09-790570465

09-975288547

MOAGs Admin Team

iBest Groups

ရပ်ရှစ်မျက်နှာ မင်္ဂလာ

Posted by   on Pinterest

တစ်နေ့သ၌ သုဝဏ္ဏမြို့ မာကျူရီလမ်းရှိ အဘမင်းသိင်္ခ၏နေ အိမ်သို့ ဝေဒဆရာတစ်ဦး ရောက်ရှိလာခဲ့လေ၏။ ယင်းဆရာက သူပြုစုထားသော စာမှုထပ်ကြီးတစ်ထပ်ကို အဘ၏ လက်ဝယ်သို့ပေးရင်း -
“ဆရာရေ … တရုတ်လူမျိုးတွေရဲ့ အိမ်အဆောက်အအုံ၊ ခြံမြေနေရာထိုင်ခင်း စတာတွေနဲ့ ပတ်သက်တဲ့ စာမူတစ်ပုဒ် ပြုစုထားတယ် …၊ ဆရာဖတ်ကြည့်ပြီး အမှာစာလေး ချီးမြှင့်ပါဦး”ဟု ပြောလေ၏ အဘမင်းသိင်္ခသည် စာမူကို ဖတ်ကြည့်သောအခါ တရုတ်အသံထွက်အားဖြင့် “ဖန်ရွီး”ပညာဟု ခေါ်ကြောင်း သိရလေ၏။ ထို့ကြောင့် အဘက -
“ဆရာရယ် ခင်ဗျားပညာက ဖန်လည်းဖန်၊ ရွှီးလည်းရွှီးဆိုတော့ နိမိတ်မကောင်းပါဘူးဗျ၊ မြန်မာဆန်ဆန်လေး ဖြစ်သွားအောင် နိမိတ်လည်းကောင်းအောင် အနီးဆုံးအသံထွက်ကို ယူပြီး ‘ဖုန်းရွှေ’ဆိုရင် ပိုကြီးကောင်းမယ်ဗျ … ”ဟု ပြောလိုက်ရာ ထိုဆရာ၏ မျက်နှာသည် သဘောကျစွာဖြင့် ၀င်းခနဲဖြစ်သွားပြီးလျှင် “ကောင်းလိုက်တာ ဆရာကြီးရယ် …၊ ဆရာကြီးဆီက အဲဒီလိုအကြံဉာဏ်မျိုးတွေ ထွက်တတ်တယ် …၊ အဲဒါကြောင့်လည်း ဆရာကြီးဆီကို အားကိုးပြီး အပြေးလာခဲ့တာပေါ့ …၊ ဖုန်းရွှေတဲ့ ကောင်းလိုက်တဲ့ နာမည်လေး ဆရာကြီးရယ် …” ဟု တဖွဖွရွတ်နေလေတော့၏။
ယင်းဆရာပြန်သွားပြီးသည့်နောက်တွင် အဘသည် စာမူကြမ်းကို အသေအချာဖတ်လေ၏။ ပြီးနောက် ထိုစာအုပ်အတွက် အမှာစာကို ရေးလေတော့၏။ ရေးလေတော့၏ ဟုဆိုရာ၌ အဘသည် စာရေးသောအခါများတွင် ၀ါကျများကို ပါးစပ်မှ ရွတ်ချလေ့ရှိ၏။ တပည့်တစ်ဦးက နောက်မှလိုက်၍ ရေးမှတ်ပေးရလေ၏။ ယခုထိုဆရာအတွက် အမှာစာကိုလည်း အဘက ပါးစပ်မှ ခေါ်ပေးပြီး ကျွန်ုပ်က နောက်မှလိုက်၍ ရေးမှတ်ပေးရလေ၏။ အမှာစာရေး ပြီးသောအခါ အဘသည် ထိုအမှာစာကို “ဖုန်းရွှေရောက်ပြီ …”ဟု အမည်ပေးခဲ့လေ၏။
အမှာစာရေးပြီးသောအခါ ဆရာတပည့်နှစ်ယောက် ရောက်တတ်ရာရာများကို ပြောကြရင်း ကျွန်ုပ်က -
 “အဘ … မြန်မာတွေမှာရော အဲဒီတရုတ်ဖုန်းရွှေလိုပညာမျိုး မရှိဘူးလား …”ဟု မေးကြည့်ရာ အဘက ပြုံး၍ “ရှိပါသော်ကောကွာ၊ ပရိဝါယအာယုဆိုတာဟာ ဘယ်နေရာမှာ ဘာထားသင့်တယ်၊ ဘယ်နေရာမှာ ဘာမထားသင့်ဘူးဆိုတာ လမ်းညွှန်ထားတဲ့ ပညာပေါ့ကွ …၊ အဲဒါကို တိုင်းပြည်တစ်ပြည်အတွက်လည်း အသုံးချလို့ရတယ် …၊ မြို့ကြီးတစ်မြို့အတွက်လည်း အသုံးချလို့ရတယ် …၊ အိမ်တစ်အိမ်အတွက်လည်း သုံးနိုင်တယ် …၊ ပရိဝါယအာယုဆိုတာ ကိုရင်သိပြီးသားပဲ …၊ ဆက်ပြီး စဉ်းစားကြည့်ပေါ့ကွာ …”ဟု ပြောပြခဲ့လေ၏။ အဘ၏ စကားသည် ကျွန်ုပ်၏ ဦးခေါင်းအတွင်း၌ တစ်စုံတစ်ခုသော ဉာဏ်အလင်းကို ပွင့်သွားစေခဲ့သည်ဟု ဆိုရပေလိမ့်မည်။
ယခုအခါ ကျွန်ုပ်အနေနှင့် ထိုပညာအကြောင်းကို ချ၍ ရေးပြရန် အကြောင်းကြုံလာပြီဖြစ်ရာ ကျွန်ုပ်တွေးတောထားမိသမျှကို ရေးပြလိုက်ရပေတော့သည်။
မြန်မာ့ရိုးရာဗေဒင်တွင် ပရိဝါယအာယုဟု တွက်ချက်ချိန်ဆရသော ပညာရပ်တစ်ခုရှိ၏။ ဂြိုဟ်ရှစ်ခွင်တည်ရာ အဋ္ဌလဂ်ဂြိုဟ်ခွင်၌ မိမိမွေးနံတည်ရာအရပ်ကို ပရိဝါယဟု မှတ်သားရလေ၏။ ထိုမှသည် လက်ယာရစ်အတိုင်း နောက်တစ်ခွင်ကို အာယုဟု မှတ်သားရလေ၏။ နောက်တစ်ခွင်ကို နာဂရဟု မှတ်သားရလေ၏။ နောက်တစ်ခွင်မှာ အများကြားဖူးသိဖူးကြသော ဘုမ္မိဟူ၍ ဖြစ်လေ၏။ အိမ်လှည့်၍ မဆောက်ကောင်းသော အရပ်မျက်နှာမပြုအပ်သော အရပ်ဟူ၍ လူသိများသည့် ဘုမ္မိဖြစ်လေတော့၏။ ထို ပရိဝါယအာယုဟူ၍ အချက်ရှစ်ချက်ရှိလေ၏။
(၁) ပရိဝါယ - အခြံအရံပေါများစေသောအရပ်
(၂) အာယု - အသက်ရှည်ကျန်းမာခြင်းကို အားပေးသောအရပ်၊
(၃) နာဂရ - မြို့၊ ရွာ တည်ထောင်သင့်သော စည်ကားရာအရပ်၊
(၄) ဘုမ္ပိ - စွန့်ပစ်ရာအရပ်၊
(၅) ဂဟပတိ - ပစ္စည်းဥစ္စာမျး သိုလှောင်ရာအရပ်၊
(၆) တေဇ - ဘုန်းတန်းခိုးတက်စေသော ကုသိုလ်ကောင်းမှုပြုသောအရပ်၊
(၇) ဌာန - တည်မြဲခိုင်ခံစေသောအရပ်၊
(၈) သီရိ - ကျက်သရေမင်္ဂလာတည်ရာ မျက်နှာပြုသင့်သောအရပ်ဟူ၍ ဖြစ်လေ၏။
သို့ဖြစ်ရာ တနင်္ဂနွေသားသမီးတစ်ဦး ဦးဆောင်သော အလုပ်ခန်း၊ ရုံးခန်းတစ်ခန်းတွင် ပရိဝါယအာယုပညာအရ နေရာထိုင်ခင်းချထားသင့်သောပုံကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။
ဤသည်မှာ တနင်္ဂနွေသားသမီးတစ်ဦးအတွက် ကောင်းကျိုးချမ်းသာမျး ဖြစ်ထွန်းစေမည့် ရုံးခန်း၊ အလုပ်ခန်းပုံစံ ဖြစ်ပါသည်။ မြို့တစ်မြို့တည်မည်ဆိုပါလျှင်လည်း တေဇအရပ်တွင် ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်း၊ ပရိဝါယအရပ်တွင် ကားဂိတ်၊ ဘူတာရုံ၊ လေယာဉ်ကွင်း၊ ဟိုတယ်ကြီးများထားရှိခြင်း၊ ဂဟပတိအရပ်တွင် ဂိုထောင်များထားရှိခြင်း၊ သီရိအရပ်တွင် ပန်းခြံ၊ ကစားကွင်း၊ ရုပ်ရှင်ရုံများ တည်ဆောက်ခြင်း၊ ဌာနအရပ်တွင် အုပ်ချုပ်ရေးရုံးများ ထားရှိခြင်း စသည်ဖြင့်အသုံးချနိုင်ပေသည်။
အထက်က ဖော်ပြခဲ့သော နမူနာပုံစံမှာ တနင်္ဂနွေသားသမီးများအတွက်ဖြစ်ပါ၏။ တနင်္လာသားသမီးများအတွက် ဆိုပါမူ ပရိဝါယကို အရှေ့အရပ်ကစ၍ ယူရပါမည်။ အာယုသည် အရှေ့တောင်၊ နာဂရသည်တောင်၊ ဘုမ္မိသည် အနောက်တောင်၊ ဂဟပတိသည် အနောက်အရပ် စသည်ဖြင့် အစဉ်အတိုင်း ပြောင်းသွားမည်ဖြစ်ပါသည်။
ထိုသို့လျှင် အင်္ဂါသားသမီး ပရိဝါယမှာ အရှေ့တောင်၊ ဗုဒ္ဓဟူးသားသမီး၏ ပရိယမှာ တောင်၊ ကြာသပတေးသားသမီး ပရိဝါယမှာ အနောက်၊ သောကြာသားသမီးအတွက် ပရိဝါယမမှာ မြောက်၊ စနေသားသမီးအတွက် ပရိဝါယမှာ အနောက်တောင်ဟု ကောက်ယူရမည်ဖြစ်ပါ၏။
ဗုဒ္ဓဟူးနေ့ နေ့လယ် ၁၂ နာရီကျော်မှ ဖွားမြင်သူကို ရာဟုသားသမီးဟု မှတ်ယူမည်ဆိုပါလျှင် ရာဟုသားသမီးအတွက် ပရိဝါယမှာ အနောက်မြောက်အရပ်ဖြစ်ပါသည်။
ဤနည်းစနစ်ကလေးကို မှတ်သားထားခြင်းဖြင့် မိမိတို့၏အိမ်၊ နေရာဖွဲ့စည်းပုံ၊ အလုပ်ခန်း၊ ရုံးခန်း ဖွဲ့စည်းပုံတို့မှအစ အကြောင်းကြုံလာပါသော် မြို့ကြီးတစ်မြို့တည်ဆောက်သည်အထိကောင်းစွာ အသုံးချတော်မူနိုင်ကြပါစေသတည်။
သဗ္ဗေဓမ္မာ ဇင်ယော်နီ

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်