သင့်အိမ်လေး လင်းလက်တောက်ပပြီး ရိုးရိုးလေးနဲ့လှစေချင်တယ်ဆိုရင် အဖြူရောင်က အကောင်းဆုံးရွေးချယ်မှုပါပဲလို့ အိမ်တွင်းဒီဇိုင်းအလှဆင်ပညာရှင်များက ညွှန်းဆိုကြပါတယ်။ ဒါဆိုရင် တခြားအရောင်တွေထက် အဖြူရောင်မှာ ဘယ်လိုအားသာချက်တွေရှိနေလို့လဲ လေ့လာကြည့်ရအောင်။
ပထမဆုံးတစ်ချက်က တခြားအရောင်တွေထက် အလင်းပိုပြန်လို့ပါပဲ။ ဒါကြောင့်လည်း တစ်နှစ်ပတ်လုံးနေရောင်မြင်ရခဲတဲ့ ဥရောပမြောက်ဘက်ခြမ်းကနိုင်ငံတွေမှာဆိုရင် အိမ်ကို အဖြူရောင်နဲ့ အလှဆင်လေ့ရှိပါတယ်။ တခြားအရောင်တွေထက် အလင်းပြန်အား ပိုကောင်းတဲ့အားသာချက်ကြောင့်လည်း အိမ်ခန်းအကျယ်အ၀န်းကို ပိုကျယ်သယောင် ထင်ရစေပါတယ်။
နောက်ထပ်အားသာချက်ကတော့ အချိန်ကြာလို့ အရောင်မှိန်သွားတဲ့အခါ ဆေးပြန်သုတ်မယ်ဆိုရင်လည်း အလွယ်တကူပြန်သုတ်နိုင်သလို၊ တခြားအရောင်ပြောင်းချင်ရင်လည်း လွယ်လင့်တကူ ပြောင်းနိုင်လို့ပါ။
အဖြူရောင်ပေါ်မှာ အစွန်းအထင်းတွေ စွန်းသွားလည်း စိုးရိမ်စရာမလိုပါဘူး။ ၀ိုင်အနီရောင်ကွက်ကအစ ကလေးလက်ရာတွေအဆုံး ချွတ်ဆေးနည်းနည်းသုံးလိုက်တာနဲ့ အရင်လိုပြန်လည်ဖြူစင်သွားနိုင်ပါတယ်။ အရောင်ချွတ်ရင်း အောက်ခံဆေးအရောင်ထိသွားခဲ့ရင်လည်း အပေါ်မှာပြောခဲ့သလို ပြန်သုတ်လို့လွယ်တာမို့ စိတ်ပူစရာမရှိပါဘူး။
ဧည့်ခန်းဖြစ်ဖြစ်၊ အိပ်ခန်းဖြစ်ဖြစ် ပတ်ပတ်လည်နံရံကို အဖြူရောင်သုတ်ထားရင် အလှဆင်မယ့် ပရိဘောဂ၊ ထိုင်ခုံ၊ ပန်းချီကားတွေရဲ့ အရောင်ကို များများစားစား စဉ်းစားနေစရာမလိုပါဘူး။ ကိုယ်အလှဆင်ချင်တဲ့ပစ္စည်းကို အောက်ခံအဖြူရောင်ကြောင့် ကြိုက်တဲ့အရောင် ရွေးချယ်နိုင်တာလည်း နောက်ထပ်အားသာချက်တစ်ခုပါ။
အဖြူရောင်သုတ်ဆေးဟာ ဘယ်နေရာမှာမဆို ၀ယ်လို့ရသလို တခြားအရောင်တွေထက် ဈေးလည်း ပိုသက်သာပါတယ်။ ကိုယ်တိုင်လည်း အလွယ်တကူ သုတ်လို့ရတဲ့အရောင်ပါ။ အဖြူရောင်ရဲ့ သဘောကိုက စိတ်ကိုတည်ငြိမ်အေးဆေးစေသလို၊ လန်းဆန်းစေပါတယ်။ သင့်စိတ်ကူးထဲက နိဗ္ဗာန်ဘုံကိုရောက်သွားသလို၊ တိမ်တွေကြားထဲ လွင့်မျောနေသလို ခံစားမိစေတဲ့အရောင်ပါ။
အောက်ခင်းရိုးရိုး ကြမ်းခင်းပြားလေးနဲ့တောင် ပနံတင့်နေတဲ့ အဖြူရောင်ကို ရှေးအရင်ခေတ်အဆက်ဆက်ကတည်းက သုံးစွဲလာကြတာပါ။ သူရဲ့အားသာချက်တွေကြောင့် ရွေးချယ်သူတွေ ဘယ်တော့မှ ရိုးမသွားပဲ ရိုးရိုးရှင်းရှင်းလေးနဲ့အမြဲသစ်လွင်တောက်ပစေတဲ့ အရောင်ပါ။
ပုံမှန်အလှဆင်ပစ္စည်းလေးတွေတောင် အဖြူရောင်နောက်ခံနဲ့ဆို လှနေတာမို့ သင့်အိမ်လေးစတိုင်ကျပြီး သစ်လွင်တောက်ပနေချင်တယ်ဆိုရင် အဖြူရောင်က အကောင်းဆုံးရွေးချယ်မှုပါပဲလို့ ညွှန်းဆိုပေးချင်ပါတယ်။
Ref: www.stylist.co.uk
yangonlife.com မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com

No comments:
Write comments