ညီမလေးရေ...
တို့မောင်နှမတစ်တွေ မတွေ့တာကြာပြီနော်။ လာမယ် လာမယ်နဲ့ စိတ်ကူးသာရှိပြီး အလုပ်တွေ မအား တာနဲ့ မရောက်ဖြစ်ဘူးကွယ်။
တစ်နေ့တော့ အစ်ကိုကြီး လာခဲ့ပါဦးမယ်။ ဒါနဲ့ ဟိုတစ်နေ့က အစ်ကိုကြီးတို့မိသားစု အမှတ်တရကြည့်ရ အောင်ဆိုပြီးတော့ ညီမလေး ထည့်ပေးလိုက်တဲ့ဓာတ်ပုံကို အစ်ကိုကြီးတို့ တစ်မိသားစုလုံး လက်ခံရရှိပါတယ်။ ညီမလေးကို... ကိုယ့်ညီမမို့လို့ ပြောတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်နှစ်... ဆယ့်ခြောက်နှစ်အရွယ်က အလှ ထက် အခုဆယ့်ရှစ်နှစ်အရွယ်က ပိုလှလာတယ်... ညီမလေး။
ဒါပေမဲ့... ညီမလေးရေ။ ဆရာကြီးလုပ်တယ် လို့လည်း မထင်စေချင်ဘူး။ ပြောရဦးမယ်ကွဲ့။
ပန်းခင်းဆိုတာ နဂိုကတည်းက အလှဂုဏ်ရှိပြီး သားလေ။ အဲဒီလိုပဲ၊ ပန်းချီဆိုတာလည်း ဆွဲကတည်းက အမြင်လှဖို့ပဲ ရည်စူးတာပေါ့ကွယ်။ ပြောရရင် ညီမလေး ရေ၊ မိန်းမလှဆိုတာဟာ ပန်းတစ်ခင်း၊ ပန်းချီကား တစ်ချပ်ပါပဲ။
သူ လှအောင် ပြင်ဆင်ရတာပေါ့။ ပြုပြင်ရတာ ပေါ့။ ဟုတ်တယ် မဟုတ်လား ညီမလေး။ အင်း... ဘယ်သူက ပြင်ရမှာလဲ။ တခြား ဘယ်ဟုတ်ပါ့မလဲကွယ်။ မိမိကိုယ်တိုင်ပေါ့။
မိမိရဲ့ရုပ်ခန္ဓာက ပန်းတစ်ခင်း၊ ပန်းချီကား တစ်ချပ်ဆိုရင် စိတ်၊ စိတ်တသိက်၊ ၀ိညာဉ်က ဥယျာဉ်မှူး၊ ပန်းချီဆရာပေါ့ကွယ်။
မိမိရဲ့ရုပ်ခန်္ဓာလှပဖို့ မိမိရဲ့ စေတသိက်၊ ၀ိညာဉ် က ဖန်တီးပုံဖော်အလှဆင်တတ်တယ်။ သူ့ရဲ့ ခြယ်မှုန်းရာ အပေါ်မှာ ရုပ်ခန်္ဓာက လိုက်ရတာပါပဲ။ လူငယ်ဘာသာ ဘာဝ လွတ်လပ်နေမှဆိုရင် (အားနာပါတယ် ညီမလေး) လွတ်ပြီး လပ်နေပါလိမ့်မယ်။
အခုလည်း ညီမလေး ထည့်ပေးလိုက်တဲ့ ညီမလေးရဲ့ဓာတ်ပုံထဲက ညီမလေးရဲ့ ၀တ်စားပုံဟာ လွတ်ပြီးလပ်နေတယ်ကွဲ့။ ဒါလေးများ အစ်ကိုကြီးရယ် အပြစ်ရှာလို့ လို့ထင်ခဲ့ရင် မှားသွားလိမ့်မယ် ညီမလေး။
အ၀တ်အစားဆိုတာဟာလည်း လူ့သမိုင်း ကြောင်းရဲ့ ပြယုဂ်ပါပဲ။ အရမ်းဝေးလွန်းတာတွေ ပြောနေ ရင် ငါ့ညီမလေး နားရှုပ်သွားနိုင်တယ်။ အဲဒီတော့ အနီးစပ်ဆုံးလေးတွေပဲ ပြောပြတော့ မယ်နော်။
ညီမလေးရဲ့ နှုတ်ခမ်းလှလှလေးကနေပြီးတော့ ဦးဦး၊ ဒေါ်ဒေါ် ဆိုပြီး တလေးတစား ခေါ်နေတဲ့ လူကြီး နှစ်ဦးကြည့်ဖို့ ပို့ပေးလိုက်တဲ့ ဓာတ်ပုံတွေက ယဉ်ယဉ် ကျေးကျေး လုံလုံခြုံခြုံဆိုရင် ပိုမကောင်းပေဘူးလား။
အခုရော ညီမလေးက ဘာဖြစ်နေလို့လဲ၊ အစ်ကို ကြီးကို ညီမလေးမေးလာခဲ့ရင် အထက်မှာပြောခဲ့သလို လွတ်ပြီးလပ်နေပါတယ်လို့ပဲ အားနာနာနဲ့ အစ်ကိုကြီး ပြောပါရစေ။
မြန်မာမို့လို့ မြန်မာ့ယဉ်ကျေးမှုအရ ၀တ်ကြရပြီ ဟေ့ ဆိုရင် ရင်ဖုံးအင်္ကျီနဲ့ ထိုင်မသိမ်းထဘီကို ၀တ်မှ ဖြစ်မယ်လို့ အစ်ကိုကြီး မပြောလိုပါဘူး ညီမလေး။
ကိုယ့်ထက် အသက်၊ ဂုဏ်ရှိန်ကြီးကြတဲ့ လူကြီး သူမတွေ... အစ်ကိုကြီးနဲ့ သက်တူရွယ်တူ စတဲ့သူတွေက ညီမလေးကိုမြင်တဲ့ အခါ ““သြော် သိပ်ကျက်သရေရှိတဲ့ အမျိုးကောင်းသမီးလေးပါလား”” လို့ နှုတ်က မပြောပေ မယ့် ရင်ထဲမှာ အေးချမ်းသွားစေမယ့် ယဉ်ကျေးတဲ့အလှ မျိုး ရှိဖို့ကို အစ်ကိုကြီး ပြောတာပါ။
အခုလို စကတ်တိုနဲ့ လည်ဟိုက်ဘလောက်(စ်) ကလေးနဲ့ ၀တ်ထားတာ ဘာဖြစ်လို့လဲလို့ အစ်ကိုကြီး မေးလာခဲ့ရင် ဘာမှတော့မဖြစ်ပါဘူး ညီမလေး။ ဒါပေမဲ့ အဂါရ၀ ဆိုတဲ့ အကုသိုလ် ဖြစ်တတ်တယ်ကွဲ့။
အဂါရ၀ဆိုတာ မကြောက်တတ်လို့ ဘာမှ မဖြစ်ဘူးလို့ မထင်ပါနဲ့ ညီမလေး။
အစ်ကိုကြီး အခုပြောနေတာဟာ တမင် သက်သက် ဖြဲခြောက်နေတာတော့ မဟုတ်ပါဘူး။ ညီမလေး။ ပုရွက်ဆိပ်ကိုက်တာဟာလည်း သတိမမူမိရင် အဆိပ်သင့်တတ်တယ်ဆိုတာ သိစေချင် တာပါ။
အဂါရ၀ ဆိုတာကိုတော့ ညီမလေးသိမှာပါ။ မြန်မာ-ပါဠိ အဘိဓာန်မှာတော့ ““အဂါရ၀ ကရဏ (န) အရိုအသေ မပြုခြင်း”” လို့ ပြန်ဆိုပါတယ် ညီမလေး။
ဆိုရရင်တော့ ညီမလေးရယ်...၊ ကိုယ့်ထက် အသက်၊ ဂုဏ်ရှိန်၊ တစ်ရက်၊ တစ်မနက် ကြီးမြတ်သူတွေကို အရိုအသေပြုဖို့ စိတ်၊ စိတ်တသိက်နဲ့ လေးစားမှုရှိဖို့ သတိမမူမိဘူးဆိုရင် အကုသိုလ်ဖြစ်တယ်ကွဲ့။
ငရဲကိုရောက်မှ အကုသိုလ်ဖြစ်တာ မဟုတ်ဘူး နော်။ ညီမလေးက အခုမှ ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာ။ နောင်အသက်ကြီးလာလို့ ရာထူး၊ ဂုဏ်ရှိန်တွေနဲ့ အောက် လက်ငယ်သားတွေကို အုပ်ချုပ်ရပြီဆိုပါတော့။ အဲဒီအခါ ညီမလေးကို သူတို့က ရိုသေသမှုအားနည်းကြတယ် ဆိုကြ ပါစို့။
အဲဒါဟာ ကိုယ်ပြုခဲ့ဖူးတဲ့ အဂါရ၀ အကုသိုလ် ကြောင့် ကိုယ့်ဆီမှာပြန်လာပြီး အကျိုးပေးတာပါ။
ဘာသာရေးနဲ့ နှီးနွယ်ပြီး ပြောဆိုခြိမ်းခြောက် တာ မဟုတ်ဘူးနော် ညီမလေး။ ဘယ်လိုမျိုးပဲ ဖြစ်ဖြစ်ပါ ညီမလေး။ အရာရာတိုင်းမှာ ပဲ့တင်ပြန်ခြင်းရဲ့ အကျိုး သက်ရောက်မှုကို ထောက်ပြရုံ လောက်ပါပဲ။
ညီမလေး နားလည်နိုင်လိမ့်မယ်လို့ အစ်ကိုကြီး ယုံကြည်ပါတယ်။ ညီမလေးရေ...
မိဘဘိုးဘွားတွေက ညီမလေးကို စိန်တစ်ပွင့်ပေး ခဲ့တယ် ဆိုကြပါစို့။ အခု ညီမလေးရှေ့မှာ စိန်ထက်ပိုလှတဲ့ ဖန်စီအလှပစ္စည်း တွေကလည်း အများကြီးရှိနေတယ်။
ညီမလေးကို တစ်ခုယူပါဆိုရင် ဘယ်ဟာကို ယူမယ်လို့ ညီမလေး စိတ်ကူးသလဲ။
ညီမလေး ဘိုးဘွားတွေပေးခဲ့တဲ့ စိန်က ခေတ်တော့ မမီတော့ဘူး။ ဒါပေမဲ့ တန်ဖိုးကြီးတယ်။ ဖန်စီလေးတွေ ကတော့ လှတာပေါ့ ညီမလေးရယ်... ခေတ်လည်း မိတယ်။
စဉ်းစားကြည့်လိုက်ပါ... ညီမလေး။
ကဲ... ဒီလောက်ပဲနော်။
ညီမလေး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး အမျိုးဘာသာကိုစောင့်ရှောက် နိုင်သူဖြစ်ပါစေ။
ဘုန်းစင်ကြယ်
Eternal Light Magazine
Feb 2012
(မှတ်ချက် - စာရေးသူ၏ ခွင့်ပြုချက်ဖြင့် အသုံးပြုပါသည်။)
Subscribe to:
Post Comments (Atom)

No comments:
Write comments