၆ နှစ် အရွယ် ကောင်မလေးနဲ့ ၄ နှစ်အရွယ်ကောင်လေး မောင်နှမနှစ်ယောက် ကမ်းခြေမှာဆော့ပြီး အိမ်ကိုလမ်းလျှောက်ပြန်လာကြတယ်။ ကောင်လေးက ရှေ့ကလျှောက်ရင်း သူ့အစ်မ မပါမှန်းသိလို့ နောက်လှည့်ကြည့်လိုက်တော့ ကောင်မလေးက အရုပ်ဆိုင်ရှေ့မှာ အရုပ်ကလေးတွေကို ငေးနေတယ်။ ဒါနဲ့ ကောင်လေးက အစ်မအဲဒီအရုပ်ထဲက ဘယ်အရုပ်ကို သဘောကျလဲလို့မေးလိုက်တော့ ကောင်မလေးက သူကြိုက်တဲ့ အရုပ်တစ်ရုပ်ကို လက်ညိုးထိုးပြတယ်။
ကောင်လေးက တကယ့်အစ်ကိုကြီး အမူအရာနဲ့ ကောင်မလေးလက်ကိုဆွဲပြီး "အစ်မကိုဝယ်ပေးမယ်" လို့ ပြောလိုက်တော့ ကောင်မလေး အရမ်းပျော်သွားပါတယ်။ သူတို့မောင်နှမနှစ်ယောက် အပြန်အလှန်ပြောနေတာကို အရုပ်ဆိုင်ပိုင်ရှင်ကကြည့်ပြီး သဘောကျနေတယ်။ ဒါနဲ့ ကောင်လေးနဲ့ ကောင်မလေး အရုပ်ဆိုင်ထဲကို ၀င်လာတယ်။ ကောင်လေးက အရုပ်ကို လက်ညိုးထိုးရင်း......
“အဲဒီအရုပ်ရဲ့ တန်ဖိုးက ဘယ်လောက်လဲ” လို့ မေးလိုက်တယ်။
ဆိုင်ပိုင်ရှင်က ဦးကို ဘာပေးနိုင်လို့လဲ လို့ပြန်မေးလိုက်တော့ ကောင်လေးက သူ့အိတ်ထဲမှာထည့်ထားတဲ့ ပင်လယ်ကမ်းခြေက ကောက်လာတဲ့ခရုခွံတွေကို ပြလိုက်ပြီး ဒါတွေပေးမယ်လေ လို့ ပြန်ပြောလိုက်တယ်။
ဆိုင်ရှင်က ကောင်းပြီ......ဒါဆိုရင် မင်းရဲ့ခရုခွံတွေကို ရေကြည့်ရအောင်လို့ပြောပြီး ခရုခွံတွေကို ရေတွက်တယ်။
ကောင်လေးကစိုးရိမ်တကြီးနဲ့ ဒါတွေကနည်းနေလို့လားဟင်လို့ ပြန်မေးတော့ ဆိုင်ရှင်က မနည်းပါဘူး.....များတောင်နေပါသေးတယ် လို့ဆိုပြီး ခရုခွံလေးခုကိုပဲယူပြီး ကျန်တဲ့ခရုခွံတွေကို ကောင်လေးကို ပြန်ပေးလိုက်တယ်။ ကောင်မလေး လိုချင်တဲ့အရုပ်ကိုလည်း ပေးလိုက်တယ်။ မောင်နှမနှစ်ယောက် တစ်ယောက်လက်တစ်ယောက်ဆွဲပြီး ပျော်ရွှင်စွာနဲ့ ဆိုင်ထဲက ပြန်ထွက်သွားကြတယ်။
ဒါကို အစအဆုံးမြင်နေရတဲ့ ဆိုင်ဝန်ထမ်းကောင်လေးက ဆိုင်ရှင်ကို အံသြတကြီးနဲ့မေးတယ်။
"ဆရာဘယ်လိုလုပ်လိုက်တာလဲဗျာ ၊ ဒီလောက်တန်ဖိုးကြီးတဲ့ အရုပ်ကို ဘာမှမတန်တဲ့ ခရုခွံ ၄ ခု နဲ့ ဘာလို့ လဲ လိုက်တာလဲ" လို့ ပြောလိုက်တော့
ဆိုင်ရှင်က "အေး ဟုတ်တယ် မင်းတို့ငါတို့အတွက်တော့ ဒီခရုခွံဟာ ဘာမှတန်ဖိုးမရှိတဲ့အရာ၊ ဒါပေမယ့် ကောင်လေးအတွက်တော့ အဖိုးတန်တဲ့အရာပဲ ၊ သူ့အသက်ငယ်ငယ်လေးမှာ ပိုက်ဆံအကြောင်းကို သူနားလည်မှာမဟုတ်ဘူး ၊ တစ်နေ့သူအသက်ကြီးလာတဲ့အခါ ပိုက်ဆံအကြောင်းကို နားလည်လာလိမ့်မယ် ၊ အရုပ်ကို ခရုခွံနဲ့မဟုတ်ပဲ ပိုက်ဆံနဲ့ဝယ်ရမယ့်အကြောင်း သူသဘောပေါက်လာလိမ့်မယ် ၊ တစ်ချိန်က အဖိုးမတန်တဲ့ခရုခွံတွေနဲ့ အရုပ်ဝယ်ဖူးတဲ့အကြောင်း မှတ်မိနေလိမ့်မယ် ၊ ငါ့ကိုလည်း မှတ်မိနေလိမ့်မယ် ၊ အဲဒီအခါမှာ ကမ္ဘာကြီးမှာ ကိုယ်ချင်းစာစိတ်ရှိတဲ့လူတွေလည်း ရှိနေပါလားလို့ သူတွေးမိလာလိမ့်မယ် ၊ အကောင်းမြင်စိတ်တွေ ရလာလိမ့်မယ် ၊ အဲဒါဟာ အရုပ်ကိုခရုနဲ့လဲလိုက်ရတဲ့ အကြောင်းပါပဲ" လို့ ပြန်ပြောလိုက်ပါတယ်။
သုတဇုန် မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com

No comments:
Write comments