ဆရာနေဇင်လတ်၏ အကြံပေးချက်(၇)ချက် ....
ဆရာနေဇင်လတ်၏ မြန်မာ့စီးပွားရေးလုပ်ငန်းများသို့ အကြံပေးချက်(၇)ချက်။
၁။ အရည်အချင်းနှစ်ပါး
Globalization ခေတ်မှာ အရည်အချင်းနှစ်ပါး ပြည့်စုံရမှာ ဖြစ်ပါတယ်။ စာတွေ့ရယ်၊ လက်တွေ့ရယ် ဖြစ်ပါတယ်။ လက်တွေ့ချည်းစွတ်လုပ်လို့မရပါဘူး။ ကမ္ဘာ့အပြောင်းအလဲပေါ်မှာ သီအိုရီထုတ်ပြီး စာတွေ့ဖြစ်လာတာ သတိထားစေလိုပါတယ်။ စာတွေ့ချည်းပဲလည်း မအောင်မြင်ပါဘူး။ ကိုယ့်အခြေအနေ၊ ကိုယ့်လုပ်ငန်းပေါ်မှာ ပြုပြင်ပြောင်းလဲရတာတွေ ရှိနေပါတယ်။ ကမ္ဘာ့နောက်ဆုံးဖြစ်ပျက်မှုတွေက ထွက်လာတဲ့ သီအိုရီတွေကို လက်တွေ့နဲ့ပေါင်းရမှာ ဖြစ်ပါတယ်။
ပြည်တွင်းက စာရေးဆရာကြီးတစ်ဦးရဲ့ ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။ တစ်ချိန်က ကမ္ဘာ့ကုမ္ပဏီကြီးတွေ အကောင်းဆုံးကျောင်းက အကောင်းဆုံး MBA တွေကို လစာအများကြီးပေးပြီးခေါ်ယူခဲ့တာ အခုဆိုကျောင်းဆင်းစ MBA တွေ လစာကောင်းကောင်းမရတော့ဘူးဆိုတာကို ရေးထားတာပါ။ Undertraining အနေနဲ့ထားရပါတယ်။ စာတွေ့သက်သက်ကို လွှတ်ပးလိုက်တော့ လက်တွေ့မပါတဲ့အတွက် ကုမ္ပဏီတွေ ရှုံးကြရပါတယ်။ Training မှာ လက်တွေ့အရ ဘာတွေဖြစ်ပျက်သလဲဆိုတာ ထိတွေ့မရတာဖြစ်ပါတယ်။ သားသမီးကို ထိန်းသိမ်းတယ်ဆိုရာမှာ သားကိုတစ်မျိုး၊ သမီးကိုတစ်မျိုး သွန်သင်မှုကွဲပြားနိုင်ပါတယ်။
၂။ သင်ခန်းစာ
ပေးဝယ်ဖို့မလိုတဲ့သင်ခန်းစာတွေရှိပါတယ်။ မီး ပူတယ်ဆိုတာ ကိုင်ကြည့်ရတဲ့ခေတ်လည်း မဟုတ်တော့ပါဘူး။ တွေးပြီးယူနိုင်တဲ့အရာတွေ အများကြီးရှိပါတယ်။ မရသင့်တဲ့သင်ခန်းစာကို မယူသင့်ပါဘူး။ FDI ခေါ်တဲ့ ပြည်ပရင်နှီးမြှပ်နှံမှု တဟုန်ထိုးဝင်လာတဲ့အချိန်ကျရင် ပြည်တွင်းလုပ်ငန်းရှင် တော်တော်များများ အတွေ့အကြုံနည်းပါးမှု၊ ဥပဒေ၊ ငွေကြေးနဲ့မရင်းနှီးမှု၊ အမြင်တိမ်းမှုတွေကြောင့် သင်ခန်းစာတွေ တစ်ထမ်းကြီး ရနိုင်နေပါတယ်။
၃။ လမ်းနှစ်သွယ်
ဈေးကွက်စီးပွားရေး အပြည့်အ၀ဖွံ့ဖြိုးလာရင် ကိုယ်ကလည်း ပြင်ဆင်မှုမရှိရင် လမ်းနှစ်လမ်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ နှစ်လမ်းလုံးမကောင်းပါဘူး။ ပြင်ဆင်မှုမရှိ၊ အတွေ့အကြုံနည်းလို့ စာချုပ်ချုပ်ကြရင် တစ်ဖက်က အသာစီးရသွားမှာ ဖြစ်ပါတယ်။ Win-Loss မှာ ပြင်ဆင်မှု မရှိတဲ့သူက နစ်နာမှာပါ။ စာချုပ်ကို လေးစားပြီး ဆက်သွားရင် တောက်လျှောက်နစ်နာသွားမယ့်လမ်းက တစ်လမ်းဖြစ်ပါတယ်။ အနစ်နာမခံနိုင်လို့ စာချုပ်ကို ချိုးဖောက်ရင် သိက္ခာကျ၊ ဥပဒေနဲ့ရင်ဆိုင်ရမယ့်လမ်းက တစ်လမ်းဖြစ်ပါတယ်။
၎။ လမ်းခွဲထွက်ပါ
မြန်မာတော်တော်များများ အစဉ်အလာကို ဖက်တွယ်ထားဆဲ ဖြစ်နေပါတယ်။ ချစ်လွန်းလို့မဟုတ်ဘဲ (Brain Storm) ဦးနှောက်အလုပ်ပေးရမှာ ရွံ့ကြလို့ဖြစ်ပါတယ်။ လုပ်ငန်းကြီးကြီး လုပ်သူတွေ အစဉ်အလာကို ခွဲထွက်ဖို့ လိုကိုလိုအပ်နေပါပြီ၊ Perspective View ခြုံငုံဘယ်လောက်ထိ မြင်နိုင်သလဲ၊ Vision အမြင် ဘယ်လောက်ထိစူးရှသလဲ၊ Knowledge ပညာ ဘယ်လာက်ထိ ထက်မြက်သလဲ စတာတွေဟာ သူ့ရဲ့ ရေရှည်တည်တံ့မှုအတွက် အထောက်အကူတွေ ဖြစ်ပါတယ်။ လူတိုင်း BBA တို့ MBA တို့မသင်နိုင်ပါဘူး။ ဒါပေမယ့် Globalization ရဲ့ ကျေးဇူးနဲ့ အခြေခံတွေရဖို့ အခွင့်အရေးရှိနေပါပြီ။ ဦးနှောက်အပင်ပန်းနည်းနည်းခံဖို့ပဲလိုပါတယ်။
လုပ်ငန်းကြီးကြီးလုပ်သူတွေ Macro အဆင့်အထိ Knowledge ရှိမထားရင် လုပ်လို့မရတဲ့ခေတ် ဖြစ်ပါတယ်။ Micro သဘောအခြေခံတွေရှိမထားရင် စီးပွားဖြစ်ပြီး တစ်ခဏနဲ့ ပြန်ကျသွားနိုင်ပါတယ်။ Market Oriented Economy တကယ်ရုပ်လုံးပေါ်လာရင် ပြည်ပနဲ့ ပုဂ္ဂလိကဖက်စပ်တွေ အများကြီးရှိလာမှာပါ။ Government ဘက်က လျော့လာပြီး Private ဘက်ကကြီးထွားလာရမှာပါ။
၅။ ငွေစာရင်းကြည့်တတ်ပါ
မြန်မာလူမျိုးတော်တော်များများ လက်တန်းလုပ်တဲ့အကျင့်က ဖောက်မထွက်နိုင်ကြသေးပါဘူး။ စာရင်းဇယားဆို မကြည့်တတ်တာရော၊စိတ်မရှည်တာရော ဖြစ်တတ်ကြပါတယ်။ ငွေစာရင်းကို သိပ်ပြီးရင်းနှီးမှု မရှိတတ်ကြသေးပါဘူး။ ဦးဆောင်သူတွေအနေနဲ့ ငွေစာရင်းကြည့်တတ်ဖို့ လိုပါတယ်။ လချုပ်၊ နှစ်ချုပ်တွေကိုလည်း ကောင်းကောင်းနားလည်သင့်ပါတယ်။ ငွေကြေးစီးဆင်းပုံကို မြင်နိုင်သင့်ပါတယ်။ ရင်းနှီးမြှပ်နှံမှုအကျိုး စွမ်းရည်နဲ့ထိရောက်မှုတွေကို သတိထားစီမံသင့်ပါတယ်။ မြန်မာကုမ္ပဏီတော်တော်များများမှာ R & D ခေါ်တဲ့ Research & Development ဆိုတာ မရှိကြသေးပါဘူး။ တစ်ချိန်မှာ အဲဒီခေါင်းစဉ်ကို ငွေကြေးခွဲဝေသုံးစွဲမှု ပေးရတာမျိုး ရှိလာမှာ ဖြစ်ပါတယ်။ လောလောဆယ်အသုံးစရိတ်တွေကို ဘတ်ဂျက်နဲ့ခွဲဝေသုံးတတ်တဲ့ စနစ်လောက်တော့ ရှိသင့်ပြီ ဖြစ်ပါတယ်။
၆။ ဥပဒေ
လုပ်ငန်းတိုင်းဟာ ကြီးကြီးသေးသေး ဥပဒေဆိုတာ ကပ်ပါလာစမြဲဖြစ်ပါတယ်။ အများနဲ့ ဆိုင်တဲ့ဥပဒေ၊ ကုမ္ပဏီဆိုင်ရာဥပဒေတွေ ရှိနေပါတယ်။ ရည်မှန်းချက်ကြီးလို့ တခြားမှာ ရင်းနှီးမြှပ်နှံလိုချင်ရင် International Law ကိုတောင် ယေဘုယျသဘော သိထားဖို့လိုပါတယ်။
၇။ တစ်ရက်တစ်မနက်
အတွေ့အကြုံ အတွေးအခေါ်၊ အမြင်ဆိုတာ တစ်ရက် တစ်မနက်နဲ့ ရတဲ့ကိစ္စ မဟုတ်ပါဘူး၊ ဓားကိုသွေးယူရင် ထက်မြက်လာသလို ဦးနှောက်နဲ့အမြင်ကိုလည်း သွေးယူရင် ထက်မြက်လာပါတယ်။ တစ်ရက်နဲ့တစ်ရက် မသိသာပေမယ့် ကာလတစ်ခုကိုဖြတ်ကျော်မိရင် ကွာခြားချက်ကသိသာလာပါတယ်။ ရေတွင်းတူးထားသင့်ပါတယ်။ သူ့ဘာသာသူ ရေကြည်ဟာ နောက်ကလိုက်လာပါလိမ့်မယ်။
credit: entrepreneursme
baganmart.com မှကူးယူဖော်ပြသည်။
www.myanmarbookworld.com
Subscribe to:
Post Comments (Atom)

No comments:
Write comments