ဘာသာစကားသည် လူတို့အတွက် ဆယ်သွယ်ရေး ကိရိယာ ဖြစ်သည်။ လူတစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံကြရာတွင် တစ်ဦးက ဆိုလိုသည့်အနက်အဓိပ္ပာယ်ကို ကျန် တစ်ဦးက နားလည်မှသာ ဆက်သွယ်ပြောဆို မှု အောင်မြင်သည်ဟုဆိုနိုင်သည်။ တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်သွယ်ကြသော စကားလုံးများတွင် အနက်အဓိပ္ပာယ်များ ပါဝင်နေသည်။ သို့ဖြစ်၍ ဘာသာစကား တစ်ခုသည် အောင်မြင်သောဆက်သွယ်ရေးကိရိယာဖြစ်နေခြင်းမှာ အနက်အဓိပ္ပာယ်ကြောင့်ဟု ဆိုနိုင်ပေသည်။
မြန်မာဘာသာစကားသည် ဝေါဟာရများ ပေါကြွယ်ဝသည့် ဘာသာစကားတစ်ခုဖြစ်သည်နှင့် အညီကြောင်းတူသံကွဲခေါ် အနက်တူ ရုပ်သွင်ကွဲ (Synonym) တို့မှာ များပြားလှသည်။ အနက်အဓိပ္ပာယ်အမျိုးအစားများစွာရှိသည့်အနက်ဆက်စပ်မှုအနက်မှာလည်း အရေးကြီးသော အနက်တစ်ခုဖြစ်သည်။ လူတို့စကားပြောသည့်အခါ စကားလုံးများကို တစ်လုံးချင်းမသုံးဘဲ အခြားစကားလုံးများနှင့် တွဲစပ်သုံးရသည့်အတွက် ရှေ့နောက် စကား အဆက်အစပ်ကိုကြည့်ကာ အဓိပ္ပာယ် ကောက်ယူရခြင်းမျိုး ရှိတတ်ပါသည်။ ထို့အပြင် စကားပြောနေသော ပတ်ဝန်း ကျင်၊ အခြေအနေ၊ အဆက်အစပ်အရ အဓိပ္ပာယ်ကောက်ယူရခြင်းမျိုးလည်း ရှိလေသည်။ ထိုသို့အဆက်အစပ်ကိုမူတည်ကာ ကောက်ယူရသော အနက်အဓိပ္ပာယ်မျိုးကို ဆက်စပ်မှုအနက်ဟု ခေါ်ဆိုခြင်းဖြစ်သည်။
စကားတစ်လုံးသည် တွဲစပ်နေသော စကားအဆက်အစပ်အရ အနက်အဓိပ္ပာယ်ကွဲပြားနိုင်သကဲ့သို့ သုံးစွဲသည့် ပတ်ဝန်းကျင်အခြေအနေအဆက်အစပ်အရလည်း အနက် အဓိပ္ပာယ်ကွဲပြားနိုင်ပါသည်။ ဤ ဆောင်းပါးတွင် စကားအဆက်အစပ် အရ အနက်အဓိပ္ပာယ်ကွဲပြားမှုကို မဖော်ပြဘဲ စကားအဆက် အစပ်အရ အခိုက်အတန့်အားဖြင့်အနက် အဓိပ္ပာယ်ကွဲပြားတတ်သော စကားလုံးများကို ဖော်ပြမည်ဖြစ်သည်။
စကားအဆက်အစပ် (Verbal Context) အရ အခိုက်အတန့်အားဖြင့် အနက်တူရုပ်သွင်ကွဲသဘော သက်ရောက်သည့် စကားလုံးများရှိပါသည်။ ထိုစကားလုံးများသည် စကားအဆက်အစပ်ပေါ်မူတည်ပြီး အနက်တူရုပ်သွင်ကွဲဟု ယူဆနိုင်သော်လည်း စကားအဆက်အစပ်မရှိလျှင် အနက်တူရုပ်သွင်ကွဲ စကားလုံး များ မဟုတ်ကြပေ။
(၁) “လို” နှင့် “ဝယ်”
မူရင်းအဓိပ္ပာယ်
လို – ရချင်သောဆန္ဒဖြစ်သည်။
ဝယ် – တန်ဖိုးပေး၍ ပစ္စည်းကိုယူသည်။
“လို” နှင့် “ဝယ်” ဆိုသော စကားလုံးများသည် မူရင်းအဓိပ္ပာယ်ချင်း ထပ်တူမကျသော်လည်း ပြောဆိုသုံးစွဲသော စကားအဆက်အစပ်အရ အခိုက်အတန့်အားဖြင့် အနက်တူ ရုပ်သွင်ကွဲသဘောသက်ရောက်သည့် စကားလုံးများဖြစ်သွားတတ်သည်။ သာဓကအားဖြင့်- ” ငါ ဒီစာအုပ်မျိုးလိုချင်လို့ စာအုပ်ဆိုင်မှာသွားရှာဦးမယ်” ဟူသော စကားတွင် “လိုချင်လို့”သည် “ဝယ်ချင်လို့” ဟု အဓိပ္ပာယ်ရသည့်အတွက် ဤနေရာတွင် “လို” နှင့် “ဝယ်” ဟူသော စကားလုံးတို့သည် အနက်တူရုပ်သွင် ကွဲသဘောဆောင်ကြောင်း တွေ့ရ ပါသည်။
(၂) “ရုန်း” နှင့် “ကြိုးစား”
မူရင်းအဓိပ္ပာယ်
ရုန်း – ကျွဲ၊ နွား စသည်တို့ ပခုံးဖြင့် လှည်း စသည်ကိုဆွဲသည်။
ကြိုးစား – အားထုတ်သည်။
“ရုန်း” နှင့် “ကြိုးစား” ဆိုသော စကားလုံးများသည် မူရင်းအဓိပ္ပာယ်ချင်း ထပ်တူမကျသော်လည်း ပြောဆိုသုံးစွဲသော စကားအဆက်အစပ်အရ အခိုက်အတန့်အားဖြင့် အနက်တူ ရုပ်သွင်ကွဲသဘောသက်ရောက်သည့် စကားလုံးများဖြစ်သွားတတ်သည်။ သာဓကအားဖြင့်- “ကျွန်တော်တော့ မိသားစုအတွက် မနည်း “ရုန်း” နေရတယ်” ဟူသောစကားတွင် “ရုန်း”သည် “ကြိုးစား” ဟု အနက်အဓိပ္ပာယ် ရသည့်အတွက် ဤနေရာတွင် “ရုန်း” နှင့် “ကြိုးစား” ဟူသော စကားလုံးတို့သည် အနက်တူရုပ်သွင်ကွဲသဘော ဆောင်ကြောင်း တွေ့ရပါသည်။
(၃) “တက်” နှင့် “သွား”
မူရင်းအဓိပ္ပာယ်
တက် – အနိမ့်မှအမြင့်သို့၊ အောက်မှ အထက်သို့၊ ရပ်တည်ရာမှ ရှေ့သို့ ရွေ့သွားသည်။သွား- ရွေ့လျားသည်။ ရွေ့လျား အောင်ပြုသည်။
“တက်” နှင့် “သွား” ဆိုသော စကားလုံးများသည် မူရင်းအဓိပ္ပာယ်ချင်း ထပ်တူမကျသော်လည်း ပြောဆိုသုံးစွဲသော စကားအဆက်အစပ်အရ အခိုက်အတန့်အားဖြင့် အနက်တူ ရုပ်သွင်ကွဲသဘောသက်ရောက်သည့် စကားလုံးများဖြစ်သွားတတ်သည်။ သာဓကအားဖြင့်- “ကျွန်တော် မန္တလေးကို ခဏတက်မလို့”ဟူသော စကားတွင် “တက်”သည် “သွား” ဟု အဓိပ္ပာယ်ရသည့်အတွက် ဤနေရာတွင် “တက်” နှင့် “သွား” ဟူသော စကားလုံးတို့သည် အနက်တူရုပ်သွင် ကွဲသဘောဆောင်ကြောင်း တွေ့ရပါသည်။
(၄) “မော့” နှင့် “သောက်”
မူရင်းအဓိပ္ပာယ်
မော့ – အထက်သို့မျက်နှာမူသည်။
သောက် – အရေ၊ အရည်ကို မျိုချသည်။
“မော့”နှင့် “သောက်” ဆိုသော စကားလုံးများသည် မူရင်းအဓိပ္ပာယ်ချင်း ထပ်တူမကျသော်လည်း ပြောဆိုသုံးစွဲသော စကားအဆက်အစပ်အရ အခိုက်အတန့်အားဖြင့် အနက်တူ ရုပ်သွင်ကွဲသဘောသက်ရောက်သည့် စကားလုံးများဖြစ်သွားတတ်သည်။ သာဓကအားဖြင့်- “လက်ဖက်ရည်တစ်ခွက်လောက် မော့လိုက်ချင်လို့” ဟူသော စကားတွင် “မော့” သည် “သောက်” ဟု အဓိပ္ပာယ်ရ သည့်အတွက် ဤနေရာတွင် “မော့” နှင့် “သောက်” ဟူသော စကားလုံးတို့သည် အနက်တူရုပ်သွင်ကွဲ သဘောဆောင်ကြောင်း တွေ့ရ ပါသည်။
(၅) “ကိုင်” နှင့် “လုပ်”
မူရင်းအဓိပ္ပာယ်
ကိုင် – လက်ဖြင့်ဆုပ်သည်။ လက်၌ထားသည်။
လုပ်- ပြုမူသည်၊ ဆောင်ရွက်သည်။
“ကိုင်” နှင့် “လုပ်” ဆိုသော စကားလုံးများသည် မူရင်းအဓိပ္ပာယ်ချင်း ထပ်တူမကျသော်လည်း ပြောဆိုသုံးစွဲသော စကားအဆက်အစပ်အရ အခိုက်အတန့်အားဖြင့် အနက် တူ ရုပ်သွင်ကွဲသဘောသက်ရောက်သည့် စကားလုံးများဖြစ်သွားတတ်သည်။ သာဓကအားဖြင့်- “ဒီကိစ္စကို ကျွန်တော်ခဏ “ကိုင်” ရင် ပြီးပါတယ်” ဟူသောစကားတွင် “ကိုင်”သည် “လုပ်” ဟု အဓိပ္ပာယ်ရသည့်အတွက် ဤနေရာတွင် “ကိုင်” နှင့် “လုပ်” ဟူသော စကားလုံးတို့သည် အနက်တူရုပ်သွင်ကွဲ သဘောဆောင် ကြောင်း တွေ့ရပါသည်။ အထက်ပါ သာဓကများကို လေ့လာကြည့်လျှင် စကားအဆက်အစပ်အရ အခိုက်အတန့်အားဖြင့် အနက်တူရုပ်သွင်ကွဲသဘော သက်ရောက်မှုများလည်း ရှိတတ်ကြောင်း တွေ့ရှိနိုင်ပါသည်။
ဒေါက်တာမာလာ
ကျမ်းကိုးစာရင်း-
ခင်အေး၊ ဒေါက်တာ၊ ၂ဝဝ၄။ အတ္တဗေဒ နိဒါန်း။ ရန်ကုန်၊ ပညာတန်ဆောင်။
Palmer, F.R. 1976. Semantics. Cambridge: C.U.P.
Credit; Popular မှကူးယူဖော်ပြသည်။
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ
ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame
Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း
ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍
အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media
ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)
စကားစပ်ပေါ်မူတည်သော အနက်တူ ရုပ်သွင်ကွဲ စကားလုံးများ
Subscribe to:
Post Comments (Atom)
No comments:
Write comments