09-790570465

09-975288547

MOAGs Admin Team

iBest Groups

NLD အစိုးရသစ်ကို စိန်ခေါ်နေသော နိုင်ငံရေးအကျပ်အတည်း

Posted by   on Pinterest

မကြာသောကာလတွင် NLD အနေဖြင့် အစိုးရတစ်ရပ်ဖွဲ့စည်းပြီး နိုင်ငံကို ဦးဆောင်တော့မည်ဖြစ်သည်။ ထိုသို့ဦးဆောင်ရာတွင် NLD ပါတီအပေါ် ယုံကြည်သက် ဝင်ပြီးသားပြည်သူတွေ ရှိသလို ယုံကြည်စိတ်မရှိသော ပြည်သူများလည်း ရှိနေသည်။
    NLD အစိုးရသစ်အပေါ် စောင့်ကြည့်နေသော ပြည်သူများကလည်း ထုနှင့် ဒေးဖြစ်သလို လက်ကမ်းနေသော အကျပ်အတည်းများကလည်း အုံနှင့်ကျင်းနှင့် ဖြစ်နေ ပေပြီ။
      အစိုးရသစ်တစ်ရပ်ပေါ်လာလျှင် ထိုအစိုးရအပေါ်၌ ပြည်သူများအားကိုးကြ သည်မှာ အစဉ်အလာလိုဖြစ်နေသည်။ ယင်းအစိုးရ လုပ်မပြနိုင်မှသာ “ဟင်” ဖြစ်ကြရ သည်။ ယခုလည်း အသစ်ဖြစ်လာမည့် NLD အစိုးရအပေါ်ကို ပြည်သူများမျှော် လင့်ကြ သည်။ အားကိုးရှာကြသည်။
    အစိုးရသစ်ဖြစ်လာမည့် NLD အနေဖြင့် စိန်ခေါ်မှုများက ကြမ်းသည်။ ပြည်သူ များ၏ မျှော်လင့်ချက်က များသည်။ အထူးသဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက် သော ကဏ္ဍများ၊ မြစ်ဆုံစီမံကိန်းကဲ့သို့သော ကိစ္စရပ်များက စောင့်ကြိုနေ သည်။ ထိုသို့ စောင့်ကြိုနေသာ အကျပ်အတည်းများကို NLD အစိုးရက မည်မျှဖြေရှင်းပေးနိုင်မည် နည်း။

NLD အစိုးရနှင့် တိုင်းရင်းသားရေးအကျပ်အတည်း

    NLD ပါတီအနေဖြင့် ၎င်းတို့ပါတီအစိုးရဖွဲ့ပြီးလျှင် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမန်းချမ်းရေးမဖြစ်မနေဆောင်ရွက်မည်ဟု ကြေညာထားသည်။ ဒီဇင်ဘာ ၁၉ ရက်နေ့ တွင် UNA နှင့် NLD တို့ပူးပေါင်းရေးအစည်းအဝေကျင်းပမည်ဟုသိရသည်။ အဆိုပါ စည်းဝေးပွဲသည်လာမည့် လွှတ်တော်သစ်တွင် ၎င်းတို့အဖွဲ့ဝင်ကိုယ်စားလှယ်များ မည်သို့ပူးပေါင်းလုပ်ဆောင်ရမည်ကိုဆွေးနွေးသွားမည်ဟု ဦးအေးသာအောင်က 7 days သတင်းစာကို ပြောကြားချက်အရသိရသည်။
    UNA သည် NLD နှင့် ပူးပေါင်းပြီး လာမည့်လွှတ်တော်သစ်တွင် တိုင်းရင်းသား အရေးကို ဦးတည်ဆွေးနွေးသွားမည်လား။ ပူးပေါင်းရုံလောက်မျှနှင့် ဆွေးနွေးသွားမည် လား။
    ထိုသို့ဆွေးနွေးပြီး တိုင်းရင်းသားအရေးကို ထိရောက်အောင် ဆောင်ရွက်နိုင်မည် လား။ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကရော ပြည်ဝပါရဲ့လား စသည့် လားပေါင်းများစွာ က NLD အစိုးရကို အကျပ်အတည်းတစ်ခုဖြစ်စေသည်။
    စာရေးသူအမြင်ကိုပြောရလျှင် ရခိုင်နှစ်ပါတီပင်လျှင် တစ်ပါတီနှင့် တစ်ပါတီ အယုံအကြည်ကင်းမဲ့နေသည်။ ပူးပေါင်းရေးကိစ္စကို ၂၀၁၄ ခုနှစ်အတွင်းကပင် အလုပ် ဆောင်ခဲ့ပေ။ ရှမ်းဆိုလျှင်လည်း ထိုနည်းတူစွာပင်ဖြစ်နေသည်။ ပါတီများ မညီညွတ် ခြင်း၏ ရလာဒ်က အချို့သော တိုင်းရင်းသားဒေသ ရွေးကောက်ပွဲတွင် ကယက် ရိုက်သွားစေသည်။
    NLD ကိုမဲပေးချင်လွန်းသောတိုင်းရင်းသားများမရှိခဲ့ပေ။ ကိုယ့်တိုင်းရင်းသားကို မယုံကြည်၍သာ NLD ကို မဲပေးခဲ့ရခြင်းများဖြစ်နေသည်။ ဆိုရလျှင် NLD ထင်မှတ်နေ သကဲ့သို့ တိုင်းရင်းသားများသည် NLD အပေါ်သို့ အကြွင်းမဲ့ ယုံကြည် နေသည် မဟုတ် ပေ။ ထို့ကြောင့် တိုင်းရင်းသားအရေးတွင် NLD အစိုးရ မည်မျှဦးဆောင်သွားနိုင်မည် နည်းဆိုသည့်အဖြေကို NLD နည်းတူ UNA အဖွဲ့ဝင်ကိုယ်စားလှယ်များလည်း စဉ်းစားထားသင့်ပေသည်။

NLD အစိုးရနှင့် အမျိုးသားရင်ကြားစေ့ရေး

    NLD အနေဖြင့် ရွေးကောက်ပွဲမစတင်မီကတည်းက  အမျိုးသားရင်ကြားစေ့ရေး အကြောင်းကို ပြောကြားခဲ့သည်။ အပ်ကြောင်းထပ်စကားရပ်ဟု စာရေးသူမြင်မိသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍သာမက ၄၃၆ ပြင်ဆင်ရေးကိစ္စရပ်များအပါအဝင် တိုင်းရင်းသားတို့အနေဖြင့် NLD အပေါ်တွင် အစာမကြေမှုများက ရှိနေသည်။ ထို့အပြင် အမျိုးသားရင်ကြားစေ့ရေးဟုသာ ဆိုခဲ့ပြီး USDP အစိုးရဦးဆောင်နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲကဏ္ဍရပ်များတွင် NLD အနေဖြင့် ပါဝင်မှုအားနည်းခဲ့သည်။
    ၎င်းတို့ပါတီအနိုင်ရပြီး အစိုးရဖွဲ့နိုင်မှသာ အပြီးသတ် ဆောင်ရွက်နိုင်တော့မည် ကဲ့သို့သော ပြောကြားချက်များကို ပြည်တွင်း သတင်းစာများတွင် ပြီးခဲ့သည့်နှစ်များ အတွင်းက တွေ့ခဲ့ရသည်။
    ဆိုရလျှင် NLD အနေဖြင့် “ထင်”တစ်လုံး လုပ်ရပ်ဟုမြင်မိသည်။ ယခုအစိုးရဖွဲ့ တော့မည့်ကာလတွင်လည်းအဆိုပါ “ထင်” တစ်လုံးလုပ်ရပ်များက လျော့မသွားပေ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအပေါ် အဆိုပါ “ထင်” တစ်လုံးလုပ်ရပ်များမလျော့ပါက အမျိုးသားရင်ကြားစေ့ရေးဆိုသည်မှာ NLD ပြောသော ပုံပြင်ဖြစ်သွားပေလိမ့်မည်။
    NLD အနေဖြင့် ဗမာပြည်သူများသာမက တိုင်းရင်းသားပြည်သူများကိုပါ လွှမ်းမိုးလိုသော ဆန္ဒကို ဖျောက်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ဗမာပြည်သူများ သည် မျက်လူံမှိတ်ယုံကြည်နေကြသော်လည်း တိုင်းရင်းသားများသည် NLD အပေါ်၌ သုံးသပ်နေကြသည်။
    ထို့ကြောင့် NLD ပြောသော အမျိုးသားရင်ကြားစေ့ရေးဆိုသည်မှာ မလွယ်ကူပေ။ ဥပမာအနေဖြင့် NLD ပါတီ၏ အနိုင်ရကိုယ်စားလှယ်များအမှိုက်ကောက်ကြသည်။ အဆိုပါ လှုံဆော်မှုတွင် ပြည်သူမည်မျှပါဝင်လာသနည်း။ မည်မျှလှုံဆော်နိုင်သနည်း။ ထို့နည်းတူစွာပင် အမှိုက်နှင့်တူသော လက်နက်များစွန့်လွှတ်နိုင်စေဖို့ NLD မည်မျှ စွမ်းဆောင်နိုင်မည်နည်းဆိုသော အချက်ကို စဉ်းစားသင့်သည်။

နိဂုံး

    ပြောရလျှင် အထက်ပါကိစ္စများတွင်သာမက အခြားသော ကဏ္ဍရပ်များကလည်း NLD အစိုးရကို စောင်ကြိုနေကြသည်။ ဘာလုပ်လုပ်ဖြစ်ရမည်ဆိုသော ဝါဒကို စွန့်လွှတ်ပြီး ဘယ်လိုလူတွေနဲ့ ပူးပေါင်းမလဲဆိုသော အချက်ကို စဉ်းစားပြီး နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းနိုင်ပါစေဟု ဆန္ဒပြုလိုက်ပါကြောင်း။
သန့်ဝေစိုး
(စာရေးသူ၏ ခွင့်ပြုချက်ဖြင့် အသုံးပြုပါသည်။)

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်