ဖြစ်တည်မှု ပဓာန၀ါဒ (Existentialism) ကို ယနေ့တိုင် မည်သူမျှ မငြင်းဆိုနိုင်သေး။ မှန်ကန်ကြောင်း ကျိုးကြောင်း ဆီလျော်သော ဖြစ်တည်မှု (Authentical Existentialism) ဖြစ်အောင် ကြိုးစားဖို့သာ လိုသည်။ အယူအဆ သဘောတရားရေးရာ (သီအိုရီ) အရ မှန်ကောင်း မှန်နိုင်သော်လည်း အကျိုးစီးပွားခြင်း ယှဉ်လာသောအခါ (ထာဝရရန်သူ/မိတ်ဆွေ-မရှိ၊ ထာဝရ အကျိုးစီးပွားသာ ရှိသည်) ဆင်ခြင်မှု ကင်းမဲ့သော (Irrationalism) ဘက်သို့ ရွေ့စေသော ကြီးမားသည့် တွန်းအားတစ်ခု ဖြစ်ပေါ်လာစေတော့သည်။
ယုတ္တိကင်းမဲ့သော Absurdity ကိုပင် အမှန်တရားဟု လက်ခံလာခဲ့ကြတော့သည် (ရပ်ခံသော ရှုထောင့်အရ)။ Authentic Existence ဟူသော မှန်ကန်သည့် ဖြစ်တည်မှုနှင့် ဆင်ခြင်မဲ့ Irrationalism တို့ ထိပ်တိုက် တွေ့ဆုံလာသောအခါ (Conventional Morality) ဟူသော အစဉ်အလာ အကျင့်တရားများ တိုက်စားခံရတော့သည်။
ကမ္ဘာကြီးကို ချောက်ချားစေခဲ့သော IS အကြမ်းဖက်မှု၊ ကျန်နိုင်ငံများ၏ တုံ့ပြန်မှုသည် လက်တွေ့ကျသော ဥပမာ ဖြစ်လာခဲ့၏။ ဒီမိုကရေစီတွင် များရာလား၊ မှန်ရာလား ဟူသော စိန်ခေါ်မှုကို Popular Vote တို့ဖြင့် ဆုံးဖြတ်ရာမျိုး ဖြစ်လာခဲ့သည်။
ယုံကြည်မှု အရွေ့အပြောင်း
အရစ္စတိုတယ်သည် သြဇာကြီးသော အတွေးအခါ် ပညာရှင်တစ်ဦး ဖြစ်၏။ သူ၏ သဘောတရားများမှာ ယနေ့တိုင် သြဇာတစ်စုံတစ်ရာ သက်ရောက်ဆဲ ရှိနေတုန်း ဖြစ်သည်။ သူ့ခေတ်လွန်တွင် Hedonism 'laom ဘ၀ ပျော်ရွှင်မှု စံပြုအယူအဆ အင်အားကောင်းလာခဲ့သည်။ အလယ်ခေတ်သို့ ရောက်လာသောအခါ ဟီးဗရူး အစဉ်အလာ (Hebrew Tradition) နှင့် ဂရိအစဉ်အလာ (Hellenistic of Greek Tradition) တို့ သြဇာကြီးလာခဲ့ကြပြီး ဟီးဗရူးက လူသတ္တ၀ါတို့၏ ဖြစ်တည်မှု၊ ယုံကြည်မှု အပေါ် အလေးပေးကာ၊ ဂရိအစဉ်အလာက အကြွင်းမဲ့ သဘောတရားနှင့် ဆင်ခြင်တုံတရား အပေါ် အားထား စဉ်းစားလာခဲ့ကြသည်ကို တွေ့ရသည်။
St. Augustine, St. Thomas Aquinas, Tertullian တို့ အလယ်ခေတ်တွင် ထင်ရှားလာခဲ့ပါသည်။ ဂရိအစဉ်အလာနှင့် ဟီးဗရူး အစဉ်အလာကို အတိုင်းအတာ တစ်ခုအထိ ပေါင်းစည်းပေးနိုင်ကြသူများ ဖြစ်လာကြသည်။ ခရစ်ယာန် ဘာသာ သြဇာ ကြီးမားလာစေရန် ဒဿန အမြင်များဖြင့် ဖြည့်စွက် အင်အား တိုးပွားစေနိုင်ခဲ့သည်။
မိမိတို့ ငယ်စဉ်က 'ဟဲ့ကောင်လေး. . . ငရဲကြီးလိမ့်မယ်' ဟုဆိုလျှင် ဘာသာရေးကို ၀င်ရောက်မဆွေး နွေးရဲခဲ့တော့ပေ။ ကမ္ဘာအနှံ့ဆိုင်ရာ ဘာသာရေးများတွင်လည်း ထိုအတိုင်းသာ ဖြစ်၏။ အများစုမှာ အစဉ်အလာ ဘာသာရေး အပေါ်၌သာ ရပ်ခံနေကြသောကြောင့် ဖြစ်ပါ၏။ အလယ်ခေတ်က အင်အား ကြီးမားခဲ့သော ဘာသာရေးကို ခေတ်သစ်သိပ္ပံက အတိုင်းအတာ တစ်ခုအထိ စိန်ခေါ်မှု ရှိလာသကဲ့သို့ Reasoning ဟူသော ဆင်ခြင်မှု၊ ကြောင်းကျိုး ဆီလျော်မှု တို့ကလည်း သိပ္ပံကို ထပ်မံစိန်ခေါ်လာခဲ့သည်။
ဥပမာ - လူနှင့် တိရစ္ဆာန်မျိုးစပ်ကို သိပ္ပံ၏ စမ်းသပ်မှုအပေါ် ဆင်ခြင်တုံဘက်က ကန့်ကွက်သည့် အခြေအနေမျိုး ဖြစ်သည်။ Hegel က ဆင်ခြင်တုံနှင့် ကြောင်းကျိုးဆီလျော်မှုကို အလေးထားခဲ့ပြီး သူ၏ကြိုးစားမှုကြောင့် ထိုသဘောတရားမှာ အထွတ်အထိပ် ရောက်သွားအောင် သြဇာ ကြီးမားခဲ့ပါသည်။ ဟေဂယ်၏ ထိုသဘောတရားသည် ယနေ့တိုင် ကြီးမားသော သြဇာဖြန့်ကြက်ဆဲပါ။
Kant ဟူသော ပညာရှင်က ဆင်ခြင်တုံတရားသည် အကြွင်းမဲ့ အမှန်တရား မဟုတ်သည့် ရှုထောင့်မှရပ်ခံပြီး ဟေဂယ်ကမူ အကန့်အသတ် မရှိသော အဆုံးစွန် အမှန်တရား (Ultimate Reality) ဖြစ်သည်ဟူသောဘက် ဆုပ်ကိုင်ထားခဲ့ကြသည်။
Kant က အဆင့်သုံးဆင့်ဖြင့် သရုပ်ခွဲခဲ့၏။ အတွေ့အကြုံ ဟူသော Experience သည် အသိပညာ (သုတပညာ) Knowledge ၏ မူရင်းအစ ဖြစ်ပြီး၊ A priori ဟူသော ဆင်ခြင်မှုဖြင့် သိနိုင်သော 'တွေ့ကြုံ ရှေ့ပုံစံ' ၏ ပံ့ပိုးမှုနှင့်သာ မှန်ကန်သော အသိဖြစ်လာသည်ဟု ခွဲခြမ်းစိတ်ဖြာပြခဲ့၏။ 'ကန့်' ၏ ကျော်ကြားသော အဆိုတစ်ရပ် ဖြစ်သည့် (A perception without conception is blind and a conception without perception is empty) ဟူသော သဘောတရားမှာ ယနေ့စီမံခန့်ခွဲမှု ဘာသာရပ် အပေါ်တွင် များစွာ သြဇာကြီးမားလျက် ရှိနေပါသေးသည်။
'အတွေ့အကြုံ အာရုံမပါသော ဆင်ခြင်တုံ တရားသည် အကန်းနှင့်တူပြီး၊ ဆင်ခြင်မှု မပါသော အတွေ့အကြုံသည်လည်း အချည်းအနှီး သက်သက်မျှသာ ဖြစ်သည်' ဟူသော အဓိပ္ပာယ် ဖြစ်ပါ၏၊
လက်ဝဲ၊ လက်ယာအားပြိုင်ခဲ့သော နိုင်ငံရေးဝါဒများကြား ကျဆုံးသွားသော၊ အောင်မြင်သွားသော အကြောင်းအရင်းများကို ကန့်၏ သဘောတရားဖြင့် ချိန်ထိုးကြည့်နိုင်ပါလိမ့်မည်။ မြန်မာနိုင်ငံ၏ အပြောင်းအလဲ ရှေ့ဆက်ရမည့် ခရီးတွင်လည်း များစွာအသုံးဝင်လိမ့်မည်ဟု ယုံကြည်ရပါ၏။
တရားသေ ဖက်တွယ်ထားမှုမျိုးကို ရှောင်ရှားနိုင်ရန် ထောက်ပြခြင်းသာ ဖြစ်ပါသည်။ Conte 'ကွန့်' သည် ပြင်သစ် အတွေ့အကြုံ အဓိက၀ါဒီ (French Positivism) ဖြစ်ပြီး၊ အသိပညာသည် အတွေ့အကြုံပေါ် အခြေခံပြီးမှ ဖြစ်လာသည် ဟူသော အယူအဆကို ပံ့ပိုးခဲ့ပါ၏။
အမေရိကန် မှာပင်လျှင် ကော်ပိုရေးရှင်းများ ပြိုင်ဆိုင်ကြရာ MBA အတော်ဆုံး ကျောင်းသားများကို လုပ်ငန်းခွင်တွင် ချက်ချင်းခန့်ထား ဆုံးဖြတ်စေခဲ့ရာ အရှုံးပေါ်ခဲ့ဖူးသည့် အမှားတစ်ရပ်ကို ကျူးလွန်ခဲ့ဖူးပါသည်။ ပြန်လည် သုံးသပ်ပြီး ထိုအတော်ဆုံး MBA များကို အတွေ့အကြုံရင့် စီမံခန့်ခွဲမှု အရာရှိအောက်တွင် တစ်နှစ်၊ နှစ်နှစ်ထားရှိ၍ အတွေ့အကြုံ ယူစေပြီးမှ လုပ်ငန်း တာဝန်ပေးသည့် စနစ်ကို ကျင့်သုံးတော့မှ အောင်မြင်ခဲ့သည်ကို တွေ့ရသည်။
သီအိုရီ သက်သက်ဖြင့် မအောင်မြင်နိုင်၊ သီအိုရီကို ကျေညက်ပြီး လက်တွေ့လုပ်ငန်း လုပ်ကိုင်ဖူးသူများကို စေခိုင်းခြင်းဖြင့် အောင်မြင်မှုကို ရရှိစေနိုင်သည့် သဘောဖြစ်ပါ၏။ ပါမောက္ခ တစ်ဦးသည် စာသင်ခန်းထဲတွင် စာသင်သားများကို သီအိုရီ သင်ကြားပေးနိုင်သော်လည်း လက်တွေ့လုပ်ငန်း အောင်မြင်အောင် မစွမ်းဆောင်နိုင်ချေ။
လက်တွေ့ လုပ်ငန်းရှင် တစ်ဦးကို သီအိုရီ ရယူစေပြီး၊ ပြန်လည် အသုံးချနိုင်ပါမှ အောင်မြင်မည်ဟူသော သင်ခန်းစာကို အမေရိကန်တို့ ကိုယ်တွေ့ကြုံခဲ့ဘူးခြင်း ဖြစ်ပါ၏။
အကျိုးစီးပွား၊ ကိုယ်ကျင့်တရား တန်ဖိုး
မည်သို့ပင် နိုင်ငံရေးဝါဒ သဘောတရားများက ဆိုထားစေ၊ လူမှုရေး သဘောတရား၊ စီးပွားရေး သဘောတရားများ ဆိုထားစေကာမူ အကျိုးစီးပွား အခြေခံ အားကြီးလွန်းလာသဖြင့်၊ ကိုယ်ကျင့်တရား တန်ဖိုး (Ethical Value) မှာ တိုက်စား ခံလာရတော့သည်။ ထိုသောအခါ ဆင်ခြင်တုံတရား၊ ကိုယ်ကျင့်တရား တန်ဖိုးနှင့် အကျိုးစီးပွားတို့ ထိပ်တိုက်တွေ့မှုလည်း မရှောင်သာမလွှဲသာ ဖြစ်လာရတော့၏။
ဒီမိုကရေစီ၏ ကြီးမားသော စိန်ခေါ်မှုခံတစ်ခုမှာ အမှန်လား (The Right) နှင့်များရာ (The Mass) တွင် ထင်ရှားစွာ တွေ့နိုင်သည်။ Popular Vote ကို အခြေခံ၍ အနိုင်ကြဲရသည်၊ Popular Vote သည် The Mass ဖြစ်သဖြင့် The Right ကို မရနိုင်၊ မရှောင်နိုင်တော့ဘဲ The Mass ကိုသာ မျက်လုံးမှိတ် ရွေးချယ်ကြရတော့၏။
တစ်ခါတစ်ရံတွင် လက်တွေ့လောက၌ တကယ့် အဖြစ်အပျက်များသည် သီအိုရီ၊ သဘော တရားရေးရာ တို့ကို မျက်ကွယ်ပြုကြရသည် များလည်း ရှိတတ်ကြောင်း တွေ့ရသည်။ အတွေ့အကြုံ ရှိကြသူများက အတွေ့အကြုံ နည်းပါးသူတို့ကို အသုံးချသွားတတ်ကြသည်ကို တွေ့ရသည်။
(၁၃. ၁၁. ၁၅) တွင် ပါရီမြို့ကို အကြမ်းဖက်သမားများ လေးနေရာခွဲ၍ တိုက်ခိုက်ရာ လူပေါင်းရာချီ၍ သေဆုံးခဲ့ကြသည်။ IS ကို အကြမ်းဖက် သမားများ အဖွဲ့ဟု တစ်ကမ္ဘာလုံးက သတ်မှတ်ကြ၏။ ဆီးရီးယားရှိ IS ကို တိုက်ခိုက်ကြရာတွင်လည်း နေတိုးအုပ်စု ပါဝင်ခဲ့သည်။
ပါရီမြို့ကို အကြမ်းဖက် တိုက်ခိုက်ပြီး တစ်ပတ်ခန့် အကြာတွင် ရုရှားသမ္မတ ပူတင်က KGB ကို သတင်းတစ်ခု ထုတ်လွှင့်စေသည်။ ထိုသတင်းက အတော်ဂယက် ထသွားသည်ဟု ဆိုနိုင်သည်။ IS ကို ကမ္ဘာ့နိုင်ငံပေါင်း (၄၀) ကျော်က ထောက်ပံ့ပေးနေပြီး G-20 နိုင်ငံအချို့ပင် ပါဝင်နေသည် ဟူသော သတင်းဖြစ်သည်။
ကမ္ဘာ့ပြည်သူများကို မြင်ကွင်းတွင် တစ်မျိုးပြ၍ မြင်ကွင်း နောက်ကွယ်တွင် တစ်မျိုးလုပ်သော လုပ်ရပ်ဖြစ်၍ ကိုယ်ကျင့်တရားကို စဉ်းစားနိုင်ပါလိမ့်မည်။
ဒြပ်မဲ့စဉ်းစားခြင်းနှင့် ယုတ္တိဗေဒတို့ ထိပ်တိုက်တိုး
ကတ်ကီးကတ် (Kierkegaard) ၏ အယူအဆက တစ်မျိုးဖြစ်သည်။ ဒဿနပညာ ဆိုသည်မှာ Way of Life ဟူသည့် ဘ၀လမ်းညွှန်မှုမျိုးသာ ဖြစ်သဖြင့် ပြင်ပလောကထက် တစ်ဦးချင်းစီ၏ အတွေ့အကြုံကို ပို၍ဦးစားပေးသည့် သဘောတွေ့ရသည်။ ဤသဘောတရားပေါ် အခြေခံခဲ့ရာ Abstract Thinking ဟူသော ဒြပ်မဲ့ စဉ်းစားခြင်း၊ သိပ္ပံနည်းကျ စဉ်းစားခြင်း (Scientific Thinking) နှင့် ယုတ္တိတန် စဉ်းစားခြင်း (Logical Thin-king) တို့ကို လက်ခံခဲ့သူ မဟုတ်ချေ။
သိပ္ပံနည်းကျ စဉ်းစားခြင်းတွင် ရှေ့တွေ့ရှိချက်ကို နောက်တွေ့ရှိချက်က လွှမ်းမိုးထားသဖြင့် အမှန်တရားဟု ယူဆနိုင်ရန် ခဲယဉ်းလှသည်ကို ထောက်ပြထားသည်။ သိပ္ပံတွင် တိကျမှန်ကန်မှုများမှာ သံသယဖြစ်ဖွယ်ရာ အများအပြား ရှိနေပါသည် ဟုလည်းဆိုသည်။ ဂိုဒဲ (Gödel) ၏ သင်္ချာပညာရပ်မှ တွေ့ရှိချက်များက သိပ္ပံပညာရပ်၏ အားနည်းချက်များကို ထောက်ပြနေပါသည်ဟု ဆို၏။
ပြီးပြည့်စုံသော သင်္ချာ စနစ်တစ်ခုကို ဘယ်သောအခါမျှ တည်ဆောက်၍ မရသလို ပြီးပြည့်စုံသော ရူပဗေဒ အခြေခံ သိပ္ပံပညာရပ်သည်လည်း မရှိနိုင်ဟု ဆိုသည်။ အိုင်စတိုင်း၏ ကမ္ဘာကျော် နှိုင်းရသီအိုရီ၊ The General Relativity Theory သည်ပင်လျှင် ထောက်ပြစရာများ ထွက်ပေါ်နေကြောင်း ယနေ့ပညာရှင်များက ဆိုလာခဲ့ရာ ကတ်ဂီးဂတ် အဆိုကို ထောက်ခံထားသလိုတော့ ရှိရ၏။
ပညာရှင် ကမျူးစ် (Camus) က ကိုယ့်ကျင့်ဆိုင်ရာ အစစ်အမှန်များ (Spiritual Realities) အပေါ် အခြေခံသော သဘောတရားကို ထုတ်ဖော်ခဲ့သည်။ ဖြစ်တည်ခြင်း သဘောထက် အနှစ်သာရ သဘောကို အလေးထားသည် (Essence precedes existence) ဟူ၍ဖြစ်သည်။ ပြောင်းပြန်ကျသော ဖြစ်တည်ခြင်းက အနှစ်သာရထက် ပို၍အခြေခံကျသည် (Existence precedes essence) နှင့် ထိပ်တိုက် တိုးပြန်ပါတော့သည်။
ယနေ့ ကမ္ဘာကြီး ရင်ဆိုင်နေရသော ပြဿနာများသည် ဤအယူအဆ ထိပ်တိုက်တိုးမှုမှ မွေးဖွားလာခဲ့သော ရလဒ်များဟု ယူဆနိုင်စရာ ဖြစ်လာသည်။ ဒီမိုကရေစီသည် လူမှုအဖွဲ့အစည်းတို့၏ အေးချမ်းစွာ၊ ယဉ်ကျေးစွာ တိုးတက်ရာ တိုးတက်ကြောင်းဟု ယူဆ ကျင့်သုံးနေကြပါသော်လည်း၊ နိုင်ငံများစွာတွင် အင်အားကြီး နိုင်ငံများနှင့် အင်အားငယ် နိုင်ငံများကြား အကွာအဟက ပို၍ကြီးမားလာနေကြောင်း သုံးသပ်လာမိခဲ့ကြသည်။
ဒီမိုကရေစီနှင့် အရင်းရှင်စနစ် ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံထဲမှာပင် လူတန်းစား အကွာအဟ ကြီးမားလာမှုကို အစိုးရများက မထိန်းသိမ်းနိုင်ကြောင်းကိုလည်း တွေ့နေပြန်၏။ ဒုတိယ ကမ္ဘာစစ် ၀န်းကျင်က ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီး ဟိုးဝပ်ဟူးခ်ျထက် ဘီလ်ဂိတ်က (၂၅) ဆပို၍ ချမ်းသာ လာခဲ့သော်လည်း အခြေခံ လူတန်းစားတို့၏ ၀င်ငွေမှာ (၂၅) ဆထက် မတိုးတက်လာခဲ့သေးချေ။
ဤတွင် ဖြစ်တည်မှုက ပို၍အခြေခံကျသလား၊ အနှစ်သာရက ပို၍ အခြေခံကျသလား ဟူသည့် ဒီဘိတ်ကပို၍ ကျယ်ပြန့်လာပါတော့၏။ ထို့အတူ ကိုယ့်ကျင့်တရား တန်ဖိုး (Ethical Value) ကို ဦးစားပေးမလား၊ အကျိုးစီးပွားဆိုင်ရာ (Interest) ကို ဦးစားပေးမလား ဆိုသည်ကလည်း စိန်ခေါ်မှု တစ်ရပ် ဖြစ်လာပြန်သည်။
မြန်မာ့ အကူးအပြောင်း ဒုတိယ သက်တမ်းကို ကျော်ဖြတ်ကြမည့် ခေါင်းဆောင်များ တစ်စုံတစ်ရာ စဉ်းစားနိုင်ရန် အတွေးတစ်ခုသာ ဖြစ်ပါသည်…။
နေဇင်လတ် Credit; Messanger မှကူးယူဖော်ပြသည်။
ဆင်ခြင်မဲ့ ဖြစ်တည်မှုဝါဒနှင့် အကျိုးဆက်များ
Subscribe to:
Post Comments (Atom)
No comments:
Write comments