အလုပ်ရှင်တစ်ယောက်အနေနဲ့ဆိုရင် ကိုယ့်ရဲ့ ဝန်ထမ်းတွေဆိုတာ ကိုယ့်ရဲ့ Team ပါပဲ။ ကိုယ်ကတော့ Team Captain (အသင်းခေါင်းဆောင်) ပေါ့လေ။ အသင်းတစ်သင်းလုံး စည်းလုံးညီညွတ်ပြီး ပျော်ရွှင်စွာ အလုပ်လုပ်နိုင်မှ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်မှာပါ။ တကယ်လို့ တစ်ယောက်ယောက်က အလုပ်လုပ်ရတာ မပျော်ဘူး၊ ဒါမှမဟုတ် တစ်သင်းလုံး မပျော်တော့ဘူးဆိုရင်တော့ ဘယ်လိုမှ ရှေ့ဆက်လို့ ရမှာမဟုတ်တော့ဘူး။ ဒီလိုဖြစ်လာပြီဆိုရင် အများစုသုံးတဲ့ ဖြေရှင်းနည်းက လခတိုးပေးလိုက်တာပါ။ ဒါပေမယ့် အဲဒီလို လခတိုးပေးလို့ရော တကယ်ပျော်ကြရဲ့လား၊ မငြင်းနိုင်တဲ့ လစာဖြစ်နေလို့ မထွက်နိုင်ဘဲ ဆက်လုပ်နေရပေမယ့် မပျော်ရွှင်တဲ့သူတွေလဲ ရှိဦးမှာပါ။ ဒီလိုဖြစ်နေရင်တော့ ကုမ္ပဏီတစ်ခုလုံးရဲ့ Productivity ကို ထိခိုက်လာပြီ။ ဒါဆို လစာလဲ တိုးပေးစရာမလို၊ ဝန်ထမ်းတွေလဲ ပျော်အောင် ဘယ်လိုလုပ်မလဲ…
(၁) မက်လုံးတွေပေးပြီး စည်းရုံးပါ။
တကယ်လို့ ကိုယ့်မှာ ဝန်ထမ်းတွေအတွက် တစ်ခုခုအလုပ်ပြီးမြောက်သွားတိုင်း လက်ဆောင်ပေးမယ်၊ ဘောနပ်စ်ပေးမယ် စတဲ့အစီအစဉ်တွေရှိပြီးသားဆိုရင် အဆင်ပြေပါတယ်။ အဲဒီအစီအစဉ်အတိုင်း ဆက်ပြီး လုပ်ဆောင်ပါ။ တကယ်လို့ အစီအစဉ် မရှိဘူးဆိုရင် ဖန်တီးပါ။ ဝန်ထမ်းတွေကို အစည်းအဝေးတွေမှာဖြစ်ဖြစ်၊ စကားပြောရင်းဖြစ်ဖြစ် အမှတ်တမဲ့ဖြစ်ဖြစ် ဘာလိုချင်လဲ မေးပါ။ ပြီးတဲ့အခါ အလုပ်ကြီးကြီးတစ်ခု ပြီးမြောက်သွားရင် ဆုပေးလိုက်ပါ။ တစ်ချို့ကုမ္ပဏီတွေမှာ နှစ်အကြာကြီးလုပ်တဲ့သူတွေကို ကုမ္ပဏီရဲ့ ရှယ်ယာတွေ ခွဲပေးတာမျိုးလဲ ရှိတတ်ပါတယ်။ ဒါလဲ ကောင်းမွန်တဲ့ Team building နည်းလမ်းပါပဲ။
(၂) အလုပ်ပြီးမြောက်တိုင်း ချီးကျူးပါ။
ဝန်ထမ်းတစ်ယောက်က အလုပ်တစ်ခုခုကို ကောင်းကောင်းပြီးမြောက်အောင် ဆောင်ရွက်နိုင်ပြီဆိုရင် ပါးစပ်ကနေ ထုတ်ဖော်ချီးကျူးပေးသင့်ပါတယ်။ အထက်လူကြီးက ချီးကျူးတာ မကြိုက်တဲ့သူ မရှိပါဘူး။ သူဌေးက ချီးကျူးတယ်ဆိုရင် ပိုတောင် ပျော်ဦးမှာပါ။ တကယ်လို့ ပြီးမြောက်သွားတဲ့အလုပ်က ကြီးတယ်ဆိုရင်တော့ ကုမ္ပဏီတစ်ခုလုံးကို အီးမေးလ်ပို့ပြီးပဲဖြစ်ဖြစ် Team Dinner မှာပဲဖြစ်ဖြစ် လူရှေ့မှာ ချီးကျူးဂုဏ်ပြုပေးခြင်းဖြင့် ဝန်ထမ်းကို ပျော်ရွှင်စေမှာဖြစ်ပါတယ်။
(၃) အပိုဝန်ဆောင်မှုလေးတွေ ဖြည့်ဆည်းပေးပါ။
ဝန်ထမ်းတွေကို ပျော်စေဖို့အတွက် အပိုဝန်ဆောင်မှုများဖြစ်တဲ့ ဖယ်ရီစီစဉ်ပေးတာ၊ အိမ်ကနေ အလုပ်လုပ်ခိုင်းလို့ရအောင် စီစဉ်ပေးတာ၊ အလုပ်ချိန်ကို Flexable ဖြစ်အောင် ထားပေးတာ၊ အားလပ်ချိန်များများပေးတာ၊ ဒါမှမဟုတ် သူတို့နှစ်သက်တဲ့ အလုပ်ကို လုပ်ရတဲ့အချိန် များများပေးထားတာ အစရှိသဖြင့် အပိုဝန်ဆောင်မှုတွေ ဖြည့်ဆည်းပေးထားနိုင်ပါတယ်။ တစ်ပတ်တစ်ခါ အတူတူ အားကစားလုပ်ကြတာမျိုး၊ အပြင်မှာ သီချင်းသွားဆိုတာမျိုး အစရှိသည်တို့ဟာလဲ ကောင်းတဲ့အချက်တွေပါပဲ။
(၄) လိုအပ်တဲ့ သင်တန်းတွေတက်ခိုင်းပါ။ ပညာသင်ယူစေပါ။
ဒါကတော့ နှစ်ဦးနှစ်ဖက်အကျိုးရှိစေတဲ့ အချက်ပါ။ ဝန်ထမ်းတွေဟာ အလုပ်ပြီးအိပ်၊ အိပ်ပြီးအလုပ် ဖြစ်နေကြရင်း တဖြည်းဖြည်းနဲ့ မွန်းကျပ်လာပြီး Productivity ကို ထိခိုက်လာပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေထဲက သင့်တော်တဲ့ဝန်ထမ်းတွေကို ရွေးချယ်ပြီး အလုပ်ချိန်အတွင်းမှာ သင်တန်းတက်စေခြင်း၊ သူစိတ်ဝင်စားတဲ့ Skills တစ်ခုခုကို သင်ယူစေခြင်း စသည်တို့ကို ဆောင်ရွက်ပေးနိုင်ပါတယ်။
ဝန်ထမ်းတွေရဲ့ ပျော်ရွှင်မှုဟာ နှစ်လမ်းသွားလမ်းနဲ့ တူပါတယ်။ သူတို့ပျော်ရွှင်လေ၊ အလုပ်ပြီးမြောက်လေ၊ သင်ဟာလဲ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာလေပါပဲ။ တစ်ခါတစ်လေမှာ ဝန်ထမ်းတွေပျော်ဖို့ဆိုတာ လခတိုးပေးတာထက် သင့်ဘက်က ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်မှုက ပိုပြီးလိုအပ်နေတတ်ပါတယ်။
(myanmarleader.com မှကူးယူဖော်ပြသည်။)
www.myanmarbookworld.com
Subscribe to:
Post Comments (Atom)
No comments:
Write comments