နိုင်ငံခေါင်းဆောင်လည်းဖြစ်၊ သမ္မတလည်းဖြစ်၊ ကဗျာဆရာလည်းဖြစ်သူ ဟိုချီမင်း ကဲ့သို့သော နောက်ထပ်အခြား ပုဂ္ဂိုလ်မျိုး ရှိကောင်းရှိမည် မှန်သော်လည်း စာရေးသူအနေဖြင့် ကဗျာဆရာကြီး ဟိုချီမင်းကို အတိုင်းထက်အလွန် လေးစားကြည်ညိုခဲ့သည်ဟု ဆိုရပေမည်။ ၁၈၉၀ ပြည့်နှစ်တွင် မွေးဖွားသည့် ဟိုချီမင်း (Ho Chi Minh) သည် ယခင်မြောက်ဗီယက်နမ် ဒီမိုကရက်တစ် သမ္မတနိုင်ငံကို တည်ထောင်ခဲ့သူဖြစ်သည်။ ၁၉၄၂ ခုနှစ်တွင် ဗီယက်နမ် အမျိုးသား လွတ်မြောက်ရေးအတွက် အထောက်အကူရရန် နယ်စပ်ဖြတ်ကျော်၍ တရုတ်နိုင်ငံဘက်သို့ ကူးသွားစဉ် တရုတ်ဖြူကိုမင်တန် (KMT- Kuomintang) အာဏာပိုင်တို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရ သည်။ ထိုစဉ်က ဖက်ဆစ်ဂျပန်အား ဆန့်ကျင်ရန် ကိုမင်တန်တို့က မော်စီတုန်းနှင့် မလွှဲမရှောင်သာ ပေါင်းစည်းထားရသည့် အခြေအနေတွင်ရှိသည်။ သို့စဉ်လျက် တရုတ်ကိုမင်တန်တို့က တရုတ်ကွန်မြူနစ်တို့အား အဓိက ရန်သူအဖြစ် မြင်နေသေးသောကြောင့် ဟိုချီမင်းနှင့် သူ၏အပေါင်းပါများအား ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ သို့အတွက်ကြောင့်လည်း ပြည်သူအများက ‘အန်ကယ်ဟို’ ဟု ချစ်စနိုးခေါ်သော ဟိုချီမင်းသည် အကျဉ်းထောင်ထဲ၌ နှစ်နှစ်နီးပါး အချုပ်ခံထားရခြင်း ဖြစ်သည်။
ပြည်သူတို့၏ အားကိုးအားထား ပြုခံရသော၊ ပြည်သူတို့ အကျိုးစီးပွားကို ရိုးသားစွာ အစဉ်အလေးထား ဆောင်ရွက်ပေးသော ခေါင်းဆောင်တစ်ယောက်ကို ချစ်စနိုးအမည်တပ်၍ ခေါ်ဆိုခြင်းမှာ အံ့သြဖွယ်မဟုတ်ပေ။ ဥပမာအားဖြင့် ‘‘အမေ’’ ဟု ချစ်စနိုးခေါ်တွင်ခြင်း မျိုးသည်လည်း အားကိုးခြင်း၊ မျှော်လင့်အားထားခြင်း လက္ခဏာတစ်ရပ် လှစ်ဟပြနေခြင်းပင် မဟုတ်ပါလား။
ထောင်တွင်း၌ ‘ဟို’ ရေးခဲ့သော ကဗျာများအနက် အောက်ပါကဗျာများကို ဖတ်ရှုခံစားကြည့်ပါ။
‘‘The flesh may be in prison
But the mind still has free rein ….’’
‘‘အသွေးအသားတို့ အကျဉ်းထောင်ထဲတွင် ရှိနေစေကာမူ စိတ်အာရုံတို့က အနှောင်အဖွဲ့ကင်းစွာ လွတ်လပ်နေသေးသည်’’။
အကျဉ်းကျနေစဉ် ဟိုသည် သူ၏ကဗျာတစ်ပုဒ်ဖြင့်လည်း ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ခဲ့သေးသည်။
‘‘ဆောင်း၏ အေးစက်ခြင်းနှင့် အုံ့မှိုင်းခြင်းတို့သာ မရှိပါက နွေဦး၏ အနွေးဓာတ်နှင့် အလင်းရောင်တို့လည်း ရှိမည်မဟုတ်။ ခက်ခဲသော ကာလများသည် ငါ့ကိုသွန်းထုပုံသွင်းခဲ့ပြီး ငါ့ဝိညာဉ်ကို သံမဏိအဖြစ်သို့ ပြောင်းပေးခဲ့ပြီ။ ‘‘
ဟိုသည် ၁၉၂၀ ခုနှစ်တစ်ဝိုက် နိုင်ငံရေး ပညာရပ်ကို ပြင်သစ်နိုင်ငံတွင် နေထိုင်စဉ်အတွင်း စိတ်ဝင်စားစွာ သင်ယူဖြစ်သည်။ ယင်းသို့စိတ်ဝင်စားခဲ့ခြင်းမှာ သူ၏ သူငယ်ချင်းလည်းဖြစ်၊ ပြင်သစ်ဆိုရှယ်လစ် ပါတီဝင်လည်းဖြစ်သော မာချဲလ်ကက်ကင်မ် (Marcel Cachim) ၏ အားပေးမှုကြောင့်လည်း ပါသည်။ ဟိုသည် ပါရီမြို့ရှိ သတင်းစာ၌ ဗီယက်နမ် လွတ်လပ်ရေး လှုပ်ရှားမှုဆိုင်ရာ ဆောင်းပါးများ ရေးသားထုတ်ဝေ လျက်ရှိနေသည့် ဗီယက်နမ် အမျိုးသားရေး လှုပ်ရှားသူတစ်စုနှင့် ဆက်သွယ်ခဲ့ပြီး ပါဝင်လုပ်ဆောင်ခဲ့သည်။
၁၉၄၁ ခုနှစ်တွင် ဟိုသည် ဗီယက်နမ်သို့ပြန်ပြီး ဗီယက်မင်း (VietMinh) လွတ်လပ်ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး ပြောက်ကျားတပ်သား ၁၀၀၀၀ ပါဝင်သော နာမည်ကြီး ‘‘အနက်ရောင်ဝတ်စုံ ၀တ်သူများ’’ အဖွဲ့သည် ဗီယက်မင်းနှင့် ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့သည်။ တရုတ်ကွန်မြူနစ်များကို နိုင်ငံတွင်း မရှိစေလိုသဖြင့် ပြင်သစ်နှင့်ပေါင်းကာ တရုတ်တို့အား မောင်းထုတ်ခဲ့ပြန်သည်။ ယင်းနှင့် ပတ်သက်၍ ဟို၏ ပြောစကား တစ်ခွန်းသည် အလွန်မှတ်သားဖွယ် ကောင်းပေသည်။
‘‘နောက်ဆုံးတစ်ခါ တရုတ်တို့ လာတုန်းကဆိုရင် သူတို့အနှစ်တစ်ထောင် နေခဲ့ကြ တယ်။ ပြင်သစ်တွေက နိုင်ငံခြားသားတွေသာ ဖြစ်တယ်။ သူတို့ (ပြင်သစ်) တစ်တွေက အင်အားချည့်နဲ့နေတယ်။ နယ်ချဲ့ဝါဒဟာ ကျဆုံးစပြုနေပါပြီ။ လူဖြူတွေရဲ့ အခန်းကဏ္ဍဟာ အာရှတစ်ခွင်မှာ ပြီးဆုံးသွားပါပြီ။ ငါ့အတွက်တော့ တရုတ်ရဲ့ မစင်ကို ငါ့ရဲ့ကျန်တဲ့ဘ၀ သက်တမ်းတစ်လျှောက် စားနေရမှာထက် ပြင်သစ်ရဲ့မစင်ကို ငါးနှစ်ရှူရှိုက်လို့ပဲ နေချင်တယ်’’ ဟု ၁၉၄၆ ခုနှစ်တွင် ပြောကြားခဲ့သည်။
ဤနေရာတွင် ဟိုချီမင်း၏ ညာလက်ရုံးဟုခေါ်နိုင်သော ဗိုလ်ချုပ်ကြီးဗိုငုယင်ဂျပ်(ပ်) (Vo Nguyen Giap) အကြောင်းကို မပြောဘဲ ချန်လှပ်ထားပါက သဘာဝကျမည်မဟုတ်။ ဂျပ်(ပ်)သည် လေး အောက်တိုဘာ ၂၀၁၃ အသက် ၁၀၂ နှစ်တွင် ကွယ်လွန်ခဲ့သည်။ ဗီယက်နမ်အား ဂျပန်တို့ သိမ်းပိုက်ထားသော ကာလတွင် ၎င်းက ဟိုချီမင်း တည်ထောင်ခဲ့သည့် ဗီယက်မင်းတော်လှန်ရေးတပ်ဖွဲ့၏ စစ်ရေးခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျပ်(ပ်)သည် အင်ဒိုချိုင်းနားကျွန်းဆွယ်စစ်ပွဲ (၁၉၄၆-၁၉၅၄)နှင့် ဗီယက်နမ်စစ်ပွဲ (၁၉၆၀ - ၁၉၇၅) တို့တွင် စစ်သေနာပတိအဖြစ် ဆောင်ရွက်ခဲ့သေးသည်။ ၎င်း၏နည်းဗျူဟာများ အသုံးချလျက် နယ်ချဲ့တို့အား အနိုင်တိုက်ထုတ် နိုင်ခဲ့သည့်အတွက် နာမည်အထူး ကျော်ကြားခဲ့သည်။
ကဗျာစာပေသမားတို့အတွက် ဟိုချီမင်းနှင့် ဂျပ်(ပ်) တို့ နှစ်ဦးလက်တွဲတိုက်ခဲ့သည့် အင်ဒိုချိုင်းနား စစ်ပွဲကြီးသည် အထင်ကရဖြစ်ခဲ့သည်။ ယင်းစစ်ပွဲမှာ ကမ္ဘာနှင့်အ၀န်း ထင်ရှားကျော်ကြားခဲ့သော ‘‘ဒိန်ဘင်ဖူး’’ (Dien Bien Phu) စစ်ပွဲကြီးပင် ဖြစ်တော့သည်။ ထိုစစ်ပွဲကြီး (၁၉၄၆-၁၉၅၄) သည် ဂျပ်(ပ်)၏ စစ်ရေးအမြင်နှင့် အရည်အသွေးကို စမ်းသပ်လိုက်သည့် စစ်ပွဲကြီးဖြစ်သည်။ သူ၏ ဥာဏ်ရည် ဉာဏ်သွေးမှာ နှယ်နှယ်ရရမဟုတ်၊ သမ္မတဟိုချီမင်း၏ ဗိယက်မင်း အစိုးရအဖွဲ့တွင် ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီး ဖြစ်သည့် ဂျပ်(ပ်)သည် ဂျာနယ်လစ် တစ်ဦးလည်း ဖြစ်သဖြင့် နောင်တွင် စစ်ဘက်ဆိုင်ရာ သဘောတရားနှင့် စစ်သေနင်္ဂဗျူဟာနှင့် ပတ်သက်သည့် စာအုပ်များစွာကို ရေးသားခဲ့သည်။ စာအုပ်အမည်များအနက် ‘‘ကြီးမားသော အောင်ပွဲ’’၊ ‘‘ကြီးကျယ်သောလုပ်ငန်း’’၊ ‘‘ ပြည်သူ့တပ်မတော်’’၊ ‘‘ပြည်သူ့စစ်ပွဲ’’ ၊ ‘‘ဒိန်ဘင်ဖူး ‘‘စသည်တို့ ပါဝင်သည်။
ပြင်သစ်တို့အားတုံ့ပြန်၍ မတိုက်ခိုက်မီ ကာလ ၁၉၄၄ ခုနှစ်တွင် ပထမဦးဆုံးသော တော်လှန်ပါတီ၏ စစ်ရေးညီလာခံတစ်ရပ် ကျင်းပခဲ့ရာ ဗီယက်နမ်လွတ်မြောက်ရေး တပ်မတော်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဂျပ်(ပ်)အား ယင်းတပ်မတော်၏ စစ်သေနာပတိအဖြစ် ဟိုက တာဝန်ပေးခဲ့သည်။ ဟို၏ညွှန်ကြားချက်အရ လက်နက်တပ်ဆင်ထားသည့် ၀ါဒဖြန့်တပ်စုငယ်များ ဖွဲ့စည်းခဲ့သည်။
စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်တစ်ချက်မှာ အဆိုပါ ပထမဆုံးဝါဒဖြန့် တပ်စုငယ်တစ်စုတွင် ယောက်ျား ၃၁ ဦး၊ မိန်းမ ၃ ဦးပါဝင်ပြီး ၎င်းတို့ကို လက်နက်ခဲယမ်းမီးကျောက်မျိုးစုံ တပ်ဆင်ပေးထားသည့် အချက်ဖြစ်သည်။ သူတို့၏တာဝန်မှာ တစ်လအတွင်း ပြင်သစ်တို့အား အနည်းဆုံးတစ်ကြိမ် တိုက်ခိုက်အောင်နိုင် ရမည်ဟု ဟိုကိုယ်တိုင် ညွှန်ကြားထားသည့် ပြီးမြောက်ရမည့် တာဝန်ဖြစ်သည်။ ဤနေရာတွင် ကဗျာဆရာကြီး ဟိုချီမင်း၏ ဥာဏ်အမြော်အမြင်၊ အတွေးအခေါ်နှင့် အရည်အသွေးကို လျှော့တွက်၍မရဟု မှတ်ချက်ချရတော့မည် ဖြစ်သည်။ သူ၏လက်အောက် စစ်သေနာပတိကြီးကိုပင် ကျယ်ပြန့်နက်ရှိုင်းသော မြော်မြင်မှုဖြင့် ညွှန်ကြားနိုင်စွမ်းရှိသည်ကို တွေ့ရသဖြင့် သဘောတရားရေးရာ ပညာပြည့်ဝသူ၊ လုံလောက်သော ပညာအခြေခံ တတ်မြောက်ထားသူ၊ အနုပညာသမား ဖြစ်သည့်အလျောက် စိတ်သဘောထား နူးညံ့သိမ်မွေ့သူ၊ သံမဏိကဲ့သို့ မာကျောသည့် စိတ်ဓာတ်ပိုင်ဆိုင်သူစသည့် အရည်အချင်းများဖြင့် လွှမ်းခြုံထားသူ တစ်ယောက်အဖို့ ဤလုပ်ဆောင်ချက်တို့မှာ အံ့သြဖွယ်ရာ မဟုတ်တော့ပေ။
စစ်သေနာပတိဂျပ်(ပ်) ဘက်မှ သုံးသပ်လျှင်လည်း သူ့အပေါ် ဟိုက ကျေးဇူးတစ်စုံတစ်ရာရှိခဲ့၍၊ ထိုကျေးဇူးကို တုံ့ဆပ်ရမည်ဖြစ်၍ ဟိုအားသစ္စာခံနေခြင်းမဟုတ်၊ သစ္စာခံနေခြင်းထက် ဟိုအပေါ် သစ္စာရှိခြင်းသာ ဖြစ်သည်။ သစ္စာခံခြင်းနှင့် သစ္စာရှိခြင်းမတူ ကွဲပြားကြောင်း ယခင်ဆောင်းပါး၌ ရေးခဲ့ပြီး ဖြစ်သည်။ သူတို့နှစ်ဦးသည် ဗီယက်နမ်အမျိုးသား လွတ်မြောက်ရေးအတွက် အတူကြိုးပမ်း တိုက်ပွဲဝင်နေကြသူ ဖြစ်သဖြင့် တစ်ဦးနှင့် တစ်ဦး လေးစားကာ ဂျပ်(ပ်) ကလည်း ဟို၏ညွှန်ကြားမှုကို သစ္စာရှိစွာ လိုက်နာနေခြင်းသာ ဖြစ်သည်။
အမေရိကန်တို့၏ ကျူးကျော်စစ်ပွဲ (၁၉၆၀-၁၉၇၅) တွင်လည်း ဟိုနှင့်ဂျပ်(ပ်) တို့က ပြောက်ကျားနည်းဖြင့် တန်ပြန်စစ်ဆင်သောကြောင့် ၁၅ နှစ်အကြာတွင် အမေရိကန်တို့ ဆုတ်ခွာသွားရကြောင်း သိရ၏။ ယင်း ဗီယက်နမ်စစ်ပွဲတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသော အမေရိကန်ရေတပ် လေယာဉ်မှူး ဂျွန်မက်ကိန်းသည်ပင် ဗီယက်နမ်စစ်တပ်အား ‘‘ဂုဏ်သိက္ခာရှိသည့်ရန်သူ’’ ဟု နောင်တွင် ချီးကျူးထောပနာစကား ဆိုခဲ့ပေသည်။ အသေအကျေ တစ်ဖက်နှင့်တစ်ဖက် သတ်ဖြတ်အနိုင်ယူသည့် စစ်ပွဲမျိုး၌ပင်လျှင် ရန်သူအား ‘‘ဂုဏ်သိက္ခာရှိသည့်ရန်သူ’’ ဟု ဆိုခံရလောက်အောင် ဗီယက်နမ်စစ်တပ်သည် ဘယ်လောက်များ စည်းကမ်းသေ၀ပ်ခဲ့သနည်း။ ဘယ်လောက်များ စနစ်ကျခဲ့သော အဖွဲ့အစည်း တစ်ရပ်အဖြစ် တည်ရှိခဲ့ပါသနည်းဟု စာရေးသူက မေးခွန်းပေါင်းများစွာထုတ်ရင်း အတွေးနက်ခဲ့သည်။
ချုပ်ရလျှင်၊ ၁၉၇၅ ခုနှစ် အမေရိကန်တို့ ထွက်ခွာသွားပြီးနောက် များမကြာမီ တောင်ဗီယက်နမ်မြို့တော် “ဆိုင်ဂွန်’’ (Saigon) ကို ဟိုတို့တပ်ဖွဲ့က သိမ်းပိုက်အောင်နိုင်ခဲ့ပြီး ထိုမြို့အား “ဟိုချီမင်းမြို့’’ (Ho Chi Minh City) ဟု အမည်ပြောင်းခဲ့သည်။ တောင်နှင့် မြောက်ဟူ၍ မခွဲခြားဘဲ တစ်ခုတည်းသော ဗီယက်နမ်သမ္မတနိုင်ငံ ဖြစ်လာလေသည်။
ကဗျာဆရာကြီး ဟိုချီမင်းကွယ်လွန်ခြင်း (၂-၉-၁၉၆၉) မှတ်တမ်းအဖြစ် စာရေးသူရေးသော ကဗျာတစ်ပုဒ်သည် ရှုမ၀မဂ္ဂဇင်း ၁၉၆၉ အောက်တိုဘာတွင် ပုံနှိပ်ပါရှိလာသည်ကို ယနေ့တိုင် အမှတ်ရနေပါသေးသည်။ မည်သူ မည်ဝါပင် ဖြစ်နေပါစေဦး၊ ဦးညွှတ်ထိုက်သူအား ဦးညွှတ်ခြင်းသည် မင်္ဂလာတစ်ပါးဟု စာရေးသူ ခံယူထားလျက်ပင် ရှိနေပါသေးသည်။
တက္ကသိုလ် မိုးဝါ
Subscribe to:
Post Comments (Atom)
No comments:
Write comments