စောင့်ကြည့် အကဲခတ်ခြင်းနဲ့ အပြန်အလှန် ထိန်းကျောင်းခြင်း ဆိုတဲ့ ရည်ရွယ်ချက်ဟာ ဥပဒေပြုရေး မဏ္ဍိုင်က ပြဋ္ဌာန်း လိုက်တဲ့ ဥပဒေတွေနဲ့ အညီ အုပ်ချုပ်ရေး မဏ္ဍိုင်နဲ့ တရားစီရင်ရေး မဏ္ဍိုင်တို့က လိုက်နာ ဆောင်ရွက်ခြင်း ရှိ၊ မရှိ လေ့လာစိစစ် အကဲဖြတ်ခြင်း ဖြစ်ပါတယ်။ အပြန်အလှန် ထိန်းကျောင်းခြင်းဟာ ၀င်ရောက် စွက်ဖက်ခြင်း ဆိုတဲ့ သဘော သဘာဝနဲ့ လုံးဝကွဲပြား ခြားနားတယ် ဆိုတာ ကိုလည်း သိရှိ လာကြမှာ ဖြစ်ပါတယ်။ ကိုယ်စားပြုရေး ကိစ္စမှာလည်း တစ်ဦး တစ်ယောက်၊ တစ်သင်း တစ်ဖွဲ့ကို ကိုယ်စားပြု သလား၊ မဲဆန္ဒရှင် ပြည်သူလူထု လူအများစုကို ကိုယ်စားပြု သလား အလေးအနက်ထားရ မှာကို တွေ့မြင် လာမှာ ဖြစ်ပါတယ် (၁၅. ၂. ၂၀၁၆) ရက်နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ် လွှတ်တော် ကိုယ်စားလှယ်များ အတွက် လွှတ်တော်လုပ်ငန်း ဆိုင်ရာများ ရှင်းလင်း တင်ပြခြင်း အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ပြောကြားခဲ့သည့် စကား ဖြစ်ပါသည်။
လွှတ်တော်၏ တပ်ထွက်မိန့်ခွန်း၊
အဆိုပါ စကားကို လေ့လာကြည့်လျှင် (၁) စောင့်ကြည့် အကဲခတ်ခြင်း၊ (၂) အပြန်အလှန် ထိန်းကျောင်းခြင်းနှင့် (၃) ကိုယ်စားပြုခြင်း ဆိုသည့် စကားရပ် သုံးခုကို တွေ့ရသည်။ လာမည့် လွှတ်တော် သက်တမ်းတစ်လျှောက် ဆောင်ရွက်မည့် တပ်ထွက်မိန့်ခွန်း ဆိုလျှင်လည်း မှားမည်မထင်။ အမှန်တကယ်လည်း လွှတ်တော်များက ဆောင်ရွက်ရမည့် ပင်မတာဝန်များ ဖြစ်ပြီး ပြီးဆုံးသည့် ပထမအကြိမ် လွှတ်တော်များတွင် အတွေ့အကြုံ နုနယ်မှုအောက်တွင် မြင်သာအောင် မဆောင်ရွက်နိုင် ခဲ့သည့် အချက်များလည်း ဖြစ်သည်။
ပထမအကြိမ် လွှတ်တော်တွင် မြင်သာအောင် မဆောင်ရွက်နိုင်ခဲ့ ဆိုသည့် စကားသည် အဆိုပါ လွှတ်တော်များကို အပြစ်တင်ခြင်း မဟုတ်ပါ။ ပထမအကြိမ် လွှတ်တော် များတွင် အဓိက အခက်အခဲမှာ အာဏာရှင် လက်အောက်၊ တစ်သွေး တစ်သံ တစ်မိန့် လက်အောက်မှ စုဖွဲ့မှုဖြင့် ဆောင်ရွက်ခြင်း လုပ်ငန်းစဉ် များသို့ ကူးပြောင်းရသည် ဖြစ်သည့် အတွက် အရာရာချိန်ဆ လုပ်ဆောင်ရသည်ကို လွှတ်တော်နှင့် အစိုးရတို့ ပွတ်တိုက်မှု ဖြစ်စဉ်တိုင်းတွင် တွေ့ရပါသည်။ ဥပမာ အားဖြင့် ပထမအကြိမ် လွှတ်တော်နှင့် အစိုးရ တို့အကြား ဖြစ်ပေသည့် ပွတ်တိုက်မှု ကြီးမားသွားချိန်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကြီး တစ်ရပ် ဆုံးရှုံးနစ်နာ သွားရသည့် အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးကြီး၏ လုပ်ဆောင်ပိုင်ခွင့် ကိုပင် မေးခွန်း ထုတ်စရာ ဖြစ်သွားခဲ့ ရသည်။ ယခု အချိန်အထိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကြီး၏ သက်ဝင်မှု အားနည်းသွားရ လေသည်။
ဒုတိယအကြိမ် လွှတ်တော်၏ အားသာချက်မှာ ပထမအကြိမ် လွှတ်တော်၏ အတွေ့အကြုံ များကို သင်ခန်းစာ ယူနိုင်ခြင်း၊ စစ်အာဏာရှင် စနစ်နှင့် ငါးနှစ်တာ ကွာခြား သွားပြီး အစုအဖွဲ့ဖြင့် ဆောင်ရွက်သည့် အလေ့ကို ငါးနှစ်တာ ရရှိပြီး ဖြစ်ခဲ့ခြင်းတို့ ဖြစ်သည်။ ဤသည်ကိုလည်း အဆိုပါ အခမ်းအနားတွင် ဦးဝင်းမြင့် ပြောကြား ခဲ့သည့် အခု ပြုလုပ်တဲ့ပွဲ ကတော့ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းမှာ တက်ရောက်မယ့် လွှတ်တော် ကိုယ်စားလှယ် များအား လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းများတွင် လွှတ်တော်၏ လုပ်ငန်းများ ပိုမို ထိရောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အထောက်အကူပေး နိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် နောက်ပိုင်း ကာလမှာ ပထမအကြိမ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များအား စစ်တမ်း ကောက်ယူခြင်းမှ ရလဒ်များ အပေါ် စီစဉ်ခြင်း ဖြစ်ပါတယ် ဆိုသည့် စကားက သက်သေခံနေ ပါသည်။
ဒီမိုကရေစီ တည်ဆောက်ရေးတွင် အချုပ်အခြာ အာဏာပိုင်များ ဖြစ်သည့် ဥပဒေပြု မဏ္ဍိုင်၊ အုပ်ချုပ်မှု မဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင် ဆိုသည့် မဏ္ဍိုင် သုံးရပ်လုံးက ဒီမိုကရေစီ တည်ဆောက်လိုသည့် ဆန္ဒ (ဖြစ်နိုင်လျှင် လောဘ အဆင့်အထိ) ရှိဖို့ လိုပါသည်။ ဤသို့ ကျွန်တော်ဆိုရ ခြင်းမှာ လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ နိုင်ငံရေး ကူးပြောင်းပုံဖော်မှုတွင် ဥပဒေပြု မဏ္ဍိုင်တစ်ရပ်တည်း ကသာ ဒီမိုကရေစီ တည်ဆောက်ခြင်း လုပ်ငန်းကို ဆန္ဒထက်သန်နေပြီး အုပ်ချုပ်မှု မဏ္ဍိုင်တွင် အားနည်းနေသည်။ တရားစီရင်ရေး မဏ္ဍိုင်တွင် ယခင် စစ်အာဏာရှင် လက်ထက်နှင့် ဘာမှမခြားနား။ တစ်နည်း ဆိုသော် ဒီမိုကရေစီ တည်ဆောက်မှုကို တရားစီရင်ရေး မဏ္ဍိုင်တွင် ကင်းမဲ့နေသည်ဟု ဆိုရပေမည်။ ထို့အတွက် လာမည့် လွှတ်တော်ကြီးများ လွန်စွာ အားကောင်းဖို့ လိုပါသည်။ ထိုသို့ အားကောင်းပါမှ လွှတ်တော်ကြီး များ၏ တာဝန် များဖြစ်ကြသည့် ဥပဒေပြုခြင်း၊ စောင့်ကြည့် အကဲခတ်ခြင်း၊ အပြန်အလှန် ထိန်းကျောင်းခြင်း၊ကိုယ်စားပြုခြင်း ဆိုသည့် လုပ်ငန်းစဉ် များကို အောင်မြင်မှု များအောင် ဆောင်ရွက်နိုင်ပေမည်။ ထိုသို့ အောင်မြင်မှု များအောင် ဆောင်ရွက်နိုင်ပါမှ ဒီမိုကရေစီ တည်ဆောက်ရေး တစ်ဆင့် တက်၍ ဖော်ဆောင်နိုင်ပေ လိမ့်မည်။
ဥပဒေပြုခြင်း၊
ယခင် စစ်အာဏာရှင်များ လက်ထက်က ဥပဒေပြုခြင်းကို တစ်ဦးတစ်ယောက် တစ်ဖွဲ့က ဆောင်ရွက် ခဲ့သည်ကို အားလုံးအသိ ဖြစ်ပါသည်။ ကျွန်တော်တို့ ဥပဒေ သီအိုရီတွင် မဏ္ဍိုင်တစ်ရပ် သို့မဟုတ် တစ်ဦး တစ်ယောက်ကို အာဏာတစ်ရပ်ထက် ပိုပြီး ကျင့်သုံးခွင့်ပေး လိုက်လျှင် အာဏာကို အလွဲသုံးမှုများ ဖြစ်တတ်သည်ကို ပညာရှင်တိုင်း လက်ခံထားပြီး ဖြစ်ပါသည်။ အုပ်ချုပ်မှု အာဏာပိုင် တစ်ဦး အနေဖြင့် ဥပဒေပြုမှု အာဏာကိုပါ အပ်နှင်းထား ပါက ၎င်းတို့ စီမံ အုပ်ချုပ်မှုကို အကာအကွယ်ယူသည့် ဥပဒေများပင် ပြဋ္ဌာန်းပေ လိမ့်မည်။ အာဏာရှင် စနစ်ဖြင့် နေထိုင်ခဲ့ရသော ကျွန်တော်တို့ နိုင်ငံတွင် ထိုသို့ အုပ်ချုပ်ရေး မဏ္ဍိုင်ကို အကာအကွယ် ပေးသည့် အုပ်ချုပ်ရေး မဏ္ဍိုင်မှ တာဝန်ယူမှု၊ တာဝန်ခံမှု နည်းပါးသည့် ဥပဒေများ များစွာရှိနေ ပေသည်။ ထိုဥပဒေတို့၏ အားနည်းချက်ကို အကာအကွယ်ယူ၍ အုပ်ချုပ်မှု မဏ္ဍိုင်များတွင် တာဝန်ယူမှု၊ တာဝန်ခံမှု နည်းပါး လာသည်။ ထိုသို့ တာဝန်ယူမှု၊ တာဝန်ခံမှု နည်းပါး လာသည့် အလျောက် ပြည်သူ့ ၀န်ထမ်းတို့ အရည်အသွေး ကျဆင်းလာသည်။ အရည်အသွေး ကျဆင်းမှုနောက် တွင်လည်း တာဝန် ယူရန်၊ တာဝန်ခံရန် မရှိသည့် အတွက် အဂတိတရားတို့ တိုးပွားလာ ခဲ့သည်။ ယခုထိုသို့ ဖြစ်နေခြင်းမှာ အုပ်ချုပ်မှု မဏ္ဍိုင် တစ်ရပ်တည်း မဟုတ် တရားစီရင်ရေး မဏ္ဍိုင်တွင် ပိုမို ဆိုးဝါးနေသည်ကို တွေ့ရသည်။ ဤသို့ ဖြစ်လာခြင်းမှာ ကျွန်တော် တင်ပြခဲ့သည့် ဥပဒေကို ကျင့်သုံးမည့် အဖွဲ့ အစည်းများသို့ ဥပဒေပြုခွင့် အာဏာအပ်နှင်းခဲ့ ခြင်းကြောင့် ဖြစ်ပါသည်။
ယခုမူ စနစ်ပြောင်းပေပြီ။ ၂၀၁၁ ခုနှစ် နောက်ပိုင်း ဥပဒေပြု အာဏာကို လွှတ်တော်များသို့ စနစ်တကျ အပ်နှင်း ထားပြီး ဖြစ်သည်။ မည်မျှအထိ ပေးထားသည် ဆိုသော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၀၅(ဂ) တွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ ဥပဒေ အဖြစ် ထုတ်ပြန် ကြေညာရန် သတ်မှတ် ထားသည့် ကာလ အတွင်း ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက မိမိ၏ သဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့ခြင်း၊ မပြုလျှင်သော် လည်းကောင်း၊ ဥပဒေကြမ်းကို လက်မှတ်ရေးထိုး၍ ဥပဒေ အဖြစ် ထုတ်ပြန် ကြေညာခြင်း မပြုလျှင်သော် လည်းကောင်း၊ သတ်မှတ်ကာလပြည့်မြောက်သည့် နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတ၏ လက်မှတ် ရေးထိုးချက်ကို ရရှိပြီး သကဲ့သို့ ဥပဒေ ဖြစ်လာ ရမည် ဆိုသည်အထိ ဖြစ်သည်။ ဆိုလိုသည်မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးသည့် ဥပဒေကြမ်း တစ်ရပ်ကို သမ္မတက မနှစ်သက်၍ လက်မှတ် မထိုးလျှင်ပင် အဆိုပါ ဥပဒေသည် မပျက်ပြယ်ဘဲ သတ်မှတ်ရက် ပြည့်မြောက်သည်နှင့် ဥပဒေ အဖြစ် သက်ဝင်မည် ဖြစ်သည်။ ပထမအကြိမ် လွှတ်တော်တွင့်င် ဤသို့သော ဥပဒေများ ပေါ်ထွန်းခဲ့ ဖူးသည်။
ယခင်ပထမအကြိမ် လွှတ်တော်သက်တမ်း အတွင်းတွင် ဥပဒေပြုခွင့်အာဏာကို ထိုသို့မူအားဖြင့် ပြောင်းလဲနိုင်ခဲ့ သော်လည်း လူအားဖြင့် မပြောင်းလဲနိုင် ခဲ့သည့် အပေါ် အားနည်းချက်များရှိ ခဲ့သည်။ အားနည်းချက် ဆိုသည်မှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ကဲ့သို့ အများပြည်သူ ဝေဖန်မှု များသည့် ဥပဒေများကို အာဏာပိုင်များက အဆင်ပြေစွာ ကိုင်တွယ် ထိန်းချုပ်နိုင်ရေးကို ဦးစားပေးပြီး ပြဋ္ဌာန်းခြင်း၊ အလုပ်သမား အဖွဲ့အစည်း ဥပဒေ ကဲ့သို့ အလုပ်သမားများ အတွက် ရည်ရွယ်သည့် တိုင်အောင် အုပ်ချုပ်စီမံမှု အဆင်ပြေရေး ဦးစားပေးပြီး အလုပ်သမား များကို အခက်တွေ့ စေမည့် ပြဋ္ဌာန်းချက် များကို ထည့်သွင်း ပြဋ္ဌာန်းထားခြင်း စသည် စသည်ဖြင့် ခုတ်ရာတခြား ရှရာတခြား ဥပဒေများ များစွာ ပေါ်ပေါက် ခဲ့ဖူးသည်။
ယခု ဒုတိယအကြိမ် လွှတ်တော်ကြီးများသည် ပြောင်းလဲပြီးသားမူ များကို ပြည်သူ ကိုယ်စားပြု လူများ ပြောင်းလဲပြီး ဥပဒေပြုကြပေ တော့မည်။ တစ်နည်း ဆိုရလျှင် ဥပဒေပြုခွင့် အာဏာကို မူပြောင်း လူပြောင်းဖြင့် အသက်သွင်းကြပေ တော့မည်။ ထိုသို့သော ဥပဒေပြုခွင့် အာဏာရအတွင်း တပ်မတော်သား ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းပါသည် ဆိုဦး ထက်ဝက်ကျော်ကို ကိုယ်စားပြု ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် များ၏ ဆန္ဒများဖြင့်သာ ဥပဒေများကို အသက်သွင်းသွားနိုင် ပေသည်။ မည်သည့် ဥပဒေ များကို အသက်သွင်းမည် ဆိုသည်ကို အထက် တင်ပြပါ အခမ်းအနားတွင် ဦးဝင်းမြင့် ကပင် ဥပဒေပြုဖို့ ဘာကြောင့် လိုအပ် သလဲ၊ ဥပဒေက ဘယ်သူ တွေအပေါ် အကျိုး သက်ရောက်မှုရှိမလဲ၊ ဥပဒေရဲ့ရလဒ်က ဘာလဲ၊ ဒီရည်ရွယ်ချက် ရောက်အောင် ဘယ်လို လုပ်မလဲ၊ ဥပဒေကို ဘယ်အချိန်မှာ အသက်ဝင်စေချင် တာလဲ၊ ဘယ်နေရာမှာ သုံးမှာလဲ စတဲ့ ဥပဒေပြုရေးနဲ့ ပတ်သက်တဲ့ သဘောတရားတွေ ကိုလည်း ဒီသင်တန်းက ရရှိကြ မှာဖြစ်ပါတယ် လို့ ပြောကြားသွားခဲ့ ပါသည်။
အထက်ပါ စကား၏ ဆိုလိုရင်းသည် အလွန်ကိုတာသွား ပါသည်။ ယခင် ပထမအကြိမ် လွှတ်တော်ကြီး တွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေများသည် ကျွန်တော်တို့ ဥပဒေသမားများ ပင်လျှင် အပြေးအလွှား လိုက်လံ လေ့လာ နေရအောင် ရှုပ်ထွေးများပြား လှသည်။ ဥပဒေ တစ်ရပ်၏ ရည်ရွယ်ချက် မပြတ်သားမှု၊ ရည်ရွက်ချက် ပြတ်သား သော်လည်း အတွင်းသား ပြဋ္ဌာန်းချက် များ၏ မသဲကွဲမှု၊ လက်တွေ့အကောင်အထည် ဖော်ရာတွင် မဖြစ်နိုင်မှု တို့ကြောင့် ဥပဒေ တစ်ရပ်ကို အကြိမ်ကြိမ် ပြင်ဆင်ခဲ့ ရသည်များ များစွာတွေ့ ရသည်။ ကျွန်တော်တို့ ဥပဒေ သမားများ ပင်လျှင် ဥပဒေကို အကြိမ်များစွာ ပြင်နေသည့် အတွက် မိမိကိုးကားမိသော ဥပဒေ မှားယွင်းမည်စိုး၍ တစ်စုံတစ်ရာ ရေးသား တင်ပြမည် ဆိုလျှင် အပြန်ပြန်အလှန်လှန် အချိန်ကုန်ခံ ရှာကြဖွေကြရနှင့် ဒုက္ခများ လှသည်။ မည်သည့် ဥပဒေက မည်သို့ ပြဋ္ဌာန်းထားကြောင်း အသိနည်းသည့် သာမန် ပြည်သူများ အနေဖြင့် မည်သည့် ဥပဒေကို မည်သို့ ပြင်လိုက်သည် ဆိုသည့် အချက်သိဖို့ ဆိုသည်မှာ လွန်စွာကို ဝေးကွာလှပေသည်။ ထိုအခါ ဥပဒေကို အများ ပြည်သူလိုက်နာရန်ဆိုသည့်အချက်မှာ အောင်မြင်ရန် လမ်းစမရှိ ဖြစ်သွားကြ လေသည်။ ထို့အတွက် လာမည့် လွှတ်တော်များတွင် ဥပဒေ တစ်ရပ်ကို မရေးဆွဲခင် အပြေအလည် ဆွေးနွေးခြင်း၊ လိုအပ်ပါက ပြည်သူ့ အသံကို နားထောင်ခြင်းတို့ဖြင့် စနစ်တကျ ပြဋ္ဌာန်းလာနိုင် လိမ့်မည်ဟု မျှော်လင့် ပါသည်။
စောင့်ကြည့် အကဲခတ်ခြင်း၊
စောင့်ကြည့် အကဲခတ်ခြင်းဆိုသည့် အပိုင်းတွင် ကျန်သည့် မဏ္ဍိုင်များ ဥပဒေနှင့် အညီ လိုက်နာ ဖော်ဆောင်မှု ရှိမရှိ စောင့်ကြည့် အကဲခတ်ခြင်း ပါဝင်သကဲ့သို့ အထက် ဥပဒေပြုခြင်း အပိုင်းတွင် ကျွန်တော် တင်ပြခဲ့သည့် မလျော မညီစွာ တည်ရှိ နေသည့်၊ ရှုပ်ထွေးစွာတည်ရှိ နေသည့်၊ ပြည်သူနှင့် နိုင်ငံတော်၏ အကျိုးကို မဖြစ်ထွန်း ထိခိုက်စေမည့် ဥပဒေများ မည်မျှ ရှိသည်ကိုလည်း စောင့်ကြည့် အကဲခတ်ခြင်းလည်း ပါဝင်သင့် ပေသည်။ ဥပဒေမည်မျှပင် ကောင်းမွန်စေကာမူ ထိုဥပဒေကို လိုက်နာမှု မရှိလျှင် ဥပဒေ၏ ရည်ရွယ်ချက် မအောင်မြင်တတ် သကဲ့သို့ ဥပဒေကို လိုက်နာမှုရှိ သော်လည်း ကောင်းမွန်သည့် ဥပဒေ မဟုတ်ပါက တိုင်းပြည်နှင့် ပြည်သူတို့ အကျိုးယုတ်ဖွယ်သာ ဖြစ်ပါ လိမ့်မည်။
ထို့ကြောင့် ဒုတိယအကြိမ် လွှတ်တော်များသည် အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်နှင့် အများ ပြည်သူတို့ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ရှိမရှိ စောင့်ကြည့် အကဲခတ်ခြင်းကို ကျင့်သုံးသည်နှင့် အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေးနှင့် အများပြည်သူတို့ လိုက်နာရမည့် ဥပဒေများသည် သင့်လျော်မှုရှိ မရှိကိုပါ တစ်ပြိုင်တည်း အရေးတကြီး ဆောင်ရွက်ကြရပေ လိမ့်မည်။ ဥပမာအားဖြင့် လက်ရှိ မြန်မာနိုင်ငံ တရားစွဲ အဖွဲ့အစည်း တစ်ရပ် ဖြစ်သည့် ရဲတပ်ဖွဲ့ရှိ စခန်းမှူး များတွင် အမှုလာရောက် တိုင်ကြားပါက ပထမ သတင်းပေး တိုင်ချက်ရေးဖွင့် ရမည့် တာဝန်ရှိကြောင်း အားလုံးအသိ ဖြစ်သည်။ သို့သော် အချို့သော မှုခင်း များတွင် ထိုတာဝန် ပျက်ကွက်တတ် ကြသည်။ (ထိုသို့သောဖြစ်စဉ် များတွင် ရဲတပ်ဖွဲ့နှင့် လူထု အခြေပြု အဖွဲ့အစည်းများ တွေ့ဆုံး ဆွေးနွေးမှုများ လုပ်ဆောင်ရာတွင် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်နိုင်သူထံ တွေ့ဆုံပွဲတွင် တင်ပြသည့် အခါမှ ချက်ချင်း စီစဉ်ပြီး တိုင်ချက်ကို အဆိုပါ တွေ့ဆုံပွဲ တွင်ပင် ရေးဖွင့်ပေးခဲ့ရ ဖူးကြောင်း (၁၅. ၂.၂၀၁၆) ရက်နေ့ထုတ် ရွှေမန္တလေး သတင်းဂျာနယ်တွင် ဖော်ပြခဲ့သည်ကို တွေ့ရသည်။) ထိုသို့ ရေးဖွင့်ရန် ပျက်ကွက်သည့် အပေါ် လူအများစုဝေးပြီး ဖိအားပေးချိန်တွင် အဆိုပါ လူအများသည် တာဝန်ဝတ္တရား နှောင့်ယှက်မှု များဖြင့် တရားစွဲခံကြရ သည်။ တစ်ဖန် အဂတိတရား များဖြင့် လုံးချာလိုက် နေသော တရားသူကြီး များ၏ ပြုလုပ်မှုများကို တရားစီရင် ဆောင်ရွက်ရာ၌ တရားသူကြီး တစ်ဦးသည် ဥပဒေ အရ မိမိရရှိသော အာဏာကို သို့တည်းမဟုတ် ဥပဒေ အရ မိမိ ရရှိသည်ဟု သဘောရိုးနှင့် ယုံကြည်သည့် အာဏာကို သုံးစွဲ ဆောင်ရွက်လျှင် ထိုသို့ ဆောင်ရွက်ခြင်းသည် ပြစ်မှု မမြောက် ဆိုသည့် ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၇၇ ဖြင့် အကာအကွယ်ရ နေသည်။ မကျေနပ်လျှင် အယူခံ ပြင်ဆင်တက် ဆိုပေသည့် မှားယွင်းသည့် တရားသူကြီးများ အနေဖြင့် ၎င်းတို့ မှားယွင်းသည့် အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန် မလို သကဲ့သို့ ဖြစ်နေသည်။ ထို့အတွက် စောင့်ကြည့် အကဲခတ်ခြင်း ဆိုသည့် စကားရပ် အောက်တွင် ဥပဒေကို လိုက်နာရသည့် သူများ ကိုသာ စောင့်ကြည့် အကဲခတ်ခြင်းတို့ မပြုလုပ်သင့်ဘဲ လိုက်နာရမည့် ဥပဒေ များ၏ တရားမျှတမှု ကိုပါ စောင့်ကြည့် အကဲခတ်သင့် ပေသည်။
အပြန်အလှန် ထိန်းကျောင်းခြင်း၊
ထိုသို့ စောင့်ကြည့် အကဲခတ် ပြီးသည့် နောက်တွင် အပြန်အလှန် ထိန်းကျောင်းခြင်း ဆိုသည့် စကားရပ်က ကပ်လျက်လိုက်ပါသင့်သည်က မှန်ပါသည်။ စောင့်ကြည့် အကဲခတ်ရုံသာ လုပ်ပြီး အပြန်အလှန် ထိန်းကျောင်းခြင်း ဆိုသည့် အရာမရှိလျှင် စောင့်ကြည့် အကဲခတ်မှု လုပ်ငန်းစဉ်သည် နိုင်ငံတော် ဘဏ္ဍာကို ဖြုန်းတီးမှု သက်သက်သာ ဖြစ်သွား ပေမည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ၁၁(က) တွင် နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း တို့ပြုသည် ဟူသည့် ပြဋ္ဌာန်းချက်သည် မဏ္ဍိုင်သုံးရပ်၏ အပြန်အလှန် ထိန်းကျောင်းခြင်း သဘောကို ခွင့်ပြု ခဲ့သည့် ပြဋ္ဌာန်းချက် ဖြစ်သည်။
အပြန်အလှန် ထိန်းကျောင်းခြင်း လုပ်ငန်းစဉ်များကို လွန်ခဲ့သည့် ပထမအကြိမ် လွှတ်တော် သက်တမ်း အတွင်းတွင်လည်း တွေ့ခဲ့ရသည်။ အပြန်အလှန် ထိန်းကျောင်းခြင်းမှသည် ပွတ်တိုက်မှု အဆင့်ထိ ရောက်ရှိ သွားခဲ့သည့် ဖြစ်စဉ်များပင်ရှိခဲ့သည်။ သို့သော် လွန်ခဲ့သည့် သက်တမ်းအတွင်း ကျင့်သုံးခဲ့သော အပြန်အလှန် ထိန်းကျောင်းမှုများ အောင်မြင်ခဲ့သည်လား ဆိုလျှင် မအောင်မြင်ဟု သာဆိုရပေမည်။ အဘယ့်ကြောင့် မအောင်မြင် သနည်း ဆိုလျှင် အပြန်အလှန် ထိန်းကျောင်းမှုပြုခဲ့ ကြသည့် ဖြစ်စဉ်များသည် နိုင်ငံရေးဦးဆောင်မှု ခေါင်းကြီးပိုင်းများတွင်သာ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူလူထုသို့ တိုက်ရိုက် အကျိုး ဖြစ်ထွန်းစေမည့် အောက်ခြေအဆင့် တွင် အပြန်အလှန် ထိန်းကျောင်းနိုင်မှု မရှိခဲ့ခြင်းကြောင့် ဖြစ်သည်။
ပြည်သူလူထုသည် နိုင်ငံတော်သမ္မတကြီးနှင့် သော်လည်းကောင်း၊ အစိုးရ အဖွဲ့ကြီးနှင့် သော်လည်း ကောင်း၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးချုပ်နှင့် သော်လည်းကောင်း တိုက်ရိုက်ထိတွေ့ ပတ်သက် ရသည် မဟုတ်ပေ။ အောက်ခြေ အဆင့် အုပ်ချုပ်ရေး အဖွဲ့များ၊ စီမံခန့်ခွဲရေး အဖွဲ့များ ဖြစ်သည့် နိုင်ငံ့ ၀န်ထမ်းများ၊ အောက်ခြေ အဆင့် တရားစီရင်ရေး အဖွဲ့အစည်းများ ဖြစ်သည့် တရားရုံး အဆင့်ဆင့်တို့ ဖြင့်သာ တိုက်ရိုက် ထိတွေ့ရ လေသည်။ ထိုအခါ ထိပ်ပိုင်း အဖွဲ့အစည်းချင်း၊ ထိပ်ပိုင်း ခေါင်းဆောင် အချင်းချင်းသာ အပြန်အလှန် ထိန်းကျောင်းနေမှု တို့က မူဝါဒပိုင်း ကိုသာ အဓိက သက်ရောက်ပြီး ပြည်သူတို့ အတွက် နေ့စဉ်ကြုံတွေ့နေ ရသည့် နိုင်ငံ့ ၀န်ထမ်းတို့နှင့် တရားရေး ၀န်ထမ်းတို့၏ အဂတိတရား
လက်အောက် မှ မလွတ်မြောက်ခဲ့ ကြပေ။
ပြည်သူတို့သည်သာ မမျှတမှု ခံစားကြရသည် မဟုတ်။ အဆိုပါ မမျှတမှုကို ဖြစ်စေသည့် နိုင်ငံ့ ၀န်ထမ်းများ အကြား၊ တရားရေး ၀န်ထမ်းများအကြား တွင်လည်း မမျှတမှုတို့က အလီလီဖြစ်သည်။ အထက်နှင့် အဆင်မပြေလျှင် လူသူ အရောက်ပေါက်နည်းသည့် ဒေသများသို့ နှစ်ရှည်လများစေလွှတ် ထားပြီး အထက်နှင့် မလဲနံပသင့်သူ များက ၀င်ငွေရဒေသများ သို့သာ လှည့်လည် ကျက်စေစေခြင်းများ၊ အထက်နှင့် အဆင်မပြေ လျှင် အရည်အချင်း မည်မျှရှိသည် ဖြစ်စေ ရာထူးတိုးမပေးဘဲ အခွေခံထားရ သူများ ဒုနှင့်ဒေးရှိ သကဲ့သို့၊ အထက်နှင့် အဆင်ပြေလျှင် မူအမျိုးမျိုးပြကာ ရာထူးကောင်းသို့ လျင်မြန်စွာ တက်လှမ်းသွားကြ သူများ များပြားလှ ပေသည်။ ထိုသူတို့သည် အထက်နှင့် အဆင်ပြေရေးက လက်ဆယ်ဖြာထိပ်မှာမိုး ရှိခိုးရုံမျှဖြင့် မရ နိုင်သည်ကို အားလုံးအသိ ဖြစ်ပါသည်။ ထို့အတွက် နောက်ဆုံးဒဏ်ခံ ရသည်က ပြည်သူ များပင် ဖြစ်သွား လေသည်။
ထို့အတွက် လာမည့် လွှတ်တော်များတွင် စောင့်ကြည့် အကဲခတ်ခြင်းတွင် ဖြစ်စေ၊ အပြန်အလှန် ထိန်းကျောင်းမှု အပိုင်းတွင် ဖြစ်စေ အောက်ခြေဆင့် အထိ ဆင်းနိုင်သမျှ ဆင်းပြီး စောင့်ကြည့် အကဲခတ်စေလို ပါသည်။ အပြန်အလှန် ထိန်းကျောင်းစေလို ပါသည်။ မိမိတို့ ထိပ်ပိုင်း ကောင်းနေရုံမျှ၊ ထိပ်ပိုင် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းနေရုံ မျှဖြင့် မပြောင်းလဲနိုင်သည်ကို သတိပြုမိစေ လိုပါသည်။ ပြည်သူများ နှစ်ရှည် လများ ခံစားကြရသည့် မမျှတမှုများ အတွက် တာဝန်ရှိသူတို့ တာဝန်ယူ ကြရန် အချိန်ကျပါပြီ။ ထိုသို့ လာမည့် ကာလ အတွင်း မဏ္ဍိုင်ကြီး သုံးရပ်က အပြန်အလှန် စောင့်ကြည့် အကဲခတ်ပြီး အပြန်အလှန် ထိန်းကျောင်းကြ သကဲ့သို့ ပြည်သူများ ကလည်း အဆိုပါ မဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြည့် အကဲခတ်ပြီး အပြန်အလှန် ထိန်းကျောင်းဖို့ လိုအပ်ပါ သေးသည်။
ကိုယ်စားပြုခြင်း၊
အထက်ပါ အတိုင်း ဥပဒေပြုခြင်း၊ စောင့်ကြည့် အကဲခတ်ခြင်း၊ အပြန်အလှန် ထိန်းကျောင်းခြင်းတို့ကို ပြုရာတွင် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မည်သူ့ကို ကိုယ်စားပြု ဆောင်ရွက်မည်နည်း ဆိုသည်က လွန်စွာမှ အရေးပါ လှသည်။ လွှတ်တော်များတွင် အကြမ်းဖျင်း အားဖြင့် ကိုယ်စားပြုမှု နှစ်ခုရှိသည်ကို တွေ့ရသည်။ ပထမ တစ်ခုမှာ မဲဆန္ဒရှင်များကို ကိုယ်စားပြုသော လွှတ်တော်၏ (၇၅) ရာခိုင်နှုန်းရှိ အရပ်သား ကိုယ်စားလှယ်များနှင့် ဒုတိယ တစ်ခုမှာ ယျေဘုယျအားဖြင့် တပ်မတော်ကို ကိုယ်စားပြုသော လွှတ်တော်၏ (၂၅) ရာခိုင်နှုန်း ရှိသော တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ဤသည်မှာ ပါဝင်လာမှု အရ ကိုယ်စားပြုမှုကို တင်ပြခြင်း ဖြစ်သည်။ ပါဝင်လာမှုကို ဖယ်ရှားပြီး လုပ်ဆောင်ချက် အပိုင်း များကို ကြည့်မည် ဆိုပါက ကိုယ်စားပြုမှုသည် အရာရာတိုင်းတွင် တရားသေရှိ နိုင်မည် မဟုတ်ပါ။ ပါတီ မူဝါဒ အလိုက် ကိုယ်စားပြုမှု၊ မဲဆန္ဒနယ် အလိုက် ကိုယ်စားပြုမှု၊ တစ်ဦးချင်း ဆန္ဒအရ ကိုယ်စားပြုမှု၊ ဆောင်ရွက်သည့် ဆောင်ရွက်ချက် အရ ကိုယ်စားပြုမှု စသည်ဖြင့် ကိုယ်စားလှယ် တစ်ဦးတည်း ကပင် အမြဲ ပြောင်းလဲ ကိုယ်စားပြုနေမည် ဖြစ်ပါသည်။ ဥပမာအားဖြင့် တပ်မတော်သား ကိုယ်စားလှယ်များသည်ပင် ယေဘုယျ အားဖြင့် တပ်မတော်ကို ကိုယ်စားပြုသည်ဟုဆိုငြား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အပိုင်းများ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးနှင့် ၎င်းတို့နှင့် သက်ဆိုင်သော ကိစ္စရပ်များ တွင်သာ တပ်မတော်ကို ကိုယ်စားပြုမည် ဖြစ်ပြီး၊ သဘာဝဘေး အန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ် ကူညီရေးလို ကိစ္စမျိုးတွင် အခြား ပါတီ ကိုယ်စားလှယ်များ နည်းတူ အများပြည်သူ(မဲဆန္ဒရှင်)များကို မဖြစ်မနေ ကိုယ်စားပြုရ ပေမည်။ ထို့အတူ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များ ကိုယ်တိုင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် ၎င်းတို့ ပါတီကို ကိုယ်စားပြုပြီး၊ ၎င်းတို့ ပါတီ ပြင်ဆင် လိုသည့် အချက်များကို အဓိကထားကာ အခြားပါတီများ ပြင်ဆင်လိုမှုများနှင့် ညှိနှိုင်း၍ ပြင်ဆင်ရေး ကြိုးစားမည် ဖြစ်သည့် အတွက် ပါတီနှင့် မဲဆန္ဒရှင် များကို ကိုယ်စားပြုမည် ဖြစ်သော်လည်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ထိပါးလာ နိုင်သည့် တိုင်းတစ်ပါး ကျူးကျော်မှုများ၊ ပြည်တွင်း ကျူးကျော်မှုများ ဖြစ်ပေါ် လာပါက တပ်မတော်၏ ဆန္ဒအတိုင်း တပ်မတော်ကို ကိုယ်စားပြုမှု ပေါ်ပေါက် လာမည် ဖြစ်ပါသည်။ အခြားသော ပါတီများသည် လည်းကောင်း၊ တစ်သီးပုဂ္ဂလ များသည် လည်းကောင်း၊ သာမန်အားဖြင့် ၎င်းတို့ အနိုင်ရရာ ဒေသကို အဓိက ကိုယ်စားပြုနေ သော်လည်း တစ်တိုင်းပြည်လုံး၊ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ကိစ္စရပ်များ အပေါ်တွင်မူ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ တပ်မတော်တို့နှင့် ကိုယ်စားပြုမှု တူညီသွား ရမည် ဖြစ်ပါသည်။
ထိုသည်ကို သုံးသပ်လျှင် နိုင်ငံရေးသက်ရှည်လို သူတိုင်း၊ နိုင်ငံရေး ဂုဏ်သိက္ခာကို ထိန်းသိမ်းလို သူတိုင်းသည် ကိုယ်စားပြု မှုတွင် သာမန်ကိစ္စရပ်များတွင် မိမိ ပါတီ၊ မိမိအဖွဲ့၊ မိမိ မဲဆန္ဒရှင် များကို ကိုယ်စား ပြု၍ ရသော်လည်း တစ်တိုင်းပြည်လုံးနှင့် သက်ဆိုင်သည့် အရေး၊ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော အရေး များတွင် တစ်တိုင်းပြည်လုံး၊ တစ်မျိုးသားလုံးကို ကိုယ်စားပြုရမည်မှာ မလွဲသေချာ ဖြစ်ပါသည်။ ယခုလ အတွင်း လွှတ်တော်များကို လေ့လာကြည့်လျှင် တွေ့နိုင်ပါသည်။ ဥပမာ အားဖြင့် လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်ရေး အပိုင်း များတွင် ဖြစ်သည်။
ဒီမိုကရေစီစနစ် တို့၏ ထုံးစံအရ ပြည်သူသည်သာ အာဏာရှိသူများ ဖြစ်သည့် အားလျော်စွာ ပြည်သူ က အာဏာ လွှဲအပ်သည့် ကိုယ်စားလှယ် များသည့် ပါတီကသာ လွှမ်းမိုးနိုင် ရသည်။ ယခုတစ်ပတ် အတွင်း ရွေးချယ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် များ၏ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်မှုတွင် မြင်တွေ့ နိုင်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မှအပ ကျန်တိုင်းဒေသကြီး ခုနစ်ခုနှင့် ပြည်နယ် ငါးပြည်နယ် တို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ ကသာ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နေရာ များကို ရယူ ထားသည်။
ရခိုင်ပြည်နယ် လွှတ်တော်တွင် နေရာ အများစု အနိုင်ရရှိ ထားသည့် ရခိုင် အမျိုးသားပါတီ ကပင် ၎င်းတို့ ပါတီမှ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးအား လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ အမည်စာရင်းများ တင်သွင်းခဲ့ပြီး၊ ၎င်းတို့နှင့်အတူ ယှဉ်ပြိုင် တင်သွင်းသူ မရှိသဖြင့် လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးစံကျော်လှအား လည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးဖိုးမင်းအား လည်းကောင်း ရွေးချယ် တင်မြှောက်ခဲ့ ကြသည်။ ဤတွင် ရခိုင်ပြည်နယ် လွှတ်တော်တွင် လွှတ်တော် အကြီးအကဲများ ရွေးချယ်ရေးတွင် ကိုယ်စားပြုမှုသည် ပါတီများကို ကိုယ်စားပြု ခဲ့ကြောင်း တွေ့ရ လေသည်။
ရှမ်းပြည်နယ် လွှတ်တော်တွင်း တွင်လည်း လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌနေရာ များအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့က ၎င်းတို့၏ ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များကို ယှဉ်ပြိုင် အမည်စာရင်း တင်သွင်းခဲ့ သော်လည်း မဲခွဲ ဆုံးဖြတ်ရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အမည်စာရင်း တင်သွင်းခြင်းခံရသူ များက အနိုင် ရရှိခဲ့သည်။ ထို့ကြောင့် ရှမ်းပြည်နယ် လွှတ်တော်တွင်ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော် ကိုယ်စားလှယ် လွှတ်တော်ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဦးစိုင်းလုံးဆိုင် ကပင် ရရှိ သွားပြီး၊ ဒုတိယ ဥက္ကဋ္ဌ နေရာကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သူ လက်ရှိ ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်က အနိုင်ရ ရယူသွားခဲ့ ကြသည်။ ထို့ကြောင့် ရှမ်းပြည်နယ် လွှတ်တော် အကြီးအကဲများ ရွေးချယ်ရေး တွင်လည်း ကိုယ်စားပြုမှုသည် ပါတီများကို ကိုယ်စားပြုသွား ကြကြောင်း တွေ့နိုင်ပါသည်။
ဆိုရလျှင် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် များသည် တစ်တိုင်းပြည်လုံး၊ တစ်မျိုးသားလုံး အရေးကို ဆောင်ရွက်ရမည် ဖြစ်သည့် အတွက် ၎င်းတို့ ကိုယ်စားပြုမှုသည် တစ်တိုင်းပြည်လုံး တစ်မျိုးသားလုံးကို ကိုယ်စားပြုရမည် ဖြစ်သည်။ ထို့အတွက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ နေရာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌ နေရာကို ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ နေရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ဦးမန်းဝင်းခိုင်သန်းနှင့် ဒုတိယဥက္ကဋ္ဌ နေရာတွင် ရခိုင် အမျိုးသား ပါတီမှ ဦးအေးသာအောင်တို့က ခေါင်းဆောင် နေကြောင်းတွေ့ ရသည်။ ထိုမျှမက ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့၏ အမြဲတမ်း ကော်မတီလေးခု ဖြစ်သည့် ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော် အခွင့်အရေး ကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ များအား ဖေဖော်ဝါရီလ (၈) ရက်က အတည်ပြု ဖွဲ့စည်းခဲ့ ပါသည်။ ထိုကော်မတီများ တွင်လည်း တိုင်းရင်းသား လူမျိုးစုံ၊ ပါတီစုံမှ ပါဝင်နိုင်ရေး တတ်နိုင်သမျှ ထည့်သွင်း ဖွဲ့စည်းခဲ့သည်ကို တွေ့ရ ပြန်သည်။ ထိုသည်များကို ကြည့်လျှင် တပ်မတော် ကိုယ်စားလှယ် များကော အရပ်သား ကိုယ်စားလှယ်များပါ တစ်မျိုးသားလုံးကို ကိုယ်စားပြု လုပ်ဆောင်နေကြသည်မှာ လက်ရှိ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များ ၏ ကိုယ်စားပြုမှုသည် သူ့သီအိုရီ အတိုင်း မှန်ကန်နေ သေးသည်ဟု တွေ့ရသည်။ နောင်ကိစ္စ များတွင် ဤကဲ့သို့ သူ့အရေးနှင့်သူ မှန်ကန်စွာ ကိုယ်စားပြုရေး ကိုတော့ စောင့်ကြည့်ရပေမည်။
နိဂုံး
ကျွန်တော့် အနေဖြင့် ယခုအချိန်အထိ လွှတ်တော်များတွင် လုပ်ဆောင်ဖွယ်ရှိသည့် ဥပဒေပြုရေး၊ စောင့်ကြည့် အကဲခတ်ရေး၊ အပြန်အလှန် ထိန်းကျောင်းရေး၊ ကိုယ်စားပြုရေး အပိုင်းတွင် ဥပဒေပြုရေး၊ စောင့်ကြည့် အကဲခတ်ရေးနှင့် အပြန်အလှန် ထိန်းကျောင်းရေးတို့ မလုပ်ဆောင်ရသေးသည့် အတွက် ဝေဖန်ရန် မရှိသေးပါ။ လွှတ်တော်များ အစည်းဝေးပွဲ ကျင်းပသည်မှ စတင်တွေ့ နေရသည် ကိုယ်စားပြုရေး အပိုင်းတွင်မူ လက်ရှိ အချိန်ထိ ကျေနပ်ဖွယ် ဖြစ်ပါသည်။ သို့သော် အဆိုပါ ကိုယ်စားပြုမှုသည် အရေးများ လာသည်နှင့် ကွဲပြားလာတတ်ကြပေရာ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အထူး သတိထား ရမည့် ကိစ္စတစ်ရပ် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဥပဒေပြုခြင်းတွင် မည်သည်ကို ကိုယ်စားပြုပြီး စဉ်းစားမည်၊ စောင့်ကြည့်အကဲခတ်ရေး၊ အပြန် အလှန်ထိန်းကျောင်းရေးစသည်တို့တွင်လည်း မည်သည် ကို ကိုယ်စားပြုမည် ဆိုသည်က လွန်စွာမှ အကဲဆတ်လှသည်။ သိမ်မွေ့လှသည်။ ထို့အတွက် ကိုယ်စားပြု မှန်ခြင်းသည် ကျန်သည့် ဥပဒေပြုရေး၊ စောင့်ကြည့် အကဲခတ်ရေး၊ အပြန်အလှန် ထိန်းကျောင်းရေး တို့ကို မှန်ကန်စွာ နိုင်ငံရေး ဂုဏ်သိက္ခာ မြင့်မား သကဲ့သို့ ကိုယ်စားပြုမှု မှားယွင်းခြင်းသည် ဥပဒေပြုရေး၊ စောင့်ကြည့် အကဲခတ်ရေး၊ အပြန်အလှန် ထိန်းကျောင်းရေးတို့တွင် အဂတိမကင်း မှားယွင်းခြင်းတို့ ဖြစ်တတ်သည်။ တစ်နည်းဆိုသော် ကိုယ်စားပြုမှု မှားယွင်းခြင်းသည် တိုင်းပြည်နှင့် တစ်မျိုးသားလုံးကို သော်လည်းကောင်း၊ မိမိ မဲဆန္ဒနယ်ကို သော်လည်းကောင်း၊ မိမိကိုယ်တိုင်အတွက် သော်လည်းကောင်း အန္တရာယ်ကြီးစွာ ရှိတတ်လှသည်ကို သတိပြုဖွယ် ကောင်းကြောင်း တင်ပြလိုက်ရ ပါသည်။
Credit ; The Messenger မှကူးယူဖော်ပြပါသည်။
Subscribe to:
Post Comments (Atom)

No comments:
Write comments