် တိုင်းတာ၍ အနာဂတ်ကိုပုံဖော်နိုင်မည် ဖြစ်သည်။
" ဘာလုပ်ခဲ့သလဲ "
" ဘယ်လောက်အောင်မြင်ခဲ့သလဲ "
" ဘယ်လိုအကြံဥာဏ်တွေပေးခဲ့သလဲ "
" ဘယ်လောက်သိနေသလဲ "
(Ref : ဦးသော်ဇင် - မိလိန္ဒအမေးအဖြေ)
နေဇင်လတ် ၂၂-၇-ဝ၂
Credit; နေဇင်လတ် page မှကူးယူဖော်ပြသည်။

No comments:
Write comments