အင်းဝ ခေတ်တွင်ပွဲကျောင်း သံဃာဂိုဏ်းပေါ် ပေါက်သည်။ ပွဲကျောင်း သံဃာများသည် ပရိယတ်ပဋိပတ်ကို အားစိုက်ဆောင်ရွက်ခြင်းမရှိ။ လောကီရေးရာများကို စိတ်ဝင်တစား ဆောင်ရွက်ကြသည်။ ပဉ္ဇင်းပျိုရှင် ပျိုတို့သည် ပွဲလမ်းသဘင်၊ လက်ဝှေ့၊ ဆေးဝါး မန္တရား၊ လက်ဖွဲ့၊ ထိုးကွင်း ထိုး ခြင်းတို့ကို လွန်လွန်ကဲကဲ လုံ့လ စိုက်ကြသည်။ သင်္ကန်းမှာလည်း ပန်း ဆိုး၊ တိန်းညက်ဆိုး၊ ပေါက်ပွင့်ဆိုး၊ နနွင်းဆိုးသင်္ကန်းများကို ဝတ်ကြသည်။ စာသင်စာအံနည်းသည်။ အရက် ထန်းရည်သောက်စားသည်။ မီးဖောက်သည်။ စည်တီးသည်။ လက်ဝှေ့ပွဲဝင်သည်။ လက်ဝှေ့သတ်သည်။ ဒန်းကစားသည်၊ ခြေနင်း ဦးကန်စီးသည်။ ဖော့နားတောင်းဝတ်သည်။ နားပန်းဆံထားသည်။ ဦးထုပ်ဒေါက် ချာများကို ဆောင်းကြသည်။ ပွဲ ကျောင်းသံဃာများသည် မြင်းလည်း မွေးသည်။ မြင်းလည်းစီးသည်။ အင်းဝခေတ်တွင် စတင်ပေါ်ပေါက်သော ပွဲကျောင်းဂိုဏ်းသည် ကုန်းဘောင်ခေတ် အလောင်းမင်းတရားလက်ထက်အထိ အရှိန်မစဲသေး ကြောင်း တွေ့ရသည်။
အလောင်းမင်းတရားသည် လောကဓမ္မစကားအရာ ကျွမ်းကျင်ကြသော “ရှင်ယသ” မထေရ်မြတ်ကို မဟာအတုလယသဓမ္မရာဇဂုရုတံဆိပ်တော်ကပ်လှူ၍ သာသနာတော် စည်ပင်ပြန့်ပွားအောင် ဆောင်ရွက် ရန် အပ်နှင်းသည်။ ဆရာတော်သည် ပွဲကျောင်းသံဃာများကိုနှိမ်င်း၍ သာသနာတော် အကျိုးစီးပွားကို ဆောင်ရွက်သည်။ ဆရာတော်မှာ အလောင်းမင်းတရားနှင့် ပြည်တည် ထောင်ဖက် အတုလဆရာတော်ဟူ၍ ထင်ရှားသည်။ သာသနာ စည်ပင် ထွန်းကားရန် ဆောင်ရွက်ပုံများကို အမတ်ကြီး မဟာဓမ္မသင်္ကြန်၏ သာသနာလင်္ကာရ စာတမ်းတွင် အသေးစိတ်တွေ့နိုင်ပါ သည်။
ယခုဖော်ပြမည့် အကြောင်းများမှာ အလောင်းမင်းတရားလက်ထက်မတိုင်မီ ညောင်ရမ်းခေတ်တွင် ပွဲကျောင်းသံဃာများ၏ အရှိန်အဝါရှိ နေဆဲကာလက အကြောင်းများဖြစ်သည်။ ညောင်ရမ်းခေတ် နောက်ဆုံးမင်းဖြစ်သော ဟံသာဝတီရောက် မင်းလက်ထက်တွင် ရွှေစေတီ ဆေးရေးကျောင်းနေ ဥာဏသာဂရမည်သော ရဟန်းကို နန်းတော်သို့ မပြတ်ပင့်၍ အဝင်အထွက်များသည့်အတွက် မင်းဧကရာဇ်မှူးတော် မတ်တော်တို့နှင့် အကျွမ်းတဝင်ရှိသည်။ သေရည်ကိုများစွာသောက်စား၍ မူးယစ်လာလျှင် ဟစ်ကြွေး ကြော်ငြာကခုန်သည်။ လူမှူးမတ်ကဲ့သို့ ပြုမူသည်။ ဟံသာဝတီရောက်မင်းက ရှင်ဥာဏသာဂရကို ဘွဲ့တံဆိပ်များ ဆက်ကပ်ရာ ဓမဟာဥာဏသာဂရကို မဟာဥာဏသာဂရ သဒ္ဓမ္မဂုရု၊ ” မဟာသမဏ မင်းပျံချီ” ၊ “ဗေဒင်ပညာ ငါသာထိပ်မိုး အခေါင်စိုး”၊ “မင်းကြီး ကျော်ဟိုး မင်းခေါင်မိုး”၊ “ခေါင်မိုး ဆရာတော်”၊ “မဟာဇိနာဘိသေကအတုလစိန္တေယျံ”၊ လောကခေါင်မိုး၊ “တန်ခိုးတေဇာ ကြေညာသိမ်းယူ ဘုန်းညွန့်လူ” ဟူသော ဘွဲ့များဖြစ်သည်။ ရွှေ ဦးထုပ် ရွှေသင်္ကန်းလည်း ပေးတော်မူသည်။ အရက်မူးယစ်၍ နန်းတော်မှ ပြန်မကြွနိုင်လျှင် ဝေါနှင့် ပို့သည့်အခါ ပို့ရသည်။ ဆင်နှင့်ပို့သည့်အခါ ပို့ရသည်တို့အကြောင်းကို အတွင်းဝန် လက်ဝဲနော်ရထာစီရင်သော အလောင်းမင်းတရားကြီး အရေးတော်ပုံတွင်တွေ့ရကြောင်း လှေ သင်းအတွင်းဝန် မဟာဇေယျ သင်္ခယာက တဇ္ဇတ္ထဒီပနီတွင် ဖော်ပြထားပါသည်။ ထို့ကြောင့် ထန်းရည် ခါးပင်ချ၊ ချဉ်ပြုံးပြုံးကို ရဟန်းကြီးကြိုကဟူ၍ ယခုတိုင် ခေါ်ဆောင်ကြသော ထုံးစံရှိကြောင်းလည်း ဖော်ပြသည်။
နောက်အကြောင်းတစ်ခုမှာလည်း စိတ်ဝင်စားစရာ ကောင်းပါသည်။ တစ်ခါတွင် ကိုရင်တစ်ပါးသည် ဘုရားသံထီးပျက်တစ်ခုကို ကိုင်လျက် မင်းကြီးထံလာရောက်ပြီး “နေဝင်ပုထိုး အထွတ်ကျိုး” ကို ထီးတော်တင်လိုသည့်အတွက် လှူဒါန်းရန် အလှူခံရာ မင်းကြီးက လှူလိုက်သည်။ ထိုကိုရင်သည် အလှူခံ၍ရ သောငွေဖြင့် ထန်းရည်ဝယ်သောက်လိုက်သည်။ သောက်ဖော်သောက် ဖက်များက မေးသောအခါ “ညောင်ပုထိုးအထွတ်ကျိုး” ၏ အဓိပ္ပာယ်ကို ရှင်းပြသည်။ ထန်းရည်သည် မနက် အချိန်အပင်ကချစတွင် အမြှုပ်များအပေါ်သို့ တက်လာပုံမှာ စေတီအထွတ်ကဲ့သို့ဖြစ်သည်။ နေဝင်ချိန်တွင် အမြှုပ်များ သေသွားသည်။ အထွတ်ကျိုးကျသွားပုံနှင့်တူသည်။ ထို့ ကြောင့် ထန်းရည်ကို နေဝင်ပုထိုးအထွတ်ကျိုးဟု ခေါ်ခြင်းဖြစ်သည်ဟူ၍ ဖြစ်ပါသည်။ ထန်းရည်ဝယ် သောက်ဖို့ အလှူခံသည်ကို မုသားလွတ်အောင် တင်စားပြောဆိုပုံမှာ စိတ်ဝင်စားစရာကောင်းပါသည်။
ဆက်စပ်နှီးနွှယ် မှတ်တမ်းတစ်ခုကိုလည်း ဖော်ပြလိုပါသည်။ အင်းဝခေတ်တွင် ထင်ရှားသော “ပေလေး ပင်ရှင်လေးပါး” အပါအဝင် ရှင်ဥတ္တမကျော် အကြောင်းဖြစ်သည်။ ရှင်ဥတ္တမကျော်ဆိုလျှင် တောလား ရေးဖွဲ့သော စာဆိုအဖြစ်အများ သိကြသည်။ ငယ်စဉ်ကပင် ဥာဏ်ရည်ထက်မြက်၍ စာပေကျမ်းဂန် တတ်မြောက်သော ပုဂ္ဂိုလ်ဖြစ်ကြောင်း ဖော်ပြချက်ရှိသည်။ တဇ္ဇတ္ထဒီ ပနီတွင် ရှင်ဥတ္တမကျော်နှင့်ပတ်သက်၍ ထူးခြားသော မှတ်ချက်တစ်ခုကို စိတ်ဝင်စားဖွယ် တွေ့ရသည်။ ” ရှင်ဥတ္တမကျော်မှာ ရဟန်းသာမဏေတို့ စာပေသင်လို၍ စာဝါတောင်းလာလျှင် အရက်တစ်ပုလင်းနှင့် ကြက်တစ်ခုပါမှ စာဝါပေးကြောင်းကိုလည်း စာဟောင်းအမှတ် အသားနှင့် ပြောသည့်စကား ယခုတိုင်ရှိသည်” ဟူသော မှတ်ချက်ဖြစ်ပါသည်။ ကျမ်းပြုသူ လှေသင်းအတွင်းဝန်သည်၊ မုံရွေးဆရာတော် ၏ တပည့်ရင်းဖြစ်ပြီး စာပေကျမ်းဂန်များ ပြုစုသည့် ပညာရှင်တစ်ဦးဖြစ်သည်။ မုံရွေးဆရာတော်အပါအဝင် ထင်ရှားသည့် ပုဂ္ဂိုလ်များ၏ ပြောဆို ချက်များကိုလည်း အလေးအနက် မှတ်တမ်းတင်ထားလေ့ရှိသူဖြစ်သည်။ ထို့ကြောင့် လှေသင်းအတွင်းဝန် မှတ် တမ်းတင်ထားသောအကြောင်းအရာများသည် ဂရုပြုမှတ်သားဖွယ်၊ အသိအမြင်တိုးပွားဖွယ်အကြောင်းအရာများဖြစ်သည်ဟု ဆိုနိုင်ပါသည်။
မောင်ခင်မင်(ဓနုဖြူ)
Credit; Popular မှကူးယူဖော်ပြသည်။
Subscribe to:
Post Comments (Atom)
No comments:
Write comments