မြန်မာ့ရုပ်ရှင်နေ့နဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲ
၉၆ နှစ်ပြည့် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၅၃ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်က ရန်ကုန်မြို့ ၀င်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာပြုလုပ်ခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၁၃ ရက် ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်ပြီး အဲဒီနေ့မှာပဲ မြန်မာ့ရုပ်ရှင်လောကမှာ လှုပ်ရှားခဲ့ကြတဲ့ ရုပ်ရှင်သက်ကြီးအနုပညာရှင်များကို လက်ရှိလှုပ်ရှားနေကြတဲ့ ရုပ်ရှင်ပညာရှင်၊ အတတ်ပညာရှင်များက ဂါရ၀တရားရှေ့ထားပြီး ကန်တော့ကြတာဖြစ်ပါတယ်။ မေတ္တာနဲ့သူရာ ရုပ်ရှင်ဇာတ်ကား စတင်ပြသတဲ့နေ့ကစပြီး မြန်မာ့ရုပ်ရှင်နေ့ အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။၂၀၁၆ ခုနှစ်မှာ ကျရောက်တဲ့ ၉၆ နှစ်ပြည့် မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနဲ့အတူ ရုပ်ရှင်အနုပညာရှင်ကြီးများဖြစ်တဲ့ ဘဘဗိုလ်ကလေး တင့်အောင်၊ ဒေါ်မြင့်မြင့်ခင် စတဲ့သူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။
မြန်မာ့ရုပ်ရှင်နေ့အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးချိန်မှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးခန်းမထဲမှာ ၅၃ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ဆက်လက်ကျင်းပခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ရုပ်ရှင်သက်ကြီးပညာရှင် အကန်တော့ခံပုဂ္ဂိုလ် ၁၅၃ ဦး ရှိပါတယ်။ ၁၅၃ ဦးရှိပေမယ့် ကန်တော့တဲ့အခမ်းအနားကိုတော့ ၁၅၃ ဦးစလုံး တက်ရောက်နိုင်ခြင်းမရှိပါဘူး။ ကန်တော့ခံတက်ရောက်လာကြတဲ့ သက်ကြီးအနုပညာရှင်များကို နန်းခင်ဇောယျာ၊ မေမြတ်နိုး၊ ယွန်းယွန်း၊ ထားထက်ထက်၊ ခင်ဝင့်ဝါ၊ ဂျူးစံသာ၊ ဘေဘီမောင်၊ ချစ်စနိုးအောင်အောင်၊ ဖူးပွင့်သခင်တို့က မိတ်ဆက်ပေးကြပါတယ်။ အဲဒီနောက်မှာတော့ အခမ်းအနားမှူးက ကန်တော့ချိုးတိုင်ပေးပြီး သက်ကြီးပညာရှင်များကို စုပေါင်းကန်တော့ကြတာပါ။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး အဖွဲ့တို့က ရှေ့ဆုံးတန်းမှာရှိတဲ့ သက်ကြီးရွယ်အိုများကို ပူဇော်ကန်တော့ငွေနဲ့ လှူဖွယ်ပစ္စည်းများကို ကိုယ်တိုင်လှူဒါန်းပေးအပ် ခဲ့ကြပါသေးတယ်။ ၂၀၁၆ ခုနှစ်မှာကျင်းပတဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ကန်တော့ခံသက်ကြီး အနုပညာရှင်များကို အလှူငွေကျပ် ၂ သိန်းစီ၊ ဆေးဝါးနဲ့ အခြားအသုံးအဆောင်ပစ္စည်းများ၊ Sky Net ရုပ်သံကြည့်ခွင့် တစ်နှစ်သက်တမ်းတို့ကို ကန်တော့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com
Subscribe to:
Post Comments (Atom)
No comments:
Write comments