09-790570465

09-975288547

MOAGs Admin Team

iBest Groups

ရွှေအိမ်သစ်ကို တက်ရအောင်

Posted by   on Pinterest

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ခန့်က ကျွန်ုပ်သည် ဦးလှသီးဆိုသော မြန်မာဆေးဆရာကြီးတစ်ဦးနှင့် အိမ်နီးချင်းအဖြစ် နေထိုင်ခဲ့ဖူးလေ၏။ ထိုဆေးဆရာကြီး ဦးလှသီးသည် ကလေးငယ်များကိုလည်း လွန်စွာမှ ချစ်ခင်တတ်သူဖြစ်သည်။
ဆရာကြီး ဦးလှသီး၏ အိမ်တွင် အပေါများဆုံး အစားသောက်မှာ ငှက်ပျောသီးမှည့်များ ဖြစ်လေတော့၏။ ဆရာကြီး ကုသပေး၍ ပျောက်ကင်းချမ်းသာသွားကြသော လူနာများသည် များသောအားဖြင့် ငှက်ပျောသီးများဖြင့် လာ၍ ကန်တော့လေ့ရှိကြလေ၏။ အချို့သော တောအရပ်မှ လူနာများဆိုလျှင် ဧရာမ ငှက်ပျောခိုင်ကြီးများကို ထမ်း၍ သယ်လာလေ့ရှိ၏။ မကြာခဏဆိုသလိုပင် ဆရာကြီးဦးလှသီးသည် “ကလေးတို့ရေ … လာကြကွယ် …”ဟု ခေါ်ပြီးလျှင် ငှက်ပျောသီးမှည့်များကို ကျွေးလေ့ရှိ၏။ ထိုအခါတိုင်းတွင်လည်း အနီးဝန်းကျင်တွင် ဆော့ကစားနေကြသော ကျွန်ုပ်တို့ ကလေးတစ်သိုက်သည် အချင်းချင်းဆူဆူညံအောင် အော်ဟစ်၍ခေါ်ကြကာ ဆရာကြီးဦးလှသီး၏ အိမ်ထဲသို့ အပြေးအလွှားပြေးဝင်ကြလေတော့၏။ ဆရာကြီးက ထိုင်နေရာမှ ဘေးတွင် ၀ိုင်းအုံနေသော ကျွန်ုပ်တို့ကလေးများကို ငှက်ပျောသီးများပစ်၍ပစ်၍ ပေးသည်ဖြစ်ရာ သူ့ထက်ငါ အလုအယက် ဖမ်းကြရသည်မှာ လွန်စွာပျော်ရွှင်ဖွယ်ရာကောင်းလေတော့၏။ ငှက်ပျောသီးများမှာ ကလေးတစ်ဦးလျှင် သုံးလေးလုံးစီမျှမက လုံလောက်သော်လည်း ထိုသို့အယုအယက် ဖမ်းယူရသည်ကိုပင်လျှင် ကျွန်ုပ်တို့မှာပျော်၍ မဆုံး ဖြစ်ခဲ့ကြရလေ၏။
ဆေးဆရာကြီး ဦးလှသီးတွင် ဒေါ်မြသီးဟူသော ဆရာကတော်ကြီးနှင့် မောင်ရွှေသီးဟူသော ကျွန်ုပ်တို့၏ ဦးလေးအရွယ် သားတစ်ဦးရှိလေ၏။ ဆရာကတော်နှင့် သားဖြစ်သူတို့မှာလည်း ဆရာကြီးနည်းတူပင် လွန်စွာသဘောကောင်းကြလေ၏။ ဆရာကြီးက ငှက်ပျောသီးဝေသောအခါများတွင် ဆရာကတော်ကြီးက ထန်းလျက်များ၊ ပေါက်ပေါက်ဆုပ်များလာပြီး ဝေလေ့ရှိ၏။ ကျွန်ုပ်တို့က အင်္ကျီအိတ်ကပ်ကလေးများကို လက်ဖြင့်ဟထားပေးရ၏။ အိတ်ကပ်နှင့်အပြည့် ကိုရွှေသီးက ပဲကြီးလှော်များ ထည့်ပေးလေ၏။
ဤသို့ဖြင့်လျှင် ဆေးဆရာကြီးဦးလှသီး၏ အိမ်ဂေဟာကလေးသည် ထိုစဉ်က ကျွန်ုပ်တို့အတွက် လွန်စွာ ပျော်မွေ့ဖွယ် ဖြစ်ခဲ့ရလေတော့၏။
တစ်ခါတွင်မူ ဆရာကြီးဦးလှသီးတို့သည် ၎င်းတို့၏ ခြံဝင်းကျယ်ကြီးထဲမှာပင် နှစ်ဆောင်ပြိုင်အိမ်ကြီးတစ်လုံးကို အသစ်ဆောက်လေ၏ ကျွန်းတိုင်ကြီးများမှာ ကျွန်ုပ်တို့ကလေးနှစ်ဦးခန့် ၀ိုင်းပြီးဖက်မှမီလောက်အောင်ပင် ကြီးမားလေ၏။ အိမ်ဆောက်၍ ပြီးသောအခါ အိမ်ကြီးကို ရေနံချေးများ ၀နေအောင် သုတ်လေ၏။ ထိုအိမ်ကြီးဆောက်လုပ်ပြီးစီးပြီး တစ်ပတ်ခန့်ကြာလေသောအခါ ဆရာကြီး ဦးလှသီးက -
“ကလေးတို့ရေ … မနက်ဖြန် မနက်  ၉ နာရီကျရင် အဘအိမ်ကို လာခဲ့ကြလေကွယ် …”ဟု မှာလေ၏။ ထို့ကြောင့် နောက်နေ့နံနက်တွင် ကျွန်ုပ်တို့ကလေးတစ်သိုက်လည်း ဆရာကြီးဦးရွှေသီးတို့အိမ်သို့ တရုန်းရုန်းဖြင့် ရောက်သွားခဲ့ကြလေတော့၏။ အိမ်သစ်တက်ပွဲ ပြုလုပ်မည်ဟု ဆရာကတော်ကြီးက ပြောလေ၏။ နံနက်  နာရီခွဲကျော်တွင် ဆရာကြီးဦးလှသီးက မြတ်စွာဘုရားရုပ်ပွားတော်ကို ပင့်၍ အိမ်သစ်ကြီး၏အ၀င် အ၀နားတွင် ရပ်လေ၏။ ဆရာကတော်ကြီးက သောက်တော်ရေချမ်းအိုးကိုရွက်၍ နောက်မှရပ်လေ၏။ ဆရာကြီး၏သား ဦးရွှေသီးက ကျွန်ုပ်တို့ကလေးတစ်သိုက်အား ဆရာကတော်ကြီး၏နောက်နားမှ တန်းစီ၍ ရပ်စေလေ၏။ ပြီးနောက် ကျွန်ုပ်တို့ကလေးတစ်ဦးချင်းစီ၏ လက်ထဲတွင် ပစ္စည်းများလိုက်၍ ထည့်ပေးလေ၏။ အချို့ကလေးက ပြည်တောင်းထဲတွင် ဆန်ထည့်ပြီး ထမ်းထားရ၏။ အချို့ကလေးကလည်း လေးပြည်ခန့် ဆန်အိတ်ကို ထမ်းထားရလေ၏။ ငါးဆယ်သားခန့် ဆီပုံးများကိုလည်း ဆွဲထားရသူများလည်း ရှိလေ၏။ အနည်းငယ် လူကောင်ထွားသော ကလေးများက တောင်းတစ်လုံးထဲတွင် ဘူးသီးများ၊ ခရမ်းသီးများ ထည့်၍ ထမ်းရလေ၏။ အ၀တ်အထည်အထုပ်များကို ပွေ့ထားရသူများလည်းရှိ၏။ အချို့ကလည်း ထမင်းအိုးဟင်းအိုးများကို ပွေ့ထားရလေ၏။ ဘာမှန်းမသိဘဲနှင့် ကျွန်ုပ်တို့ကလေးတစ်သိုက်မှာလည်း အပျော်ကြီးပျော်နေကြလေတော့၏။
ထို့နောက် ဦးရွှေသီးက လက်မှလက်ပတ်နာရီကို အတန်ကြာကလေး ကြည့်နေပြီးနောက် -
“အဖေ … ၉ နာရီ ၄၅ မိနစ်ကို ရောက်ပါပြီ …”ဟု ပြောလိုက်သောအခါ ဆရာကြီးဦးလှသီးသည် ဘုရားကိုပင့်လျက် အိမ်သစ်ကြီးကို စ၍တက်လေ၏။ ထို့နောက်မှ ဆရာကတော်ကြီး ဒေါ်မြသီးက ရေချမ်းအိုးကိုရွက်၍ တက်လေ၏။ ကျွန်ုပ်တို့ကလေးတစ်သိုက်က နောက်မှ တန်းစီ၍ လိုက်ကြရလေ၏။ တစ်ယောက်တစ်ပေါက် တသောသောဖြင့် လွန်စွာမှ ပျော်ရွှင်ဖွယ်ကောင်းလှသော အိမ်သစ်တက်ပွဲကလေး ဖြစ်လေတော့၏။
ထို့နောက်တွင်လည်း ကျွန်ုပ်တို့ကလေးတစ်သိုက်သည် အိမ်အဟောင်းမှ ပရိဘောဂများကို သူ့ထက်ငါ အပြေးအလွှားသယ်ယူ၍ အိမ်သစ်ကြီးတွင် နေရာချကြလေ၏။ ချွေးသံတလုံးလုံးဖြင့် မောပန်းကြသော်လည်း ပျော်၍မဆုံး ရှိကြပါလေတော့၏။
မီးဖို၊ ဖိနပ်၊ ပစ္စည်းအစုတ် စသည်တို့ကိုမူ နောက်ဆုံးကျမှ သွင်းရသည်ကို သတိပြုမိလေ၏။ ကျွန်ုပ်တို့ပစ္စည်းများကို သယ်ပိုးနေစဉ်မှာပင် ရွှေမော်ဓောကျောင်းတိုက်မှ ဆရာတော်အမှူးပြုသည့် သံဃာတော်ငါးပါး ကြွချီတော်မူလေ၏။ ဆရာကြီးတို့ ဇနီးမောင်နှံက အသင့်ချက်ပြုတ်ထားသော ဆွမ်းပွဲများပြင်၍ အိမ်တက်တရားနာပြီး ဆွမ်းကပ်ကြလေ၏။ ကျွန်ုပ်တို့ကလေးများထဲမှ မိန်းကလေးများက ၀ိုင်း၍ ကူကြလေ၏။ အိမ်နီးချင်းအချို့လည်း ရောက်လာပြီး တရားနာကြလေ၏။
ဆရာတော်များ ပြန်ကြွသွားချိန်တွင် ပစ္စည်းအားလုံးလိုလိုသည် အိမ်သစ်ကြီးသို့ ပြောင်းရွှေ့နေရာချထားပြီး ဖြစ်နေလေတော့၏။ အသေးစိတ်ကိုမူ တဖြည်းဖြည်းနေရာချထားမည်ဟု ဆရာကြီးဦးလှသီးဇနီး ဒေါ်မြသီက ပြောလေ၏။ ထို့နောက် ထမင်းဝိုင်းများပြင်ကာ အိမ်နီးချင်းများနှင့် ကျွန်ုပ်တို့ကလေးများအား ကျွေးလေ၏။ ဆရာကြီးတို့မိသားစုလည်း တစ်ပေါင်းတည်းစားလေ၏။ လွန်စွာမှ မြိန်ယှက်၍ ပျော်ရွှင်ဖွယ် ကောင်းလှပါလေတော့၏။
ထိုအိမ်ကြီးသို့တက်ပြီး လပိုင်းအတွင်းမှာပင် ဆရာကြီးတို့ မိသားစုသည် စီးပွားသိသိသာပို၍ တက်သွားလေတော့၏။ ဆရာကြီး၏ သားမှာလည်း ထိုခေတ်က လွန်စွာရှားရှားပါးပါး ပင်လယ်ကူးသင်္ဘောသား ဖြစ်သွားခဲ့လေ၏။
နောင်တစ်ချိန်တွင် ကျွန်ုပ်သည် အဘဆရာကြီးမင်းသိင်္ခထံသို့ ရောက်ရှိသွားကာ ဗေဒင်ဆရာတစ်ဦးဖြစ်လာ သောအခါ ဆေးဆရာကြီးဦးလှသီးသည် အိမ်သစ်တက်မင်္ဂလာကို စနစ်တကျ နိမိတ်ကောင်းယူ၍ ပြုလုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သတိမူမိတော့လေ၏။
မိတ်ဆွေအပေါင်းတို့သည်လည်း အိမ်သစ်၊ ဆိုင်သစ်၊ အဆောက်အုံသစ်တက်ရန် ကြုံလာပါက စနစ်တကျ မင်္ဂလာနိမိတ်ကောင်းယူလိုပါသော် -
(၁) အိမ်ထောင်ဦးစီး၊ လုပ်ငန်းဦးစီးသူ၏ မွေးနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် အိမ်သစ်တက်မင်္ဂလာကို ပြုလုပ်နိုင်ပါသည်။
(၂) အိမ်ထောင်ဦးစီး (သို့) လုပ်ငန်းဦးစီးသူက မြတ်စွာဘုရားကို ပင့်၍ ရှေ့ဆုံးမှ တက်ရပါသည်။
(၃) အိမ်ထောင်ဦးစီးကတော် (သို့) အခြားကြီးကဲသူများက ဘုရားသောက်တော်ရေချမ်းအိုး (သို့) မိသားစုများ သောက်ရန် ရေအိုး၊ ရေပုံးကိုပိုက်၍ တက်ရပါမည်။ ရေ၏ အေးချမ်းငြိမ်းချမ်းသောဓာတ် ရေကို သားသော် အကြားမထင် ဆိုသကဲ့သို့ ဥမကွဲ သိုက်မပျက် စည်းလုံးညီညွတ်သော နိမိတ်ကို ယူခြင်းဖြစ်ပါသည်။
(၄) ထို့နောက် စားနပ်ရိက္ခာများကို သွင်းရပါမည်။ ဤအိမ် ဤမိသားစုတွင် စားရေးရိက္ခာပေါများကြွယ်ဝသော နိမိတ်ကို ယူခြင်းဖြစ်ပါသည်။
(၅) ပြီးနောက် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ၊ အ၀တ်အထည်များ၊ အသုံးအဆောင် ပရိဘောဂများကို သွင်းရပါသည်။
(၆) ထင်း၊ မီးဖို၊ ဖိနပ်စသော ပူလောင်နိမ့်ညံ့သည့် ပစ္စည်းများကိုမူ နောက်ဆုံးကျမှ သွင်းရပါသည်။
(၇) ထိုနေ့မှာပင် အိမ်သစ်တက်မင်္ဂလာအဖြစ် သံဃာတော်များကို ဆွမ်းကပ်ခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်း၊ အိမ်နီးချင်းများနှင့် မိတ်ဆွေများကို ဒါနပြုခြင်း ပြုလုပ်ရပါသည်။
(၈) အိမ်သစ်တက်မင်္ဂလာတွင် အိမ်ထောင်ဦးစီး၏ နေ့နံအလိုက် အဓိကလှူဒါန်းဒါနလုပ် စားသောက်သင့်သော အစားအသောက်များမှာ
တနင်္ဂနွေသားသမီးဆိုလျှင် မုန့်ဟင်းခါး၊ ကော်ဖီ၊ ကြက်သားဟင်း။
တနင်္လာသားသမီးဆိုလျှင် နန်းကြီးသုပ်၊ ထောပတ်ထမင်း၊ ကြက်သားဟင်း။
အင်္ဂါသားသမီးဆိုလျှင် အုန်းနို့ခေါက်ဆွဲ၊ အုန်းထမင်း၊ ထောပတ်ထမင်း။
ဗုဒ္ဓဟူးသားသမီးဆိုလျှင် မုန့်ဟင်းခါး၊ ကော်ဖီ၊ ကြက်ဆီထမင်း၊ ကြက်သားဟင်း
ကြာသပတေးသားသမီးဆိုလျှင် ကြာဆံကြော်၊ ကြာဆံချက်၊ ခေါက်ဆွဲကြော်၊ ကြက်သားဟင်း၊ ကြက်ဆီထမင်း။
(၉) အိမ်သစ်တက်မင်္ဂလာဆင်နွှဲသောနေ့တွင် အိမ်ထောင်ဦးစီး၊ ယာဉ်ဦးစီး၏ နေ့နံကို လိုက်၍အောက်ပါအတိုင်း ပန်းများ၊ ဝေဆာနေအောင် မြတ်စွာဘုရားတွင် လှူဒါန်းရပါမည်။ သောက်တော်ရေကြမ်း။ အလင်းတိုင်၊ နံ့သာတိုင်များလည်း လှူဒါန်းရပါမည်။
တနင်္ဂနွေသားသမီးများ မေမြို့ပန်း၊ သပြေပန်း၊ ကံ့ကော်ပန်း၊ ငွေပန်း၊
အင်္ဂါသားသမီးများ သပြေပန်း၊ နှင်းဆီပန်း၊ စံပယ်ပန်း၊
ဗုဒ္ဓဟူးသားသမီးများ ကံ့ကော်၊ မေမြို့၊ အုန်းညွှန့်၊ အုန်းပန်း၊ ငွေပန်း၊
ကြာသပတေးသားသမီးများ စံပယ်၊ သပြေ၊ ငွေပန်း၊ ကံ့ကော်၊
သောကြာသားသမီးများ ရွက်လှ၊ ရွှေပန်း၊ နှင်းဆီ၊ စံပယ်၊
စနေသားသမီးများ မေမြို့၊ အုန်းညွန့်၊ အုန်းပန်း၊ ရွက်လှ၊ ရွှေပန်း စသည်ဖြင့် ဖြစ်ပေတော့၏။
မိတ်ဆွေများတွင် အကြောင်းကြုံကြိုက်လာသောအခါ၌ အထက်ပါအစီအစဉ်များအတိုင်း အိမ်သစ်တက်၊ ဆိုင်သစ်တက်မင်္ဂလာကို ဆောင်ရွက်ခြင်းအားဖြင့် အတိတ်နိမိတ်ကောင်းများ ရရှိကာ ပို၍ပို၍ ကျန်းမာချမ်းသာ စီးပွားတက်ကြပါစေသတည်း …။
သဗ္ဗေဓမ္မာ
ဇင်ယော်နီ

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်