တစ်ခါက သူငယ်ချင်းတစ်ယောက်က “ယုံကြည်မှုကို အလွဲသုံးစားလုပ်တာလောက် အသည်းနာတာ မရှိဘူး” ဟု ပြောဖူးသည်။ သူပြောလည်းပြောချင်စရာကောင်းသည်။ သူကိုယ်တိုင် အားကိုးတကြီးဖြင့် လုပ်ငန်းများကို လွဲအပ်ထားသော လူယုံဟုဆိုရမည့် ဝန်ထမ်းက သူ့အပေါ် သစ္စာဖောက်ခြင်းကြောင့်ဖြစ်သည်။
သည်ဖက်ခေတ် ကုမ္ပဏီများအကြားတွင် လူယုံသတ်ခြင်းအဖြစ်အပျက်များက အရမ်းကာရော မရှိတော့ချေ။ ရှိတော့ရှိသည်။ နည်းလာသည်ဟုဆိုရမည်။ စာရေးသူ အထင်မှားခြင်းလည်းဖြစ်နိုင် သည်။ သည်ဖက်ခေတ် ကုမ္ပဏီများ၏ ဝန်ထမ်းခန့်အပ်မှုကဏ္ဍသည် ယခင်ကလို တတ်ကျွမ်းသော ဝန်ထမ်းခန့်အပ်ခြင်းထက် EQ ကောင်းသော (တနည်း) စာရိတ္တကောင်းသော ဝန်ထမ်းများကိုသာ ရွေးချယ်ခန့်အပ်လာကြသည်။
အမှန်တကယ်တော်သော (ပညာရပ်ရော၊ စာရိတ္တရော) ဝန်ထမ်းများ၊ ခေါင်းဆောင်များကို စီးပွားရေးနယ်ပယ်တွင် လုပ်ငန်းရှင်များက ပိုမိုနေရာပေးလာကြသည်။ အောက်ခြေဝန်ထမ်းများတွင် လည်း စာရိတ္တကောင်းသောဝန်ထမ်းများကို ရမ္မက်တစ်ခုပေး၍ စုဆောင်းထားတတ်ကြသည်။ “ငကန်းသေလျှင် ငစွေပေါ်လိမ့်မည်” ဟူသော မူဝါဒကို ခေတ်ပြိုင်စီးပွားရေးလောကတွင် မထားတော့ ချေ။ ဝန်ထမ်းတိုင်းကိုတော့ ဆွဲခေါ်ထားခြင်း မဟုတ်ပေ။
မိမိကုမ္ပဏီတွင်ရှိနေသော ဝန်ထမ်းများမှ အလုပ်လုပ်ပေးနိုင်သော၊ စာရိတ္တမချို့ယွင်းသော ဝန်ထမ်း၊ စသဖြင့်သော ဝန်ထမ်းများကိုရမ္မက်ပေး၍ ဆွဲဆောင်ထားကြသည်။ ဝန်ထမ်းအကျိုးနှင့် ကုမ္ပဏီအကျိုးသည်တိုက်ရိုက် ပတ်သက်နေသည်မဟုတ်ပါလော။
စေတနာပျက်သောဝန်ထမ်းနှင့် စေတနာဖျက်သော သူဌေး
တစ်ခါက ကုမ္ပဏီဝန်ထမ်းကောင်လေးတစ်ယောက်က “ကျွန်တော်ဗျာ…အဲဒီကုမ္ပဏီက သူဌေး ကို အလုပ်လုပ်မပေးချင်တော့ဘူး….အလုပ်လုပ်ရတာလည်း 2015 နှစ်အတွင်းမှာ ပျော်စရာမကောင်း တော့ဘူး” ဟုကျွန်တော့်ကိုပြောညည်းကလေးညည်းလာသည်။
အဆိုပါကုမ္ပဏီတွင် ဝန်ထမ်းတိုင်းမပျော်မရွှင်ဖြစ်လာသည်ဟုလည်းဆိုသည်။ အကြောင်းက ခိုင်းသင့်တာထက်ပိုခိုင်းသည်။ စိတ်တိုင်းကျခိုင်းပြီး ယုတ်စွအဆုံး မုန့်ကလေး၊ ပဲကလေးမြိုးမြိုး မျက်မျက်ပင် ဝယ်မကျွေးချင်။ ထို့ထက်ပို၍ ဝန်ထမ်းများ အလုပ်ထွက်ကြသည်။ ထွက်ကြလျှင် ထွက် ကြပေါ့…..နောက်ဝန်ထမ်းတွေရောက်လာမှာပဲလေဆိုသောသဘောမျိုး / စကားမျိုးဖြင့်ပြော ထွက်လာ သည်။ သည်တော့ ကုမ္ပဏီစတည်ကတည်းက ယခုအချိန်ထိကြိုးစားပေးခဲ့သော ဝန်ထမ်းကောင်းများ ကို စော်ကားရာရောက်သည်။
မိမိတို့အကျိုးစီးပွားအတွက် အားကြိုးမာန်တက်တည်ဆောက်ပေးခဲ့သော ဝန်ထမ်းများ၊ ထပ်ဆင့်ဝင်ရောက်လာပြီး ယခင်ဝန်ထမ်းဟောင်းများဖြင့် ပူးပေါင်းကာ ထောက်ပံ့ပေးခဲ့သော ဝန်ထမ်းများ၏ အလုပ်လုပ်ပေးချင်သော စေတနာကို အဆိုပါသူဌေးက ဖျက်လိုက်ခြင်းပင်ဖြစ်သည်။
ဝန်ထမ်းပျက်စီးခြင်းအကြောင်းတရားမှာ ပင်ကိုယ်စာရိတ္တမကောင်းခြင်း၊ သူဌေးဖျက်၍ ပျက် ခြင်း၊ ဝန်ထမ်းချင်းဖျက်၍ ပျက်ခြင်းတို့အနက် ယခုအဖြစ်မှာ သူဌေးဖျက်၍ ပျက်သော ဝန်ထမ်းများဖြစ် ပေသည်။ အဆိုပါ ဝန်ထမ်းမျိုးကို အခြားကုမ္ပဏီက မွေးလိုက်မည်ဆိုပါက မိမိကုမ္ပဏီနစ်နာရန် လမ်းစ တစ်ခုဖြစ်သွားပေပြီ။
ဝန်ထမ်းတိုင်းကောင်းသည်ဟု မထင်ပါနှင့်
အချို့သောသူဌေးများမှာ ဝန်ထမ်းမွေးတော်သည်ဟု ဆိုရမည်။ မကောင်းသောဝန်ထမ်းကိုပင် သူ့လက်အောက်၌ ဝန်ထမ်းကောင်းဖြစ်အောင်မွေးထားနိုင်သည်။ အချို့သောသူဌေးများမှာ ဝန်ထမ်း ဆိုးများကိုတော့ မြှောက်ထားတတ်သည်။ ဝန်ထမ်းကောင်းများကို လက်လွှတ်ဖို့ လွယ်တတ်သော “ငါတကော” သူဌေးများဖြစ်နေတတ်သည်။
၂၁ ရာစုဈေးကွက်စီးပွားရေး၏ ပြိုင်ဆိုင်မှုများထဲတွင် သူဌေးများ၏ ဝန်ထမ်းပိုင်းပြိုင်ဆိုင်မှုများ လည်းပါဝင်လာသည်။ အချို့သောကုမ္ပဏီကြီးများသည် မိမိတို့၏ ကုန်ပစ္စည်းအရည်အသွေးနှင့် ဝန်ထမ်းပိုင်းတည်ငြိမ်ရေးကိုလည်း ဦးစားပေးတတ်ကြသည်။ အထူးသဖြင့် ကုမ္ပဏီ၏ ဝန်ထမ်းပိုင်း တည်ငြိမ်နေလျှင် ကုန်ပစ္စည်းအရည်အသွေးသည် မူလအရည်အသွေးကို ထိန်းထားနိုင်သလို ပိုကောင်းအောင်လည်း စူးစိုက်နိုင်ပါသည်။
ထို့အပြင် မိမိက ဒီလူအသုံးတည့်နိုင်သည်ဟု သူ့၏ကနဦး လုပ်ဆောင်မှုကိုကြည့်ပြီး မဖြစ်လာသော ဝန်ထမ်းများလည်း ရှိသည်။ အချို့မှာ မှန်းထားသလိုတော်လာသော်လည်း စာရိတ္တ ပျက်သွားတတ်ပြန်သည်။ ထို့ကြောင့် ဝန်ထမ်းတိုင်းသည် ကောင်းသည်ဟုမဆိုလိုနိုင်ပြန်ချေ။ သို့သော် အောင်မြင်နေသော ကုမ္ပဏီများတွင် ကုမ္ပဏီတည်ထောင်စက တည်ထောင်သူအဖြစ် ပါဝင်လုပ် ဆောင်ခဲ့သောဝန်ထမ်းနှင့် ကုမ္ပဏီအောင်မြင်စပြုချိန်တွင် အားကြိုးမာန်တက် ပံ့ပိုးပေးခဲ့သော ဝန်ထမ်းများကို တတ်စွမ်းသလောက်ဆွဲဆောင်ထားပြီး မိမိကုမ္ပဏီရည်ရှည်အတွက် ပူးပေါင်း ပါဝင်စေခဲ့သော လုပ်ထုံးများက ၂၁ ရာစုစီးပွားရေးရေစီးကြောင်းတွင် အဓိကကဏ္ဍတစ်ခုလို ပါဝင်လာ ခဲ့သည်။
ပင်ကိုယုံကြည်မှု
“ငါ့ကို ယုံကြည်ပေးပါ” ဆိုသောစကားရပ်ကို ၂၁ ရာစုစီးပွားရေးလောကတွင် သိပ်မသုံးတော့ချေ။ “ငါ့ကို ယုံကြည်ပေးပါ’’ ဆိုခြင်းထက် “ငါဟာ သင့်အတွက်အယုံကြည်ရဆုံး” ဆိုသောစကားရပ်ကို ပြောင်းလဲသုံးစွဲလာသလို စနစ်ကိုလည်း ပြောင်းလဲကျင့်သုံးလာကြသည်။
ဤကဲ့သို့ပင် ကုမ္ပဏီများတွင် ဝန်ထမ်းနှင့် သူဌေးအကြား နှစ်ဦးနှစ်ဖက်ယုံကြည်မှုကို အလေးထားလာကြသည်။ အဖြစ်အများဆုံးမှာ သူဌေးကို ဝန်ထမ်းများက လုံးဝဥဿုံ ယုံကြည်တတ် ကြသည်။ ထိုအချက်ကို ကမ္ဘာ့သူဌေးကြီး ဝါရင်ဘတ်ဖတ်က အသုံးချနိုင်သည်ဟု စာရေးသူထင်မိ သည်။ မိမိဝန်ထမ်း၏ လုပ်ဆောင်ရန်တာဝန်တစ်ခုကို ဘယ်တော့မှ ဝင်ရောက်မစွက်ဖက်တတ်ပေ။ ဝင်ရောက်မစွက်ဖက်သလို “ဒါမင်းကုမ္ပဏီ…မင်းကြိုက်တာလုပ်” ဆိုတာမျိုးပြောပြီး နေတတ်သည်။
ဘေးကကြည့်လျှင် လစ်လျူရှုသည့်လုပ်ရပ်ဟု မြင်ကောင်းမြင်ပေလိမ့်မည်။ သို့သော် ထိုဝန်ထမ်း၏ လုပ်အားနှင့် ကြိုးစားမှုကို ပိုလိုချင်၍ ပင်ကိုယ်ယုံကြည်မှုပေးလိုက်ခြင်းဖြစ်သည်။ ထိုအချက်ကပင် ကမ္ဘာတလွှားက သူ့ကုမ္ပဏီများ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းတွင် ဆိုးရွားသော အခြေအနေနှင့် ရင်မဆိုင်ရခြင်းဖြစ်ပေလိမ့်မည်။
ပင်ကိုယ်ယုံကြည်မှုမပေးနိုင်သော (တနည်း) ဝန်ထမ်းကို ယုံကြည်မှုအားနည်းသော ကုမ္ပဏီ များတွင် ဝန်ထမ်းပိုင်းမတည်ငြိမ်နိုင်သလို ၂၁ ရာစုစီးပွားရေးရေစီးကြောင်းအတွင်း တလိမ့်လိမ့်ဖြစ် သွားနိုင်သည်။ သူဌေးကို ဝန်ထမ်းက မယုံကြည် (သို့) ယုံကြည်မှုလျော့လာလျှင် အဆိုပါသူဌေး အတွက်ဝန်ထမ်းသည် အလုပ်လုပ်ပေးချင်သောဆန္ဒပျက်လာပြီး အထက်တွင် ဖော်ပြခဲ့သော အလုပ် လုပ်ရတာ မပျော်တော့ဘူးဗျာဆိုသော အဖြစ်များ ရင်ဆိုင်ရလာနိုင်သည်။
ထို့ကြောင့် စီးပွားရေးနယ်ပယ်တစ်ခုတွင် ပြင်ပစီးပွားဖက်ယုံကြည်မှုသာမက ကုမ္ပဏီတွင်း ဝန်ထမ်းနှင့် သူဌေးအကြားက ယုံကြည်ခြင်း / မယုံကြည်ခြင်းကလည်း အရေးပါသည်။ ယနေ့အောင်မြင်နေသော / အောင်မြင်လာသောကုမ္ပဏီများတွင် EQ ကောင်းသော ဝန်ထမ်းများကို မွေးမြူလာပြီး ပင်ကိုယ်ယုံကြည်မှုရှိအောင် ကြိုးစားဆောင်ရွက်လာကြသည်။ လုပ်ယူထားသော ယုံကြည်မှုရှိသော ကုမ္ပဏီများ၏ အဓိကပြဿနာမှာ ဝန်ထမ်းပိုင်းစိန်ခေါ်မှုများဖြစ်လာနိုင်ပါကြောင်း။
သုနောင်
22.1.2016
(မှတ်ချက် - စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။)
Subscribe to:
Post Comments (Atom)

No comments:
Write comments